ရွေးကောက်ပွဲ မတိုင်မီမှာကတည်းက တင်းမာမှုတွေ ကြီးထွားနေတဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုကြောင့် အထိအခိုက် အကျအဆုံးတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုချိန်ထိ နှစ်ဘက် တပ်အင်အား တိုးချဲ့ပြီး အခြေအနေကတော့ တင်းမာနေဆဲပါ။ ဒီအခြေအနေ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်ဘက် မန်စီမြို့နယ်အတွင်း ကေအိုင်အေ ထိန်းချုပ်ထားတဲ့နယ်မြေ တားမြစ်နေရာမှာ မြန်မာတပ်ဘက်က သူတို့နယ်မြေထဲ ၀င်ရောက်လာရာက ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာလို့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တာဝန်ရှိသူတွေက ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၃ ရဲ့ တပ်ရင်း ၂၇ နဲ့ မြန်မာစစ်တပ် ခလရ ခြေလျှင်တပ်ရင်း ၁၅ တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားရာမှာတော့ အထိအခိုက်တွေပါ ရှိခဲ့တယ်လို့လည်း ကေအိုင်အေ အရာရှိတယောက်က ကချင်ဘာသာနဲ့ အခုလို ပြောပါတယ်။
“မဖြတ်ရဘူးလို့ တားမြစ်ထားတာ ဒီအတောအတွင်းမှာပဲ တားမြစ်ထားတယ်။ အဲဒီနေရာကို ဖြတ်လာတဲ့အတွက် ကေအိုင်အေ ထောင်ထားတဲ့မိုင်း မိတယ်လို့ ကြားတယ်။ နောက်ပြီး တားမြစ်ထားတဲ့ နယ်မြေကို ကျော်ဖြတ်တဲ့အတွက် ကေအိုင်အေဘက်က စပစ်တာ။ ကားနဲ့တက်တဲ့အတွက် ပစ်ခတ်ရာမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ အဲဒီ ကားရပ်ထားပြီး ပြန်နောက်ဆုတ်သွားတယ် ပြောတယ်။ ဒါပေမဲ့ သူတို့ ပြန်တက်လာရင်တော့ တိုက်မှာပဲ။”
ကေအိုင်အေက သူတို့ထိန်းချုပ်ရာ နယ်မြေထဲ ၀င်ရောက်လာတဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်ရာမှာ လုံခြုံရေးအတွက် ထောင်ထားတဲ့ မြေမြှုပ်မိုင်းဒဏ် ခံရတာတွေ ရှိတယ်လို့လည်း နယ်စပ်အသိုင်းအ၀န်းက ပြောကြပါတယ်။ ဒီအတွက်လည်း မြန်မာစစ်တပ်ဘက်မှာ အထိအခိုက်တွေ ရှိခဲ့တဲ့အကြောင်း ကချင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တရုတ်နယ်စပ် အခြေစိုက် စစ်ရေးအကဲခတ် လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“ဗမာအစိုးရဘက်ကတော့ မနက်က ဒေသထဲကို ၀င်လာတဲ့ ခလရ ၁၅ တပ်ရင်းမှူးစီးတဲ့ ကားက မိုင်းနင်းမိတယ်ခင်ဗျ။ မိုင်းကြောင့် ကားပေါ်ပါလာတဲ့လူ ၈ ယောက် ဒဏ်ရာရပြီးတော့ လောလောဆယ် သိတာကတော့ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ယဉ်ထွေးက မန်ဝင်းကြီး အရောက်မှာ ကျသွားပြီ။ ကျန်တဲ့ ၇ ယောက်လည်း ဒဏ်ရာပြင်းပါတယ်။”
မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ ကေအိုင်အေဘက်က ထိခိုက်ဒဏ်ရာရတာကို အသေအချာ မသိရသေးဘူးလို့လည်း ကေအိုင်အေက ပြောပါတယ်။ တိုက်ပွဲတွေဟာ ကေအိုင်အေ တားမြစ်ထားတဲ့ နယ်မြေတွေ ဖြစ်ကြတဲ့ ပုန်းလိန်မန်ကန်နဲ့ ပုန်းလိန်ဒိန်ဖရူဆိုတဲ့ ရွာတွေမှာ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲငြိမ်သွားပေမဲ့ နှစ်ဘက်တပ်တွေ တိုးချနေဆဲ ဖြစ်တဲ့အတွက် အခြေအနေတွေဟာ အေးဆေးသွားမယ့်ပုံ မရှိဘူးလို့လည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
“မန်ဝင်းဘက်က ခမရ ၃၁၉ တပ်ရင်း အင်အားဖြည့်ပါတယ်။ ဆက်တိုက်မယ့် အခြေအနေတော့ မတွေ့ရသေးပါဘူး။ ပြောဖို့တော့ ခက်တယ်။ သူတို့ဘက်က တပ်ရင်းမှူးတောင် ထိသွားတယ်ဆိုတော့ သူတို့ဘက်က တခုခုတော့ ပြန်လုပ်မယ့် သဘောတော့ ရှိနိုင်တာပေါ့။”
စက်တင်ဘာလကနေစပြီး ကေအိုင်အေတပ်က အဓိကနေရာတွေမှာ လုံခြုံရေး ယူထားတာဖြစ်ပြီး အခုချိန်မှာလည်း ကေအိုင်အေကို မြန်မာစစ်တပ်ကလည်း ရန်စသလိုမျိုး တားမြစ်ထားတဲ့ နေရာတွေမှာ အတင်းဝင်ရောက်ပြီး နေရာတိုင်းမှာ တိုက်ပွဲဖြစ်ဆဲ အခြေအနေတွေ ဖြစ်နေတယ်လို့လည်း ကေအိုင်အေ အရာရှိက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းဖို့နဲ့ လက်နက်ချဖို့ ရာဇသံပေးခဲ့တာကို ငြင်းဆန်ခဲ့တဲ့နောက်ပိုင်း ၁၉၉၄ ခုနှစ် ကတည်းက စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ ကေအိုင်အိုကို သောင်းကျန်းသူ အဖွဲ့အဖြစ် အစိုးရ သတင်းစာတွေမှာ ဖော်ပြခဲ့ပြီး အခြေအနေတွေ တင်းမာလာခဲ့တာပါ။ ဒီနောက်မှာတော့ နှစ်ဘက် လုံခြုံရေးတွေ တင်းကျပ်ထားရာကနေ အခုလို ပထမဆုံး စတင် ပစ်ခတ်မှုတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။