သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်နိုင်ငံ ကုလသမဂ္ဂ ၁၉၃ ခုမြောက် အဖွဲ့ဝင်ဖြစ်လာ


တောင်ဆူဒန်နိုင်ငံ ကုလသမဂ္ဂ ၁၉၃ ခုမြောက် အဖွဲ့ဝင်ဖြစ်လာ
တောင်ဆူဒန်နိုင်ငံ ကုလသမဂ္ဂ ၁၉၃ ခုမြောက် အဖွဲ့ဝင်ဖြစ်လာ

ဇူလိုင်လ ၁၄ ရက်နေ့က ကုလသမဂ္ဂရဲ့ ၁၉၃ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတဲ့ တောင်ဆူဒန်နိုင်ငံရဲ့ အလံတော်သစ်ကို နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ပထမဆုံး စတင်လွှင့်ထူတဲ့ အခမ်းအနား ကျင်းပခဲ့တာမှာ သံတမန်တွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

လူမည်းအများစုဖြစ်တဲ့ တောင်ဆူဒန်မှာ ဒီနှစ်ဆန်း ပြုလုပ်ခဲ့တဲ့ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ဖြစ်တဲ့ တောင်ဆူဒန် လွတ်လပ်ရေးကို ဂုဏ်သိက္ခာရှိရှိနဲ့ အကောင်အထည် ဖော်ခဲ့ကြတဲ့အတွက် ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှား (Omar al-Bashir) နဲ့ တောင်ဆူဒန် သမ္မတ ဆယ်လ်ဗာ ခီးယား (Salva Kiir) တို့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ချီးကျူးခဲ့ပါတယ်။

တောင်ဆူဒန်ဟာ စဉ်းစားလို့တောင် မရနိုင်တဲ့ ဆုံးရှုံးမှုတွေ၊ ဒုက္ခသုက္ခတွေကို ကြီးမားစွာ ခံစားခဲ့ရပြီးတဲ့နောက် အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတွေရဲ့ မိသားစုထဲမှာ နေရာမှန်ကို ရရှိသွားခဲ့ပြီလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ်စ် ဆူဆန် ရိုက်စ် (Susan Rice) က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒါဖါအာလာ အယ်လ်ဟက်ခ် အလီ အိုစမန် (Daffa-Alla Elhag Ali Osman) ကလည်း ခါးသည်းတဲ့ အတိတ်ကို အတိတ်မှာပဲ ထားရစ်ခဲ့ပြီးတော့ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အနာဂတ် အကျိုးကို ရှေ့ရှုပြီး ဆူဒန်နိုင်ငံက သယ်ပိုး ထမ်းဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တောင်ဆူဒန်ဟာ ကုလသမဂ္ဂ အဝန်းအဝိုင်းထဲမှာ တာဝန်သိသိနဲ့ နိုင်ငံတကာ ပြဋ္ဌာန်းချက်တွေအောက်မှာ လေးစားလိုက်နာ ရပ်တည်သွားမှာ ဖြစ်တယ်လို့ တောင်ဆူဒန် ဒုတိယသမ္မတ ရိပ်က် မာချာ (Reik Machar) က ပြောကြားခဲ့ပါတယ်။ ဆူဒန်မှာ ၂၁ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG