သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် ကျန်းမာရေး အထူးကုတွေ ကြပ်မတ်ကုသနေ


NLD စတင်တည်ထောင်သူတစ်ဦးလည်းဖြစ် နာယကတစ်ဦး လည်းဖြစ် နှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရသူ ဦးဝင်းတင်။
NLD စတင်တည်ထောင်သူတစ်ဦးလည်းဖြစ် နာယကတစ်ဦး လည်းဖြစ် နှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရသူ ဦးဝင်းတင်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကအဖွဲ့ဝင်လည်းဖြစ်၊ ဝါရင့် သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ မမျှော်လင့်ပဲ ရုတ်တရက် ဆိုးရွားလာတာကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အထူးကု ဆရာဝန်ကြီးတွေက အနီးကပ် ကြည့်ရှု စောင့်ကြပ်နေတယ်လို့ ဦးဝင်းတင်ကို ဆေးရုံမှာ သွားရောက် ကြည့်ရှုနေတဲ့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောပါတယ်။

ဥရောပခရီးစဉ်က မကြာခင်ကပြန်ရောက်လာတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးမှာ ဦးဝင်းတင်ကို သွားရောက် ကြည့်ရှုတာအပါအဝင် ဦးဝင်းတင်ရဲ့ ကျန်းမာရေး နောက်ဆုံး အခြေအနေတွေကို ဦးကြည်တိုးက အခုလို စပြောပြပါတယ်။

"အဘဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေကတော့ သူ့အနေနဲ့ ထောင်ထဲမှာ နှစ်ရှည်ကြာ နေခဲ့တာရော၊ နောက် အသက်ကြီးတဲ့အပိုင်းကြောင့် တစ်နေ့ရွှေ၊ တစ်နေ့ငွေလို့ ပြောရမယ့် အနေအထားပါပဲ။ အစပိုင်းက ခါးပိုင်းဖြစ်တယ်။ အဲ့တာကို ကုသရင်း အူပိုင်းဆိုင်ရာ ဖြစ်လာပြီး အဆုတ်ပိုင်းဆိုင်ရာ ရောက်တယ်။

အဲ့တာတွေကို အထူးကုအဖွဲ့တွေက တောက်လျောက်ကြတ်မတ် ကုသပေးနေပါတဲ့ကြားထဲက တနေ့ကအထိ သက်သာနေရင်း တန်းလန်းကနေ ကျောက်ကပ်ပိုင်းဆိုင်ရာ ထဖောက်လာတာ။ ကျောက်ကပ်က ၆၀၀ cc မီလီမီတာ လောက် နည်းသွားရာကနေ ဒီနေ့ဆိုရင် လုံးဝ မသွားသလောက်ဖြစ်နေတယ်။

အဲ့တာကို အထူးကု ဆရာဝန်ကြီးများအဖွဲ့က အဲ့တာကို ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့အတွက် အရေးပေါ် စီစဉ်နေကြပါတယ်။"

မေး။ ။ ဟုတ်ကဲ့ရှင့်။ အခု ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည်လည်း လာပြီးတော့ ကြည့်နေတဲ့ အခြေအနေ ပြောပြလို့ရမလားရှင့်။

" ဒေါ်အောင်ဆန်းစုကြည် ရဲ့ မူလရည်ရွယ်ချက်က အထူးကြပ်မတ်ဆောင်မှာ ထားလို့ရှိရင် ဧည့်သည်တွေ့လို့ရှိရင် ပိုးမွှားဝင်ရောက်နိုင်ခြင်းရှိတဲ့အတွက် သူ့အနေနဲ့ ကိုယ်တိုင် လာရောက်ခြင်း မရှိပေမဲ့ ဦးဝင်းတင် ကို ပြုစုစောင့်ရှောက်နေ တဲ့ မိသားစု နဲ့ အနီးကပ်စောင့်ကြပ်နေတဲ့အဖွဲ့နဲ့က နာရီနဲ့မလပ် ဖုန်းနဲ့အဆက်အသွယ်ရှိပြီး အမြဲတမ်း သတင်းမေးမြန်းနေ တာရှိပါတယ်။ နောက် လိုအပ်တဲ့ အကူအညီတွေလည်း သူအမြဲတမ်းပေးပါတယ်။

ဒါပေမဲ့ သူ ဥရောပခရီးစဉ်က ပြန်လာပြီးတော့ ကျနော်တို့အနေနဲ့လည်း တာဝန်ရှိတော့ အဘဦးဝင်းတင်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို သတင်းပို့တဲ့အခါမှာ သူ့အနေနဲ့ စိုးရိမ်ပြီးတော့ သူ မူလ စိတ်ကူးထားတဲ့ နောင် နေကောင်းမှ လာတွေ့မယ်ဆိုတာကို ဖျက်ပြီးတော့ ချက်ခြင်း လာတွေ့တဲ့သဘောပါ။ ကျနော်တို့ လွန်ခဲ့တဲ့ ၁၅မိနစ်လောက်က အခန်းထဲကို ဝင်သွားပါပြီ။ "

မေး။ ။ အဲတော့ ဦးဝင်းတင်အနေနဲ့ရော စကားပြောနိုင်တဲ့ အခြေအနေရှိပါလားရှင့်။

"သူက နဂိုကတည်းက တစ်လုံးချင်း၊ နှစ်လုံးချင်း ပြောတဲ့သဘောပါ။ ကျန်းမာရေး အခြေအနေက ခန္ဓာကိုယ်က မလိုက်နိုင်ပေမဲ့ စိတ်က အရမ်းမာတယ်ခင်ဗျ။ မနေ့ကတည်းက ဘောလုံးပွဲကြည့်ချင်တာတို့၊ ဆေးရုံက ဆင်းချင်ပြီတို့ ဖြစ်နေတာပေါ့လေ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေ သုံးသပ်ချက်အရကတော့ တနေ့ကအထိ recover ပြန်သက်သာလာနေပြီလို့ ခန့်မှန်းထားကြတယ်။ အခုက ကျောက်ကပ်ပိုင်းဆိုင်ရာ ထဖောက်လာတာပေါ့။ ဒါလည်း ဒီတောင်ကိုကျော်နိုင်လိမ့်မယ်လို့ အကောင်းဘက်က မျှော်လင့်ထားပါတယ်။"

မေး။ ။ အဲ့တော့ ဘယ်လို ဆက်ပြီး ကုသဖို့ ရှိပါလဲရှင့်။

"ဆရာဝန်ကြီးတွေ ပြောကြားချက်အရတော့ သူတို့ လိုအပ်တဲ့ ဓာတ်ခွဲ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ လုပ်နေပြီးတော့ သူတို့ အထူးကုအဖွဲ့ အစည်းအဝေး ထိုင်ပြီးတဲ့အခါမှာ ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန် မနက်ပိုင်းမှာ ကျောက်ကပ်ဆေးရင် ဆေးရပါလိမ့်မယ်။ နောက်တချက်က
နိုင်ငံခြားကို ဆေးကုသဖို့လို့ စီစဉ်နေပါတယ်။

မေး။ ။ ဟုတ်ကဲ့။ NLD ပါတီအနေနဲ့ရော ပါတီခေါင်းဆောင်တစ်ဦး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပါတ်သက်ပြီး ဘယ်လို ထုတ်ပြန်ဖို့ ပြောကြားဖို့ ရှိပါလဲရှင့်။


"အဲ့တာအနေနဲ့ကတော့ တရားဝင် သတင်းထုတ်ပြန်ဖို့ မရှိပါဘူး။ ဘဘဦးဝင်းတင်က NLD စတင်တည်ထောင်ကတည်းက Founder အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း အဖွဲ့ချုပ်ကြီးရဲ့ သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန်နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာပြည် ရဲ့ အဖွဲ့ချုပ်သမိုင်း၊ နောက်ဒီမိုကရေစီသမိုင်းမှာ ဘဘဦးဝင်းတင်ဟာ ချန်လှပ်ထားလို့မရတဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အဲ့ဒီ့အတွက်ကြောင့် NLD အဖွဲ့ချုပ် သာမာန်အဖွဲ့ဝင်များကအစ ထိပ်ပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ အထိ အမြဲတမ်း မပြတ်လာရောက်ကြည့်ရှု့နေပါတယ်။

အနီးစပ်ဆုံး ဥပမာ တခုပြောမယ်ဆို မနက်ပိုင်းကဆို ဘဘဦးတင်ဦး လာကြည့်သွားပါပြီ။"

မေး။ ။ ဟုတ်ကဲ့။ အခုလိုပေါ့နော် ဦးဝင်းတင်ရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ အပေါ်မှာ ဆုတောင်းပွဲတွေ တနိုင်ငံလုံးအနှံ့ကျင်းပခဲ့တဲ့အခါကျတော့ NLD အနေနဲ့ ဆုတောင်းတဲ့အဖွဲ့တွေအပေါ်မှာ ဘယ်လိုတုန့်ပြန်ချင်ပါလဲရှင့်။

"ကျနော်တို့အနေနဲ့ ဘဘဦးဝင်းတင်ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးကြတဲ့ အဖွဲ့အစည်း အလွှာပေါင်းစုံက အဖွဲ့အစည်းပေါင်း၊ ပုဂ္ဂိုလ်အပေါင်းကို အားလုံးပဲ ကျေးဇူးတင်ပါတယ်။ တကယ်ပဲ သူတို့ အဘပေါ် ထားတဲ့ စေတနာ၊ မေတ္တာအပေါ်မှာလည်း အသိအမှတ်ပြုပါတယ်ခင်ဗျာ။ ဆက်ပြီး လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုဆုတောင်းပွဲတွေရဲ့ သက်ရောက်မှုကလည်း အတိုင်းအတာတခုအထိ ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG