သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေပြဋ္ဌာန်း


ပြည်ပကရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ပြီး စီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်လိုက်ပါတယ်။
ပြည်ပကရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ပြီး စီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁-မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အထူးစီးပွားရေးဇုန် အတွက် ဥပဒေတွေကို ပြဋ္ဌာန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပကရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက် တစိတ်တပိုင်းနဲ့ အထူးစီးပွားရေး ဇုန်နယ်မြေ အတွက် ဥပဒေတွေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး အခြေအနေတွေ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို ဥပဒေထုတ်ပြန် လိုက်ရုံနဲ့ ရင်းနှီးမြုပ်နှံသူတွေ အလုအယက် ဝင်ရောက်လုပ်ကိုင်လာကြမှာလား ဆိုတာကတော့ မသေချာလှသလို၊ စိမ်ခေါ်မှုတွေကလည်း ရှိနေဆဲဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေက မြင်ကြပါတယ်။ အပြည့်အစုံကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

စီးပွားရေး အရှိန်အဟုန်ကောင်းလာစေဖို့နဲ့ တချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး အထူးစီးပွားရေးဇုန် ဥပဒေကို ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အခန်း ၁၂ ခုခွဲပြီး ဥပဒေပါ အချက်အလက်တွေကို အသေးစိတ် ဖော်ပြထားတဲ့ အထဲမှာတော့ ဥပဒေကို ကြီးကြပ်သွားမယ့် အဖွဲ့တခုဖွဲ့စည်းသွားဖို့ကစလို့ ရင်းနှီးမြုပ်နှံသူတွေအတွက် အထူးအခွင့်အရေးတွေ ပေးအပ်ဖို့အဆုံး ပြဋ္ဌာန်းထားတာပါ။ ဒီလို မက်လုံးပေး ဆွဲဆောင်ဖို့ ရည်ရွယ်ထားပေမဲ့လည်း မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့အတွက် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာ ဖြစ်တာမို့ အာရှနိုင်ငံတွေလောက်ကသာ ရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ မျှော်လင့်နိုင်လိမ့်မယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က မြင်ပါတယ်။
“ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့ကတော့ EU ရယ် အမေရိကားရယ် တချို့ အနောက်နိုင်ငံတွေက sanction ကတော့ ရှိနေတုန်းပဲပေ့ါလေ။ ရှိနေတုန်းပဲဆိုတော့ အဲဒီကတော့ ရင်းနှီးမြုပ်နှံမှုက ကျနော်တို့ ဒီအာရှတိုက်ထဲကနေပြီးတော့ တရုတ်တို့ ကိုရီးယားတို့ အိန္ဒိယတို့ နောက် ဗီယက်နမ်တို့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း ဒါတွေပဲ များပါလိမ့်မယ်။”

အထူးစီးပွားရေးဇုန်တွေအဖြစ် နည်းပညာအဆင့်မြင့် စက်မှုဇုန်တွေ၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဇုန်တွေ၊ ပြည်ပပို့ကုန် ထုတ်လုပ်မှုဇုန်တွေ၊ ဆိပ်ကမ်းတွေသာမက၊ သိပ္ပံနဲ့နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဇုန်နယ်မြေတွေပါ ပါဝင်မယ်လို့လည်း ဥပဒေသစ်က ဖော်ပြပါတယ်။ ပြည်ပက ရင်းနှီးမြုပ်နှံဝင်ရောက် လုပ်ကိုင်နိုင်ကြဖို့ မျှော်လင့်ပြီး စီးပွားရေး လုပ်ငန်းပုံစံမျိုးစုံအတွက် ဒီလိုစီစဉ်ထားပေမဲ့လည်း ဆယ်စုနှစ်ပေါင်းများစွာ စစ်အစိုးရတွေရဲ့ စီမံအုပ်ချုပ်မှုတွေအောက် စီးပွားရေး အခြေအနေတွေ နိမ့်ကျနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုလို ဥပဒေအဖြစ် တိတိကျကျ ထုတ်ပြန်လိုက်တဲ့ တိုင်အောင် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရဖို့ ခက်ခဲဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။

မြန်မာစီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညို ကတော့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေကို လက်တွေ့ ကျင့်သုံးနိုင်မှ၊ မျှမျှတတ ဖြစ်မှသာ ရင်းနှီးမြုပ်နှံသူတွေလို စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုကို ရနိုင်လိမ့်မယ်လို့ ပြောပါတယ်။
“ကျနော်နားလည်တာကတော့ ဟိုတုန်းကကတည်းက အထူးသဖြင့် တရုတ်နဲ့က စီးပွားရေးဇုန်လုပ်ဖို့ ဘာညာတွေ ပြောတယ်။ အစိုးရပိုင်းက အာမခံတယ်၊ လူကြီးတွေက အာမခံတယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်နားလည်သလောက်ဆိုရင် သူတို့က ဥပဒေနဲ့ လိုချင်တယ်။ ဥပဒေနဲ့ လိုချင်တဲ့အတွက် အဲဒါကြောင့်မို့ အခုဥပဒေထုတ်ပေးလိုက်တယ်လို့ ယူဆရတယ်။ အဲဒီတော့ ရင်းနှီးမြုပ်နှံမယ့် သူတွေရဲ့ ယုံကြည်မှုရဖို့၊ အထူးသဖြင့်ကတော့ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေရဖို့ ဆိုရင်ကတော့ ဒီဥပဒေက ပေးထားတဲ့ ကတိတွေကို လိုက်နာအကောင်အထည် ဖော်ရမယ်လို့ ကျနော်တော့ နားလည်ပါတယ်။ Rule of Law လို့ပဲမြင်တယ်။ ဒီဥပဒေအတိုင်း တိတိကျကျ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေကို ပေးရမယ်၊ ကိုယ်က တားသင့်တားထိုက်တာ ဥပမာ ပတ်ဝန်းကျင် မညစ်ညမ်းအောင်တို့ ဘာတို့ ဆိုတာတွေကို တားရမယ်။ အဲဒါကလည်း တပြေးညီပေါ့နော်၊ သူ့တမျိုး ကိုယ့်တမျိုး၊ နောက်တယောက်တမျိုး မဟုတ်ပဲနဲ့ တပြေးညီကျင့်သုံးမယ် ဆိုရင်တော့ ဒီအစိုးရရဲ့ credibility (ယုံကြည်စိတ်ချမှု) တက်လာမယ်လို့ ယုံကြည်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလအထိ တနှစ်အတွင်း ပြည်ပက ရင်းနှီးမြုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၂,၀၀၀ လောက်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာတော့ အများဆုံးအဖြစ်နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ သန်းပေါင်း ၁၃,၀၀၀ ကျော်၊ သတ္ထုတွင်းတူးဖော်ရေး လုပ်ငန်းမှာ သန်းပေါင်း ၂,၄၀၀ နီးပါး၊ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းမှာ သန်း ၁,၀၀၀ ကျော်နဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာတော့ သန်း ၁,၀၀၀ နီးပါး ရှိခဲ့တာပါ။ ဇန်နဝါရီလကုန်ပိုင်းက စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ အထူးစီးပွားရေးဇုန် ဥပဒေကတော့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို နောက်ထပ် ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်သလို၊ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုတွေမှာ အရည်အသွေး တိုးတက်စေဖို့ ရည်ရွယ်တယ်လို့လည်း ဖော်ပြခဲ့တာပါ။ ဒီလိုပဲ တိုင်းပြည် လူထုအနေနဲ့ နည်းပညာသစ်တွေကို လေ့ကျင့်သင်ယူနိုင်ဖို့ အလုပ်အကိုင် အခွင့်အလန်းတွေ ပိုပြီးရစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း မှန်းထားတဲ့အတိုင်း (FDI) လို့ အတိုကောက်ရည်ညွှန်း သုံးနှုန်းတဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ အလုပ်အကိုင် အခွင့်အလန်းတွေ တကယ်တမ်း ဖန်တီးပေးနိုင်ပါ့မလား ဆိုတာကတော့ သိပ်တော့ မသေချာဘူးလို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း က ယူဆပါတယ်။
“လူအများအနေနဲ့ FDI ရောက်လာရင် ကောင်းတယ်၊ ကောင်းတယ်ပေါ့လေ။ ဒီဥစ္စာက ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်က ဒွန်တွဲနေတာပါပဲ။ တကယ့်တကယ်ကတော့ ပေါ်ပေါက်လာတဲ့ အကျိုးကျေးဇူးကို ခွဲဝေတဲ့ အခါကျရင်တော့ အရင်းအနှီးမြုပ်နှံတဲ့လူက ယူသွားမှာပဲပေါ့လေ။ အလုပ်အကိုင်ရမယ်၊ နည်းပညာလည်း ရမယ်ဆိုတာကလည်း ပြည်သူလူထုနဲ့ နီးစပ်တဲ့ လုပ်ကိုင်လှုပ်ရှားတဲ့ လုပ်ငန်းကဏ္ဍမျိုးမှာဆိုရင်တော့ technology transfer (နည်းပညာလက်လွှဲလက်ပြောင်း) ရမယ်ပေါ့လေ။ အလုပ်အကိုင် ခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီရဲ့ ပေါ်လစီပေါ်မှာ မူတည်ပြီးတော့မှပဲ ဒီပြည်တွင်းက အလုပ်အကိုင် ဖန်တီးတာအတွက် အကျိုးခံစားခွင့် ရမှာပါ။ ကြော်ငြာထားတာတွေ ဘာတွေထဲမှာတော့ ဥပမာ၊ ထားဝယ်ဖက်မှာ ရေနက်ဆိပ်ကမ်း လုပ်တယ်၊ ပြည်တွင်းလုပ်သား ၆,၀၀၀ လောက်ကို အရင်ခန့်မယ်၊ ဘာမယ် အဲဒီလိုမျိုး လုပ်သားတွေကို ခန့်မယ်ဆိုရင်တော့ အလုပ်အကိုင်တွေကို ဖန်တီးရရှိမှာပေါ့လေ။ သို့သော်လည်း ကျွမ်းကျင်တဲ့ အလုပ်ပိုင်းအနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းမှာလည်း အမှန်စင်စစ်ကတော့ လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ရှိတယ်ဆိုတဲ့အခါမှာ ကန့်သတ်ထားတယ်ဆိုရင် မျှော်မှန်းသလောက် အကျိုးကျေးဇူးရမှာ မဟုတ်ဘူးပေါ့လေ။”

ထင်ရှားတဲ့ စီးပွားရေး စာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ် နဲ့ ဝါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လွတ်လပ်ခွင့်တွေ နိမ့်ကျနေဆဲဖြစ်တယ်လို့ဖော်ပြခဲ့တာပါ။ အကျင့်ပျက်ခြစားမှုတွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူ လက်ဝေခံတွေကသာ အခွင့်အလန်းတွေ ရနေတာတွေ၊ နိုင်ငံရေးအရ စွက်ဖက်မှုတွေရှိနေတာတွေ၊ အပြောင်းအလဲများပြီး ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေတာ၊ တရားဥပဒေစိုးမိုးမှုနဲ့ အခြေခံအဆောက်အအုံတွေ အားနည်းတာတွေက ဒီလိုအခြေအနေတွေကို ဖန်တီးခဲ့တာလို့လည်း ဖော်ပြပါတယ်။ ဒီအတွက် ကမ္ဘာတဝန်း စီးပွားရေးလွတ်လပ်ခွင့် အနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံ အနက် အဆင့် ၁၇၄ နေရာ၊ အာရှ-ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့ စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးကနေ ဒုတိယနေရာမှာသာ ရှိနေတယ်လို့ သတ်မှတ်ထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG