သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်ရောက် အမေရိကန်နိုင်ငံသားများကို ကယ်ထုတ်


တောင်ဆူဒန်နိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့ Bor မြို့မှာ အစိုးရတပ်တွေနဲ့ သူပုန်တွေအကြား တိုက်ပွဲတွေဆက် ဖြစ်နေချိန်မှာ အဲဒီ Bor မြို့ရောက် အမေရိကန်နိုင်ငံသားတွေကို ဘေးမသီရန်မခ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေနဲ့ တခြားမိတ်ဖက်နိုင်ငံတွေကနိုင်ငံသားတွေကို ကုလသမဂ္ဂနဲ့ အမေရိကန်အရပ်သုံးရဟတ်ယာဉ်တွေနဲ့ တင် ဆောင်ပြီး Bor မြို့ကနေ Juba မြို့တော်ကို တနင်္ဂနွေနေ့မနက်က ပို့ပေးနိုင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အလားတူ ကယ်ဆယ်ဖို့ စစ်ဆင်ရေးတရပ်ကို စနေနေ့က ကြိုးစားခဲ့ရာမှာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တဲ့ သေနတ်သမားက အမေရိကန် စစ်လေယာဉ်ကို ပစ်ခတ်ခဲ့လို့ အမေရိကန် စစ်သည် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

သမ္မတအိုဘားမားက တောင်ဆူဒန်နိုင်ငံရှိ အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့အတွက် အရေးယူတာတွေ ဒီထက်မက ပိုလုပ်ပေးနိုင်ဖွယ် ရှိတယ်လို့ ကွန်ကရက်လွှတ်တော်ကို တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။ ဟာဝိုင်ယီမှာ အပန်းဖြေခရီးရောက်ရှိနေတဲ့ သမ္မတအိုဘားမားက တောင်ဆူဒန်က အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ရာမှာ ကူညီနိုင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၄၆ ယောက်ကို စနေနေ့က စေလွှတ်ခဲ့တယ်လို့ လွှတ်တော်ခေါင်းဆောင်တွေကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ Juba မြို့ရှိအမေရိကန်သံရုံးမှာ ရှိနှင့်ပြီးသား အမေရိကန်စစ်သည် ၄၅ ယောက် အပြင် ထပ်မံ စေလွှတ်တာဖြစ်ပါတယ်။

တောင်ဆူဒန်နိုင်ငံမှာ အခုတလော တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတဲ့ Jonglei ပြည်နယ် Bor မြို့ကို သူပုန်တွေက စီးနင်း ထိန်းချုပ်လိုက် တယ်လို့ တောင်ဆူဒန်အစိုးရကပြောပါတယ်။

တောင်ဆူဒန်နိုင်ငံရဲ့ Dinka တိုင်းရင်းမျိုးနွယ်စုဝင်ဖြစ်တဲ့ သမ္မတ Salva Kiir က Nuer တိုင်းရင်းအနွယ်ဝင် ဒုသမ္မတဟောင်း Riek Machar ဟာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်လို့စွပ်စွဲပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်း လူ ၅၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ တိုက်ပွဲတွေစတင်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂဝင်းထဲက အရပ်သားဝန်ထမ်း ၃ သောင်းခွဲ ဘေးလွတ်ရာထွက်ပြေးခဲ့ကြပြီးဖြစ်ပါတယ်။
XS
SM
MD
LG