သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalonia လွတ်လပ်ရေးကြေညာခြင်း ရှိမရှိ ရှင်းလင်းစွာ စပိန်ဝန်ကြီးချုပ်သိလို


 စပိန်ဝန်ကြီးချုပ် Mariano Rajoy
စပိန်ဝန်ကြီးချုပ် Mariano Rajoy

စပိန်နိုင်ငံ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Catalonia ဒေသ ခေါင်းဆောင်တွေ အနေနဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာလိုက်ပြီးလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုတဲ့အကြောင်း စပိန်ဝန်ကြီးချုပ် Mariano Rajoy က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

ခွဲထွက်ခွင့်ရရေး ကြိုးပမ်းနေတာတွေကို ဗဟိုအစိုးရက တုံ့ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အစိုးရအဖွဲ့နဲ့ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက်မှာပဲ ပြောဆိုလိုက်တာပါ။

စပိန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြဌာန်းချက်အရ လွတ်လပ်ရေး ကြေညာခြင်း ရှိ-မရှိ ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်ကြောင်းနဲ့ ဗဟိုအစိုးရအနေနဲ့ Catalonia ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆိုင်းငံ့ထားခွင့်ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာခဲ့ပေမဲ့ ဗဟိုအစိုးရနဲ့ ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး၊ လက်တွေ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကိုတော့ ဆိုင်းငံ့ထားကြောင်း Catalonia ဒေသ ခေါင်းဆောင် Carles Puigdemont ကပြောဆိုခဲ့ပြီး နောက်တရက်မှာပဲ အစိုးရက အရေးပေါ်အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

စပိန်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ Catalonia ဒေသ ခေါင်းဆောင်တွေအနေနဲ့ ခွဲထွက်ဖို့ ဆုံးဖြတ်ချက်ချပြီး ဖြစ်တာကြောင့် ဆွေးနွေးညှိနှိုင်းဖို့ မဖြစ်နိုင်ကြောင်းနဲ့ လွတ်လပ်ရေး ကြေညာချက်ကိုလည်း လက်မခံကြောင်း ပြောဆိုခဲ့တာပါ။ Catalonia ဒေသ ခေါင်းဆောင် ပွတ်ဂျ်မွန် ကတော့ သီးခြားလွတ်လပ်တဲ့ သမ္မတနိုင်ငံအဖြစ် နိုင်ငံတာဝန်တွေကို စတင်တာဝန်ယူလိုက်ပြီဖြစ်ကြောင်း မနေ့ညကပဲ Catalonia ဒေသ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေက လွတ်လပ်ရေးရယူလိုကြောင်း သက်သေပြခဲ့ပြီး ဖြစ်သလို၊ ရှေ့လာမယ့် သီတင်းပတ်တွေအတွင်း ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် လွတ်လပ်ရေး ကြေညာချက်ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း လွှတ်တော်မှာ ပြောကြားခဲ့တာပါ။ အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲကို စပိန်ဗဟိုအစိုးရက တရားမဝင်ကြောင်း ကြေညာထားပေမဲ့၊ ဆန္ဒမဲပေးသူ အများစုကတော့ ခွဲထွက်ဖို့ သဘောထားပေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG