ရှေ့နှစ်ကျရင် ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်မယ့် ပုဂ္ဂလိက ဒုံးပျံနဲ့ အာကာသ လွန်းပျံတွေပေါ်မှာ လိုက်ပါကြမယ့် အာကာသယာဉ်မှူး ၉ ယောက်ကို အမေရိကန်အာကာသ အေဂျင်စီ NASA ကကြေညာခဲ့ပါတယ်။
အမျိုးသား အာကာသယာဉ်မှူး ၇ ယောက် အမျိုးသမီး အာကာသယာဉ်မှူး ၂ ယောက်ပါဝင်ပြီး အများစုက အာကာသထဲသွားတဲ့ အတွေ့အကြုံရှိသူတွေ ၂၀၁၁ ခုနှစ်က နောက်ဆုံး နိုင်ငံတကာ အာကာသစခန်းဆီသွားခဲ့ကြတဲ့ ခရီးစဉ်မှာပါတဲ့ ယာဉ်မှူးတွေဖြစ်ကြပါတယ်။ NASA က ရွေးချယ် လေ့ကျင့်ထားတဲ့ အာကာသ ယာဉ်မှူးတွေကို ပုဂ္ဂလိက အာကာသဒုံးပျံ လွန်းပျံတွေနဲ့လွှတ်တင်မယ့် အမေရိကန် အာကာသအစီအစဉ်ရဲ့ ထူးခြားမှု တခုအဖြစ် မြင်ရနိုင်ပါတယ်။
အာကာသကို လွှတ်တင်မယ့် လွန်ပျံယာဉ်တွေကို SpaceX ကုမ္ပဏီနဲ့ Boeing ကုမ္ပဏီတွေက တည်ဆောက်တာဖြစ်ပါတယ်။ အဲဒီဒုံးပျံ လွန်းပျံယာဉ်တွေက အာကာသယာဉ်မှူးတွေ၊ အာကာသ စူးစမ်းရေးနဲ့ဆိုင်တဲ့ ပစ္စည်တွေကို ကမ္ဘာပတ် လမ်းကြောင်းထဲမှာရှိတဲ့ နိုင်ငံတကာအာကာသ စခန်း ဆီကို အသွားအပြန် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
NASA က အာကာသစခန်းဆီသွားတဲ့ အစီအစဉ်ကို ၂၀၁၁ ခုနှစ်မှာ ကုန်ကျစရိတ် ကြောင့် ရပ်ဆိုင်းခဲ့ ပြီးနောက် အာကာသယာဉ်မှူးတွေ နိုင်ငံတကာအာကာသ စခန်းဆီသွားဖို့ ရုရှားကို အားကိုးနေရတာ ဖြစ်ပါတယ်။
အာကာသယာဉ်မှူးတွေကို နိုင်ငံတကာအာကာသစခန်းဆီ အသွားအပြန် ပို့ ဆောင်ပေးမယ့် လွန်းပျံယာဉ်တွေ တည်ဆောက်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီ တွေ ဖြစ်တဲ့ SpaceX ကို ဒေါ်လာ ၂.၆ ဘီလျံ၊ Boeing ကို ဒေါ်လာ ၄.၂ နဲ့ စာ ချုပ်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီ ၂ ခုလုံးက သူတို့ရဲ့ ဒုံးပျံ လွန်းပျံ ယာဉ်တွေကို ဒီနှစ် ကုန်ပိုင်း ဒါမှမဟုတ် ရှေ့နှစ်ဆန်းမှာ စမ်းသပ်ပျံသန်းနိုင်ဖို့ မျှော်လင့်ထား ပါတယ်။
အာကာသယာဉ်မှူးတွေပါတဲ့ ပထမဆုံး ခရီးစဉ်ကိုတော့ ၂၀၁၉ နွေဦးပေါက် ဒါမှမဟုတ် နွေရာသီ လောက်မှာ ပျံသန်းနိုင်ဖို့ ခန့်မှန်းထားပါတယ်။