သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်မြို့တော်ကို သူပုန်တွေလက်က စစ်တပ်ပြန်သိမ်း


တောင်ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သူပုန်စစ်သားတွေ သိမ်းပိုက်ထားတဲ့ ပြည်နယ်မြို့တော် ၂ ခုအနက် ၁ ခုကို အစိုးရတပ်က ပြန်လည် သိမ်းယူလိုက်တယ်လို့ တောင်ဆူဒန်အစိုးရက ပြောပါတယ်။

Jonglei ပြည်နယ် မြို့တော် Bor ကို အစိုးရတပ်တွေက ပြန်လည်သိမ်းယူလိုက်ပြီလို့ အစိုးရက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးထားပါတယ်။ အဲဒီမှာ သူပုန်တပ်ဖွဲ့တွေကို ရှင်းလင်းမှု စစ်ဆင်ရေး လုပ်နေပြီလို့ ဆိုပါတယ်။

Bor မြို့တွင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတာကို ဒေသခံ ရေဒီယိုဌာန တခုက ကြေညာပါတယ်။ မျက်မြင်တွေပြောအရလည်း သူပုန်တွေက အဲဒီကနေ ဆုတ်ခွာသွားပြီဆိုတာ အတည်ပြုလို့ရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ အင်္ဂါနေ့တုန်းက တောင်ဆူဒန်အရေး မဲခွဲ ဆုံးဖြတ်ချက် ထွက်ခဲ့ပါတယ်။ တောင်ဆူဒန်ကို နောက်ထပ် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်း တပ်သား ၅ ထောင့် ၅ ရာ စေလွှတ်ဖို့ ဆုံးဖြတ်ပါတယ်။

ဒီအရေအတွက်နဲ့ပါဆိုရင် တောင်ဆူဒန်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းတပ်သား ၁ သောင်း ၂ ထောင့် ၅ ရာ ရှိသွားပြီဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြိုးပမ်းရာကနေ တိုက်ပွဲတွေ ဖြစ်ပြီးကတည်းကဆိုရင် တောင်ဆူဒန်မှာ လူပေါင်း ရာဂဏန်းသေဆုံးခဲ့ပြီး၊ လူပေါင်း ၈ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Dinka နဲ့ Nuer လူမျိုးနွယ်စုနှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာပါ။ အမေရိကန် မရိန်းတပ်သား ၁၅၀ ကို Djibouti ကို လွှတ်လိုက်ပြီလို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အဲဒီမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်ပြီး၊ အမေရိကန်ပိုင်တွေကို အကာအကွယ်ပေးဖို့ တောင်ဆူဒန်ကို အဲဒီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖို့ ရှိနေပြီလို့ ပြောပါတယ်။

Unity ပြည်နယ် မြို့တော် Bentiu မှာတော့ လူသေအလောင်း အစုလိုက်အပြုံလိုက် တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အင်္ဂါနေ့မှာ ပြောပါတယ်။ အဲဒီမှာ လူသေအလောင်း ၁၄ လောင်းတွေ့ရပြီး၊ အနီးအနား မြစ်ဘေးမှာလည်း အလောင်း ၂၀ တွေ့ရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG