သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ကို အာရုံစိုက်ဖို့ စစ်တပ်ကို ဖိလစ်ပိုင်သမ္မတတိုက်တွန်း  


တရုတ်ကမ်းခြေစောင့်သင်္ဘောကနေ စစ်တပ်သုံးလေဆာရောင်ခြည်နဲ့ ထိုးခဲ့ပုံကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တွေ့ရှိခဲ့ပုံ။ (ဖေဖော်ဝါရီ ၆၊ ၂၀၂၃) 
တရုတ်ကမ်းခြေစောင့်သင်္ဘောကနေ စစ်တပ်သုံးလေဆာရောင်ခြည်နဲ့ ထိုးခဲ့ပုံကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တွေ့ရှိခဲ့ပုံ။ (ဖေဖော်ဝါရီ ၆၊ ၂၀၂၃) 

{{Zawgyi/Unicode}}

တောင်တရုတ် ပင်လယ် အရေး အငြင်းပွားမှု တိုးလာပြီး တရုတ်-အမေရိကန် ကြားက ပြိုင်ဆိုင်မှု ပြင်းထန်လာနေတာကြောင့် ဖိလစ်ပိုင် စစ်တပ်ရဲ့ အဓိက တာဝန်က နိုင်ငံရဲ့ ပိုင်နက် နယ်မြေကို ကာကွယ်ဖို့ ဖြစ်လာပြီလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာက ပြောလိုက်ပါတယ်။ စီဘူပြည်နယ်အလယ်ပိုင်းမှာ တနင်္လာနေ့ နေ့လည်ပိုင်းက ဖိလစ်ပိုင်းတပ်ဖွဲ့ဝင်တွေကို ပြောတဲ့မိန့်ခွန်းမှာ တိုင်းပြည်ရဲ့ နယ်နမိတ်တွေ ခြိမ်းခြောက်ခံနေရလို့ ပြင်ပရန် ကာကွယ်ဖို့ က အရေးတကြီး အာရုံစိုက်စရာ ဖြစ်လာပြီလို့ သမ္မတက ဆိုပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်က တောင်တရုတ်ပင်လယ်မှာ စစ်တပ်သုံး လေဆာရောင်ခြည် အသုံးပြုတာကို ကန့်ကွက်ဖို့အတွက် ဖိလစ်ပိုင်ဘက်က တရုတ်သံအမတ်ကို ဆင့်ခေါ်ပြောဆိုပြီး နှစ်ပတ်အကြာမှာ အခုလို ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ တရုတ်ရဲ့ လေဆာရောင်ခြည် အသုံးပြုခဲ့တဲ့ ဖြစ်စဉ်မှာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောက တပ်သားတချို့ ယာယီ အမြင်အာရုံထိခိုက်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အတွင်း နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတာမှာ တရုတ်ဘက်က ရန်လိုမှုတွေ တိုးလာနေလို့ ဖိလစ်ပိုင်ဘက်က ပြီးခဲ့တဲ့ တနှစ်အတွင်း အကြိမ် ၂၀၀ ကျော် သံတမန်နည်းအရ တရုတ်ကို ကန့်ကွက်ခဲ့ရပါတယ်။

တရုတ်ကလည်း ဖိလစ်ပိုင်သင်္ဘောတွေဟာ တရုတ်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာလို့ ပြန်လည် စွပ်စွဲခဲ့ပြီး ဒါကို ခြေရာခံနိုင်ဖို့အတွက် လူကို အန္တရာယ် မပြုနိုင်တဲ့ လေဆာရောင်ခြည်ကိုသာ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ တောင်တရုတ်ပင်လယ်တခုလုံးကို တရုတ်နိုင်ငံကသာ ပိုင်တယ်လို့လည်းဆိုပါတယ်။

ဖိလစ်ပိုင်ဘက်ကတော့ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခဲ့ပြီး အိမ်နီးချင်း အားလုံးနဲ့လည်း နားလည်မှုရှိခဲ့ပေမယ့် အခု အခြေအနေတွေက ပြောင်းလဲလာလို့ ဒါနဲ့ လိုက်လျောညီထွေဖြစ်အောင် စစ်တပ်ရဲ့ အဓိက တာဝန် ကို ချိန်ညှိရမယ်လို့ ဆိုပါတယ်။ တိုင်းပြည် အပြည့်အဝ လုံခြုံ ရေး အတွက် ဖိလစ်ပိုင်လေတပ်အနေနဲ့ ကြီးမားတဲ့ တာဝန်ကြီးကို ထမ်းဆောင်ရမယ်လို့ ဖိလစ်ပိုင် သမ္မတက ပြောပါတယ်။

မားကိုစ့်ရဲ့ မိန့်ခွန်းမှာ တရုတ်နိုင်ငံကို အတိအကျ ထုတ်‌ဖော် ပြောဆိုသွားတာမျိုး မရှိသလို ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ငြိမ်းချမ်းရေးကို လိုလားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဖိလစ်ပိုင်ဟာ နိုင်ငံငယ်တခုဖြစ်ပေမဲ့ အချုပ်အချာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်သလို ၊ နိုင်ငံအတွက် တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့လည်းရှိတာကြောင့် ဖိလစ်ပိုင်နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်စစ်တပ်ဟာ မွတ်စလင် စစ်သွေးကြွအဖွဲ့နဲ့ ကွန်မြူနစ်တွေရဲ့ သောင်းကျန်းမှုကို ဆယ်စုနှစ်များစွာ နှိမ်နင်းပြီးတဲ့နောက်မှာတော့ နိုင်ငံရဲ့ ပင်လယ်နယ်နိမိတ်ကာကွယ်ရေးကို အာရုံစိုက်လာတာပဲ ဖြစ်ပါတယ်။

စစ်အင်အားကိုလည်း တိုးချဲ့နေပြီး လေကြောင်းနဲ့ ပင်လယ်ပြင်ကင်းလှည့်မှုတွေ တိုးတက်စေဖို့နဲ့ ကျွန်းစုနဲ့ ကျယ်ပြန့်လှတဲ့ ကမ်းရိုးတန်းကို ကာကွယ်ရာမှာ အဟန့်အတား နည်းနိုင်သမျှ နည်းစေဖို့အတွက် ရည်ရွယ်ပြီး လက်နှက်ပစ္စည်း အများအပြားကို ခေတ်မီတိုးတက်အောင် ပြုလုပ်နေပါတယ်။

အမေရိကန်နဲ့ ၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးသဘောတူစာချုပ်အရ ဖိလစ်ပိုင်မှာ အမေရိကန်စစ်တပ်တွေ အလှည့်ကျတပ်စွဲထားမှုကို ခွင့်ပြုခဲ့ပြီး၊ မကြာသေးခင်ကပဲ နောက်ထပ်စစ်စခန်း လေးခုထပ်မံဖွင့်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ တရုတ်အစိုးရ ငြိုငြင်မှာကို စိုးရိမ်တဲ့ အရင်သမ္မတ ဒူတာတေးရဲ့ မူဝါဒ ကနေ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

လက်ရှိတောင်တရုတ်ပင်လယ်မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဘရူနိုင်း နိုင်ငံတွေဟာ နယ်မြေပိုင်ဆိုင်မှုအတွက် တင်းမာမှုတွေ ဖြစ်နေကြတာပါ။ တရုတ်ရဲ့ ကျယ်ပြန့်တဲ့ နယ်နိမိတ် တောင်းဆိုနေတာကို တန်ပြန်ဖို့နဲ့ အဲဒီဒေသမှာ လွတ်လွတ်လပ်လပ် လှည့်လည် သွားလာနိုင်ရေးကို အားပေးဖို့ အတွက် အမေရိကန် ရေတပ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ ဟာ အဲဒီမှာ ကင်းလှည့်ပေးနေပါတယ်။

တရုတ်က သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေတဲ့ ကျောက်ဆောင် ခုနှစ်ခုအပေါ်မှာ ဒုံးကျည်ကာကွယ်ရေးစခန်းတွေ တည်ဆောက်ပြီးတဲ့နောက်မှာတော့ အငြင်းပွားမှုတွေဟာ ပိုမိုပြင်းထန်လာနေတာပါ။ ဒါ့အပြင် ဒီအငြင်းပွားမှုဟာ အာရှတိုက်မှာ တရုတ်နဲ့ အမေရိကန် အင်အားကြီးနှစ်နိုင်ငံကြားက အားပြိုင်စရာ မျက်နှာစာ တခုလည်း ဖြစ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

==============


{{Unicode}}















XS
SM
MD
LG