သီရိလင်္ကာ သမ္မတက သူ့နိုင်ငံရဲ့ စစ်တပ်ကို ရာဇ၀တ် ပြစ်မှုတွေ၊ စစ်ရာဇ၀တ် ပြစ်မှုတွေနဲ့ တရားစွဲနိုင်တာကို ကာကွယ်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။
သမ္မတ မဟိန္ဒာ ရာဂျာ ပက်ခ်ဆာ (Mahinda Rajapaksa) က “ကျနော်တို့အနေနဲ့ ခင်ဗျားတို့ကို သစ္စာဖောက်မှာ မဟုတ်ဘူး။” လို့ သုံးနှုန်းပြီး အခုလို ကာကွယ်ပေးမယ်လို့ ဒီနေ့ ကိုလံဘိုမြို့တော်မှာလုပ်တဲ့ တမီလ်ကျားသူပုန်တွေကို အပြီးသတ် အောင်နိုင်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်နေ့မှာ ပြောလိုက်တာပါ။
ကုလသမဂ္ဂက ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့တခုက မကြာသေးခင်က အစီရင်ခံစာတခု ထုတ်ပြန်ရာမှာ ၂၅ နှစ်ကြာခဲ့တဲ့ သီရိလင်္ကာ ပြည်တွင်းစစ်ထဲမှာ အစိုးရ စစ်တပ်ကရော၊ တမီလ် သူပုန်တွေကပါ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုလိုက်ပါတယ်။ ဒီတွေ့ရှိချက်တွေကို သီရိလင်္ကာ အစိုးရဘက်ကတော့ ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို စစ်ဆေးနိုင်ဖို့ အမှီအခိုကင်းတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို ဖွဲ့ပေးဖို့ အကြံပြုထားပါတယ်။
တမီလ်ကျားတွေကို အပြုတ်ချေမှုန်းဖို့ အစိုးရရဲ့ နောက်ဆုံးတိုက်ပွဲတွေ အတွင်းမှာတင် အရပ်သားပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ယုံကြည်ကြပါတယ်။ ပြည်တွင်းစစ် စခဲ့တဲ့ ၁၉၈၃ ကတည်းကဆိုရင် အရပ်သား စုစုပေါင်း အနည်းဆုံး ၈၀,၀၀၀ သေကျေခဲ့ရပါတယ်။