[[Zawgyi/Unicode]]
ဘဏ္ဍာရေးအကျပ်အတည်းနဲ့အတူ လောင်စာဆီကလည်း ပြတ်လပ်လာတာကြောင့် အစိုးရဝန်ထမ်းတွေ တပတ် ၄ ရက်ပဲ အလုပ်လုပ်ဖို့ သီရိလင်္ကာအစိုးရအဖွဲ့ က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အစိုးရဝန်ထမ်းတသန်းလောက် ရှိပြီး နိုင်ငံခြားငွေ ပြတ်လပ် လာတာကြောင့် လောင်စာဆီ၊ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ တင်သွင်းကုန်တွေအတွက် ငွေချေဖို့ အခက်အခဲ ကြုံနေရတာပါ။ ဓာတ်ဆီဆိုင်တွေမှာ လူတွေ က တန်းစီနေကြရပြီး လျှပ်စစ် ပြတ်တောက်တာကလည်း လချီ ရှိခဲ့ပါပြီ။
သောကြာနေ့တိုင်းကို နောက် ၃ လအထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ဖို့ အဆိုပြုချက်ကို တနင်္လာနေ့ နှောင်းပိုင်းက အစိုးရအဖွဲ့က အတည်ပြုပေးခဲ့တာပါ။
“မျှော်လင့်ထားတဲ့အတိုင်း စားနပ်ရိက္ခာ ပြတ်လပ်တာကို တနေရာရာမှာ ဖြေရှင်းနိုင်ဖို့ ဒါမှမဟုတ် ကိုယ့်အိမ်ဝင်းထဲမှာ စိုက်ပျိုးနိုင်ကြဖို့ အစိုးရဝန်ထမ်းတွေကို အလုပ်လုပ်ရက် တရက် ပိတ်ပေးတာ” သင့်လျော်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
သီရိလင်္ကာ နိုင်ငံရဲ့ ငွေကြေးဈေးနှုန်းကျလာပြီး ကုန်ဈေးနှုန်းတွေက ၅၇ ရာနှုန်းအထိ မြင့်တက်သွားပါတယ်။ အစိုးရက နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) နဲ့ အကူအညီပေးရေး စကားပြောဖို့ရှိပြီး (IMF) ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၀ ရက်နေ့မှာ ရောက်ရှိလာဖို့ မျှော်လင့်ထားတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က သီရိလင်္ကာဝန်ကြီးချုပ် Wickremesinghe နဲ့ တနင်္လာနေ့က ဖုန်းပြောခဲ့ပါတယ်။
“(IMF)၊ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ရင်းရင်းနှီးနှီး ပေါင်းစပ်ညှိနှိုင်းပြီး သီရိလင်္ကာ နိုင်ငံနဲ့ အလုပ်လုပ်ဖို့ အဆင်သင့်ရှိပါတယ်လို့ တွစ်တာ လူမှုစာမျက်နှာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ရေးထားပါတယ်။ မရှိမဖြစ် ပစ္စည်းတွေ တင်သွင်းဖို့ ဒီနှစ်ကုန်အထိ ဒေါ်လာ ၅ ဘီလီယံလိုတယ်လို့ ဝန်ကြီးချုပ် Wickremesinghe က ဒီလအတွင်းမှာ ပြောခဲ့ပါတယ်။
============
[[Unicode]]
============