သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ Burgener ဆွေးနွေး


တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲအတွင်း အစီရင်ခံတင်ပြနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener
တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲအတွင်း အစီရင်ခံတင်ပြနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener

မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေရေး အနီးကပ်စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener က တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲအတွင်းပြောကြားလိုက်ပါတယ်။

ကုလ အထူးကိုယ်စားလှယ်အနေနဲ့ ခြောက်လတကြိမ် အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြရမယ်ဆိုတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၂၀၁၈ မြန်မာ့အရေးဆုံးဖြတ်ချက်အရ Christine Schraner-Burgener ဟာ ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လိုအပ်နေတဲ့ အခြေအနေတွေကို မနေ့က ဆွေးနွေးပွဲမှာ အဓိက တင်ပြခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်ပြောပြမှာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener ဟာ ဇူလိုင် ၁ ရက်နေ့က အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြရာမှာ- ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာဘက် ဖြေရှင်းဆောင်ရွက်မှုတွေ အလွန်နှေးကွေးနေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေအတွက် အဓိက ဖြေရှင်းရမှာ လုံခြုံပြီး ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိပြန်လာရေး ဖြစ်ပြီး အဲဒီအခြေအနေတွေ ရခိုင်မှာ ဖန်တီးပေးရေး အဓိကတာဝန်ရှိသူဟာ မြန်မာအစိုးရအပေါ်မှာ မူတည်နေတယ်လို့ သူကဆိုပါတယ်။ ဒါအပြင် ပဋိပက္ခဖြစ်တဲ့ နေရာတွေဆီ ကုလသမဂ္ဂအနေနဲ့ သွားရောက် ခွင့်ရဖို့ အရေးကြီးကြောင်း သူက အခုလို ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

"ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဆီကို သွားရောက် ကူညီနိုင်ဖို့အတွက် သွားလာခွင့်ရဖို့က အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်တဲ့ နေရာတွေဟာ အလွန်ဝေးခေါင်တဲ့ နေရာတွေ ဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက ခွင့်ပြုသည် ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အဲဒီနေရာတွေကို သွားဖို့ အလွန်ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ ဖွံဖြိုးတိုးတက်မှု နည်းတဲ့အတွက်လည်း ဒီလို အခက်အခဲတွေရှိတာပါ။ ဒါပေမယ့် အာဏာပိုင်တွေဘက်ကလည်း ကျမတို့ကို အဲဒီကို သွားခွင့် အကန့်အသတ်တွေ လုပ်ထားပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရကို အရေးတကြီး တိုက်တွန်းထားသလို အမြဲတမ်းလည်း ကျမ တောင်းဆိုနေတာက တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေက ဒုက္ခသည်တွေဆီ သွားရောက်ကူညီခွင့် ပေးဖို့ ဖြစ်ပါတယ်။"

ဒါအပြင် သူ့အနေနဲ့ မကြာသေးခင်ကပဲ တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်းလည်း အခုလိုပြောပါတယ်။

"တပ်မတော်နဲ့ ကျမ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အပါအဝင် ကချင်မှာရှိတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ ရခိုင် စစ်တွေမှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တွေနဲ့ ကျမ တွေ့ဆုံဆွေးနွေးခဲ့တာတွေရှိပါတယ်။ သူတို့ သုံးဦးလုံးကို ကျမ တိုက်တွန်းခဲ့တာက လူသားချင်းစာနာမှု အကူအညီပေးသူတွေကို သွားခွင့်ပြုဖို့ ကိစ္စဖြစ်ပါတယ်။ မြေမြှုပ်ဗုံးလို အသက်လုံခြုံရေးအန္တရာယ်ရှိတယ်ဆိုတဲ့ အခြေအနေ အကြောင်းပြချက်တွေရှိရင်လည်း လူသားချင်းစာနာမှု အကူအညီတွေအတွက် အခြားလမ်းကြောင်းရှိသင့်တယ်လို့ ကျမပြောခဲ့ပါတယ်။"

ရခိုင်ပြည်နယ်မှာ လက်ရှိ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေကိုလည်း တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ချိန်မှာလည်း AA နဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းရှာဖွေဖို့ သူ့အနေနဲ့ တင်ပြခဲ့တယ်လို့ Christine Schraner-Burgener ကဆိုပါတယ်။ ဒါအပြင် မြန်မာစစ်တပ်ဘက် အပစ်အခတ်ရပ်စဲရေးကာလ နောက်ထပ် နှစ်လ သက်တမ်းတိုးလိုက်ကြောင်းနဲ့ အဲဒီကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ AA အဖွဲ့ ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်း သူက အထွေထွေညီလာခံ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု စတာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် တာဝန်ရှိသူတွေကို စုံစမ်းအရေးယူအပြစ်ပေးနိုင်ရေး ကိစ္စရပ်နဲ့ ပတ်သက်လို့ ကုလအထူးကိုယ်စားလှယ်က ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲလို့ ဥရောပသမဂ္ဂကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့တာကိုတော့ သူက အခုလို တုန့်ပြန်ဖြေဆိုခဲ့ပါတယ်။

"တာဝန်ခံမှု၊ တာဝန်ယူမှု ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ရင် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအများကြီး ရှိခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ရေးဟာ တရားမျှတမှုနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးတယ်ဆိုတာ ကျမ အမြဲပဲ အလေးပေးပြောခဲ့ပါတယ်။"

မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ ကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ သံတမန် နှစ်ဦးပါတဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ လူ့အခွင့်အရေးကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ နှစ်ဖွဲ့ ရှိနေကြောင်း နဲ့ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေး သူတို့ရုံးအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ Christine Schraner-Burgener ကပြောပါတယ်။

"ဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့ နှစ်ဖွဲ့လုံးနဲ့ ကျမ ဆက်ပြီး အဆက်အသွယ်လုပ်နေမှာပါ။ နောက်ပြီး မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာရေး အပြစ်ရှိသူတွေကို အရေးယူဖို့ ကျမတို့ အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။"

အခုလို Christine Schraner-Burgener ရဲ့ အစီရင်ခံ တင်ပြချက်အပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက တုန့်ပြန်ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပသမဂ္ဂကိုယ်စားလျယ်ကတော့-

"မြန်မာအစိုးရကို အားပေးတိုက်တွန်းချင်တာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အသစ် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါအပြင် ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး အလျင်အမြင်လုပ်ဆောင်ကြဖို့ ဥရောပသမဂ္ဂ အနေနဲ့ တိုက်တွန်းပါတယ်။"

အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးစိတ်မချရသေးသလို၊ ဒါဟာ မြန်မာအစိုးရရဲ့ တာဝန်ပဲဖြစ်တယ်လို့ ကုလ အထွေထွေညီလာခံ ဆွေးနွေးပွဲမှာ အခုလို ပြောသွားပါတယ်။

"မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဝမ်းနည်းစရာက အစိုးရအနေနဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာမှာ သိပ်ကို နှေးကွေးလွန်းနေတဲ့အချက်ပါပဲ။ AA ရခိုင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ခိုက်နေမှုတွေဟာ အခြေအနေကို ပိုဆိုးစေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေလည်း တိုးနေတာ တွေ့ရပါတယ်။ UNHCR ရဲ့ ခန့်မှန်းချက်ဖြစ်တဲ့ အခြေအနေဟာ ဒုက္ခသည်တွေ ဌာနေပြန်ရေးအတွက် စိတ်မချရသေးတဲ့ အချက်ကိုလည်း အမေရိကန်က သဘောတူပါတယ်။ အခြေအနေတွေ စိတ်ချရအောင်လုပ်ပေးဖို့က မြန်မာအာဏာပိုင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။"

တရုတ်နိုင်ငံကိုယ်စားလှယ်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေ ပြန်နိုင်ရေး အရေးကြီးဆုံးဖြစ်ပြီး၊ လူ့အခွင့်အရေးအကြောင်းပြပြီး မြန်မာကို ဖိအားပေးတာမျိုးကို တရုတ်က လက်ခံမှာ မဟုတ်ဘူးလို့ စကားပြန်ကတဆင့်အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ရခိုင်အရေးဟာ သမိုင်းက ထားရစ်ခဲ့တဲ့ အမွေပါ။ အရေးကြီးဆုံး ဦးစားပေးရမယ့် ကိစ္စက Bangladesh မှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးပဲ ဖြစ်ပါတယ်။ မကြာသေးမီက Bangladesh နဲ့ မြန်မာ နှစ်နိုင်ငံကြား ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း နှစ်ဘက် တို့ ဒီကိစ္စအရေး အမြင်ချင်း ဖလှယ်ခဲ့ကြပါသေးတယ်။"

အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener အနေနဲ့ အစီရင်ခံတင်ပြမှုဟာ ခြောက်လတကြိမ် အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြရမယ်ဆိုတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၂၀၁၈ မြန်မာ့အရေးဆုံးဖြတ်ချက်အရ ဖြစ်ပြီး နေပြည်တော်မှာ သူရုံးဖွင့်ပြီးနောက်မှာ ပထမဆုံးအကြိမ် အထွေထွေညီလာခံမှာ သူရဲ့ မြန်မာနိုင်ငံတွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ Christine Schraner-Burgener က အစီရင်ခံတင်ပြခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG