သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနဲ့ မသင်္ကာသူ တရုတ် ၂၀၀ နီးပါး သီရိလင်္ကာမှာ ဖမ်းဆီးခံရ


သီရိလင်္ကာနိုင်ငံမှာ အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၂၀၀ နီးပါးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အောက်တိုဘာလ ၆ ရက်နေ့က နေရာ ၄ ခုကို စီးနင်းရှာဖွေမှုတွေအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး တနေရာတည်းမှာတင် ၁၂၉ ယောက် ဖမ်းဆီးမိခဲ့ပြီး စုစုပေါင်း ၁၉၈ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့ပြောခွင့်ရကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

မိုဘိုင်းဖုန်းတွေနဲ့ ခရီးဆောင်ကွန်ပြူတာ အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ပြောပါတယ်။ အွန်လိုင်းကနေ လိမ်လည်တဲ့လုပ်ငန်းတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး အလိမ်ခံရသူတွေထဲမှာ သီရိလင်္ကာ နိုင်ငံသားတွေအပြင်၊ တခြားနိုင်ငံတွေကလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဘာသာစကား အခက်အခဲကြောင့် မေးမြန်းစစ်ဆေးမှုတွေမှာ ကြန့်ကြာမှုတွေ ရှိနေပြီး၊ ကိုလံဘိုမြို့ အခြေစိုက် တရုတ်သံရုံးကို အကူအညီ တောင်းထားတယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း မှုခင်းကျွမ်းကျင်သူတွေ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း အွန်လိုင်း လိမ်လည်မှုတွေနဲ့ မသင်္ကာသူ အိန္ဒိယနိုင်ငံသား အများစု ပါဝင်တဲ့ လူ ၂၀၀ လောက်ကို သီရိလင်္ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးပါတယ်။

Forum

XS
SM
MD
LG