သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁-၁၂ အတွက် ရသုံးငွေဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း


၂၀၁၁-၁၂ အတွက် ရသုံးငွေဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း
၂၀၁၁-၁၂ အတွက် ရသုံးငွေဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း

လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ရသုံးငွေဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီဥပဒေကို ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက ပြဋ္ဌာန်းခဲ့တာကြောင့် လွှတ်တော်အစည်းအဝေးတွေ မစခင်၊ အခြေခံဥပဒေ တရားဝင် အာဏာမတည်ခင်မှာ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ကြေညာတာလည်း မရှိခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်နေ အသေးစိတ် စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့ကျရင် စတင်မယ့် ဘဏ္ဍာရေးနှစ် အသစ်အတွက် နိုင်ငံတော် ရသုံးငွေဆိုင်ရာ ဥပဒေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ပြဋ္ဌာန်းခဲ့တဲ့အကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ကြေညာခဲ့တာ မဟုတ်ပါဘူး။ ဒီကြေညာချက်ပါတဲ့ ဂျာနယ်တစောင်ကတော့ ဖေဖော်ဝါရီလ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ ဖေးဗရိတ်ဆိုတဲ့ဂျာနယ် ဖြစ်ပါတယ်။ အဲဒီဂျာနယ် စာမျက်နှာ ၃ မှာပါတဲ့ ကြေညာချက် တစိတ်တပိုင်းကို ကိုယ်တိုင် ဖတ်ပြခဲ့တာကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။

“နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များက ဘဏ္ဍာငွေ အရ၊ အသုံးဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ဒီလောက်ပဲ ပါတယ်ဗျ။”

ဖေးဗရိတ်ဂျာနယ်အပြင် ကျန်တဲ့ ပြည်တွင်းထုတ် ဘယ်ဂျာနယ်တွေမှာ ပါသေးတယ် ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

နိုင်ငံတခုမှာ အရေးကြီးလှတဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေကို ဘယ်လိုခွဲေ၀ သုံးစွဲနေတယ်ဆိုတာ အခွန်ထမ်းလူထု သိအောင် အတိအကျ ထုတ်ပြန်ကြေညာ မပေးခဲ့တာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကာလကတည်းကလို့ ဆိုရမှာပါ။ အခု ဥပဒေပြဋ္ဌာန်းတာကတော့ သာမန်လူထု မဆိုထားနဲ့၊ မကြာသေးခင်ကမှ လူထုက ရွေးကောက် တင်မြှောက်လိုက်ပြီး အခုအခါမှာ လွှတ်တော်အစည်းအဝေးတွေ တက်ရောက်နေကြတဲ့၊ တိုင်းပြည်ရဲ့ ဥပဒေ အသီးသီးကို ပြဋ္ဌာန်းဖို့ အဓိက တာဝန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ မသိကြပါဘူး။

လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အခြေခံဥပဒေကို လိုက်နာစောင့်ထိန်းပါ့မယ်လို့ ကတိသစ္စာ ပြုထားရတဲ့အတွက် အခြေခံဥပဒေအရ လုပ်ဆောင်တဲ့ အခုလို ကိစ္စမျိုးမှာ ဘာမှ ဝေဖန်ထောက်ပြခွင့် မရှိပါဘူးလို့ လွှတ်တော်အစည်းအဝေးတွေ တက်နေတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

“အခြေခံဥပဒေက ဒီလို အခွင့်အလမ်းတွေကို ပေးထားတယ်ဆိုတဲ့ အချိန်မှာတော့ ကျနော်တို့က အခြေခံဥပဒေ အတိုင်းပဲ ပြောရ၊ ဆိုရတော့မှာကိုး။ နောင် Back Date တွေကျတော့ ဒီအခြေခံဥပဒေအရ မကိုက်ညီဘူး၊ မဆောင်ရွက်ဘူး ဆိုရင်လည်း ကျနော်တို့က ဝေဖန်ဆွေးနွေး ထောက်ပြရတော့မှာကိုး။ အခုအချိန်ကတော့ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ လုပ်ပိုင်ခွင့်အတိုင်း ဆောင်ရွက်နေသမျှကတော့ ကျနော်တို့က လွှတ်တော်အပေါ် မတင်လာတဲ့ အပေါ်မှာ ကျနော်တို့ကတော့ ပြောလို့ဆိုလို့ မရသေးဘူးလေ။”

လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့ စနစ်တကျ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ နိုင်ငံတော် ဘဏ္ဍာငွေကို ဘယ်လို ခွဲဝေသုံးစွဲမယ် ဆိုတာ ပြဋ္ဌာန်းတော့မယ်ဆိုရင် လူထုသိအောင် ထုတ်ပြန် ကြေညာပေးသလို လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးပြီး သင့်တော်၏၊ မသင့်တော်၏ စဉ်းစားဆုံးဖြတ်ကြ၊ သတင်းမီဒီယာတွေကနေ ထောက်ပြ ဝေဖန် ရေးသားကြပြီးတော့ ပွင့်လင်းမြင်သာအောင် လုပ်ကြပါတယ်။

အခု မြန်မာနိုင်ငံမှာ နိုင်ငံတော် ရသုံးငွေဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းတာကကျတော့ လွှတ်တော်အစည်းအဝေးတွေ မစခင်လေးမှာကိုပဲ ကပ်ပြီး ပြဋ္ဌာန်းလိုက်တာပါ။

ဒီလိုဥပဒေမျိုးကို လွှတ်တော်ကနေ ပြဋ္ဌာန်းတာကသာ သင့်လျော်ပါတယ်လို့ သုံးသပ်သူက ဗဟု ဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်း ဖြစ်ပါတယ်။

“ဘတ်ဂျက်ဥပဒေနဲ့ ပတ်သက်လို့ သူ့အတွင်းမှာ ဘာတွေ ဖော်ပြထားလဲဆိုတာ တိတိကျကျ မတွေ့ရသေးတော့ သုံးသပ်ဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့လည်း အခုလုပ်ငန်းစဉ်ကို ပြန်ကြည့်မယ်ဆိုရင် တော်တော်ကို လုပ်ထုံးလုပ်နည်း မကျတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ကျနော်ဆိုလိုတာက လွှတ်တော်ကြီး ရှိလျက်သားနဲ့၊ လွှတ်တော်က တိုင်းပြည်မှာ ဥပဒေပြုတဲ့ အနေအထားမှာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သင့်တာ။ ဒါကို ကြိုပြီးတော့ ဆုံးဖြတ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒီဥပဒေကို ချထားတာကလည်း အခုလက်ရှိ လွှတ်တော်တက်နေတဲ့ ကိုယ်စားလှယ်တွေတောင် သိရဲ့လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

“နောက်တခုက ဒီနေ့ လွှတ်တော် ကျင်းပနေတဲ့ပုံက တရက်ကို ၁၅ မိနစ်လောက်ပဲ ကျင်းပနေတဲ့ အခါကျတော့ လူတွေကလည်း အခု ၁၅ မိနစ်လွှတ်တော်လို့ ပြောနေတဲ့ အနေအထား ဖြစ်လာတယ်။ တကယ်ပြောကြေးဆိုရင် ၁၅ မိနစ် မဟုတ်ဘဲ ပိုနေတဲ့ အချိန်တွေမှာ လွှတ်တော်မှာ ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ အသေအချာကို စနစ်တကျ လေ့လာ သုံးသပ်မယ့် ကော်မတီမျိုးတရပ် ဖွဲ့ပြီးတော့ မူကြမ်း တင်သွင်းပြီးတော့ ဒါကို အတည်ပြုခိုင်းတယ်ဆိုရင် ပိုပြီးတော့ သင့်လျော်ပါတယ်။”

ဒီအတောအတွင်းမှာပဲ ဒီကနေ့ ဆက်ပြီးကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ သောကြာနေ့က အမည်စာရင်း တင်သွင်းထားတဲ့ ဒေါက်တာထွန်းရှင်ကို ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် စာရင်းစစ်ချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ရွေးကောက်ခံ သမ္မတက အမည်စာရင်း တင်သွင်းခဲ့ပြီးတော့ မနက်ဖြန် အစည်းအဝေးမှာ အတည်ပြုရေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG