သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ အပစ်ရပ် SSA မြောက်ပိုင်း တိုက်ပွဲဖြစ်


SSA တပ်ဖွဲ့ဝင်တွေပုံ
SSA တပ်ဖွဲ့ဝင်တွေပုံ
အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရ စစ်တပ်အကြား ဒီကနေ့ ညနေပိုင်း ၃နာရီကျော်က တိုက်ပွဲတွေ ပြန်လည် စတင် ဖြစ်ပွားနေပြီး၊ ညနေ ၅ နာရီခွဲလောက်အထိ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ SSA မြောက်ပိုင်း ရဲ့ ပြောရေးဆိုခွင့်ရှိ သူက ပြောပါတယ်။

လတ်တလော ပြန်လည် စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိုင်းရှုးမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာလောက်ဟာ မိုင်းကောင်မြို့ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ တပတ်လောက်က SSA မြောက်ပိုင်းနဲ့ အစိုးရတပ်အကြားမှာ တင်းမာမှု ဖြစ်ပွားခဲ့ ပြီး ပြန်လည် ငြိမ်သက်သွားခဲ့ရာက ဒီကနေ့မှာတော့ တိုက်ပွဲတွေ စတင် ခဲ့တာဖြစ်ပါတယ်။ ဒီလို တိုက်ပွဲ စတင်ခဲ့တဲ့ အကြောင်းကိုတော့ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အခုလို ပြောပါတယ်။

“စကခ ၁၇ ပေါ့ အဲ့ဒီ မိုင်းကိုင်တပ် ယာဉ်တန်း ၁၀၀ လောက်ပေ့ါနော့်၊ ကျနော်တို့ အခြေပြုထားတဲ့ SSA မိုင်းရှုးမြို့နယ်ပေါ့နော် သူတို့က ၇ မိုင်စခန်းကနေပြီးတော့ မိုင်းကိုင်အရှေ့ဘက်ကနေ ပြီးတော့ ကျနော်တို့ အခြေပြုထားတဲ့နေရာကို ဒီနေ့ပေါ့ ၃ နာရီ ၁၀ မိနစ်မှာ သူတို့က ဝင်တိုက်တယ်လေ။ အခုပြောနေတဲ့ အချိန်ထိတော့ သေနတ်သံတွေက မငြိမ်သေးဘူးပေါ့။”

အခုလို အစိုးရတပ်ဘက်က တိုက်ခိုက်လာတဲ့ အပေါ်မှာတော့ ဘာကြောင့် တိုက်ခိုက်လာသလဲ ဆိုတာ မသိရသလို၊ တစုံတရာ သုံးသပ်ချက် ပေးဖို့ စောလွန်းသေးကြောင်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ အခုလို စစ်ရေး ပဋိပက္ခ ဖြစ်ပွားလာတာကြောင့် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာ ကြောင့် ကျေးရွာ ၁၀ ရွာလောက်ဟာ မိုင်းကောင်မြို့ကို ထွက်ပြေး တိမ်းရှောင် လာကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဘယ်လိုဖြစ်လဲဆိုတော့ အဖွဲ့က အင်အား ၅၀၀ လောက် ပြန်လာပြီးမှ ဒီ လားဟူရွာရှိတဲ့ နေရာ အားလုံးမှာ နေရာယူပြီးတော့ ရွာထဲ မနေပါနဲ့။ ခဏ ဖယ်ပေးပါ။ ရှမ်းတွေက အဲ့လို ပြောလာတဲ့ အခါကျတော့ လားဟူမိသားစုတွေ အားလုံးက အခု မိုင်းကောင်မှာ ရောက်နေပြီ။ မိုင်းကောင်မှာ ပဲ ကျေးရွာတွေ အားလုံးကို ရွာက ၁၀ ရွာလောက်ရှိမယ်ထင်တယ်။”

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းရာမှာတော့ ဒီသတင်းနဲ့ပတ်သက်ပြီး တိကျတဲ့ အချက်အလက် မရရှိသေးကြောင်း ပြန်ကြားပါတယ်။

“အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သတင်းအချက်အလက် မရသေးပါဘူးခင်ဗျ။ ကျနော် မေးထားပါတယ်။”
ဒီလ ၁၀ ရက်နေ့လောက်က ခလရ ၃၃ ဟာ SSA မြောက်ပိုင်းရဲ့ ဒေသအတွင်းကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်လာခဲ့တာနဲ့ ဝင်ရောက်ခဲ့တဲ့နောက် မိုင်းနင်းမိခဲ့တာကြောင့် နှစ်ဘက် တပ်တွေအ ကြား စစ်ရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၃ ရက်လောက်အကြာမှာ နှစ်ဘက် တင်းမာမှုတွေ ပြေလည်သွားခဲ့တယ်လို့ SSA မြောက်ပိုင်းရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

SSA မြောက်ပိုင်းဟာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနှစ် ဇူလိုင်လလောက်အထိ တိုက်ပွဲပေါင်း အကြိမ် ၃၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။

လောလောဆယ်မှာတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး၊ SSA မြောက်ပိုင်း ပါဝင်ဖွဲ့စည်းထားတဲ့ UNFC ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
XS
SM
MD
LG