သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာအပေါ် စစ်ရာဇဝတ်မှု စွပ်စွဲ


သီရိလင်္ကာအပေါ် စစ်ရာဇဝတ်မှု စွပ်စွဲ
သီရိလင်္ကာအပေါ် စစ်ရာဇဝတ်မှု စွပ်စွဲ

သီရိလင်္ကာနိုင်ငံမှာ ၂၀၀၉ ခုနှစ်က ပြီးဆုံးခဲ့တဲ့ ပြည်တွင်းစစ်ပွဲ နောက်ဆုံးရက်တွေမှာ တမီးလ်ပြည်သူတွေ အပေါ်မှာ အစိုးရတပ်တွေက ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူးက ပြောပါတယ်။

နောက်ဆုံးတိုက်ပွဲကာလ ဗွီဒီယိုတွေအရ တမီးလ် တိုင်းရင်းသားတွေ အပေါ်မှာ အစိုးရက ပြစ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သက်သေပြနေတယ်လို့ ဥပဒေမဲ့ အကျဉ်းရုံး သို့မဟုတ် နိုင့်ထက်စီးနင်း ကွပ်မျက်မှုဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး ခရစ်စ်တိုဖာ ဟေးန်စ် (Christopher Heyns) က ပြောလိုက်တာပါ။

ဗြိတိန်နိုင်ငံက Channel 4 ရုပ်သံဌာနက ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့တဲ့ ဗွီဒီယိုထဲမှာ မျက်စိကို အဝတ်စည်းခံထားရပြီး လက်ပြန်ကြိုး တုပ်ခံထားရတဲ့ အဝတ်မပါသူတွေကို သီရိလင်္ကာ စစ်သားတွေလို့ ယုံကြည်ရသူတွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်နေတာတွေကို ရိုက်ကူးထားပါတယ်။

ဒီဗွီဒီယိုဟာ စစ်မှန်ရဲ့လား ဆိုတာကို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ မှုခင်းစစ် ကျွမ်းကျင်သူတွေနဲ့အတူ စစ်ဆေးခဲ့တယ်လို့ မစ္စတာ ဟေးန်စ် လူ့အခွင့်အရေး ကောင်စီကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

တမီးလ် ကျားသူပုန်တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်တပ်က လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သီရိလင်္ကာ အာဏာပိုင်တွေက ပယ်ချခဲ့ပါတယ်။

တမီးလ် ကျားသူပုန် အကြွင်းအကျန်တွေရဲ့ မှားယွင်းတဲ့ ဝါဒဖြန့်မှုတွေအတိုင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လိုက်ပြီး ဆောင်ရွက်နေကြတယ်လို့ သီရိလင်္ကာ အစိုးရက ပြန်ပြီး စွပ်စွဲခဲ့ပါတယ်။

XS
SM
MD
LG