သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၅ နိုင်ငံထက်မနည်း တောင်ဆူဒန်နိုင်ငံသစ်ကို အသိအမှတ်ပြု


၁၅ နိုင်ငံထက်မနည်း တောင်ဆူဒန်နိုင်ငံသစ်ကို အသိအမှတ်ပြု
၁၅ နိုင်ငံထက်မနည်း တောင်ဆူဒန်နိုင်ငံသစ်ကို အသိအမှတ်ပြု

သောကြာနေ့ သန်းခေါင်ယံ အချိန်ကမှ နိုင်ငံသစ်တခုအဖြစ် ကမ္ဘာမှာ ပေါ်ပေါက်လာတဲ့ တောင်ဆူဒန် သမ္မတနိုင်ငံကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေ ရှိလာနေပါပြီ။ အမေရိကန်၊ ဗြိတိန်၊ ရုရှားနဲ့ တရုတ် စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အပါအဝင် နိုင်ငံ ၁၅ ခုက တောင်ဆူဒန်ကို နိုင်ငံတခုအဖြစ် အသိအမှတ် ပြုထားပြီလို့ The Sudan Tribune သတင်းစာမှာ ဖော်ပြထားပါတယ်။

မနေ့ကစပြီး နိုင်ငံသစ်အဖြစ် ပေါ်ပေါက်လာကြောင်း တရားဝင် လွတ်လပ်ရေး အခမ်းအနားကို တောင်ဆူဒန်မြို့တော် ဂျူဘား (Juba) မှာ ကျင်းပခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း နိုင်ငံသစ်တခု မွေးဖွားလာတာကို ကြိုဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံကို အပြင်းအထန် ကြိုးစားပြီး ထူထောင်ကြတဲ့ နေရာမှာ အမေရိကန်ဟာ တောင်ဆူဒန် ပြည်သူတွေရဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်လာပါလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံသစ်အဖြစ် အသိအမှတ်ပြုတဲ့ အထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron)၊ ရုရှားသမ္မတ ဒီမီထရီ မယ်ဗီယဲဒက်ဖ် (Dmitry Medvedev) နဲ့ အိန္ဒိယ၊ အစ္စရေး၊ ကင်ညာနဲ့ ပြင်သစ်နိုင်ငံက ခေါင်းဆောင်တွေကလည်း ကြေညာချက်တွေထုတ်ပြီး ကြိုဆို အသိအမှတ်ပြုကြောင်း ပြသခဲ့ကြပါတယ်။

တရုတ်ဟာ အရင် ဆူဒန်နိုင်ငံ ဘဝမှာကတည်းက ရင်းနှီးခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခု တောင်ဆူဒန်က နိုင်ငံအသစ် ဖြစ်လာတော့လည်း ငြိမ်းချမ်းရေးနဲ့ ဆက်ဆံရေးတွေ ကောင်းမွန်အောင် အားစိုက်ပြီး လုပ်ဆောင်သွားပါ့မယ်လို့ ပြောပါတယ်။

တရုတ်ဟာ ဆူဒန်ကထွက်တဲ့ ရေနံတွေကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး ရေနံထုတ်လုပ်ရေး လုပ်ငန်းတွေကြောင့် တောင်နဲ့မြောက် ဆူဒန် ၂ နိုင်ငံအကြား တင်းမာမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ရေနံထွက်တဲ့နေရာ အများစုက တောင်ဆူဒန်ဘက်မှာ ရှိနေတာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ ရေနံထုတ်လုပ်ရေးတွေကို ၂ နိုင်ငံအကြား ဘယ်လိုမျှေ၀ လုပ်ကိုင်ကြမယ် ဆိုတာနဲ့ နယ်စပ်သတ်မှတ်ရေး ကိစ္စတွေကို မဖြေရှင်းရသေးပါဘူး။

XS
SM
MD
LG