သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တပ်မတော် စစ်တပ်စခန်းနဲ့ ကျေးရွာငယ် မီးရှို့ခံရ


ရှမ်းပြည်တပ်မတော် စစ်တပ်စခန်းနဲ့ ကျေးရွာငယ် မီးရှို့ခံရ
ရှမ်းပြည်တပ်မတော် စစ်တပ်စခန်းနဲ့ ကျေးရွာငယ် မီးရှို့ခံရ

မြန်မာအစိုးရကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းနေချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်က ရွာတွေကို ရှမ်းသူပုန်တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မြန်မာစစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ဝမ်းဖွီးဆည် လုံခြုံရေး စခန်းတွေကိုလည်း မီးရှို့ခံခဲ့ရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ အရာရှိတွေက ပြောပါတယ်။ ရှမ်းပြည်နယ်ဘက်မှာ စစ်တပ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာခဲ့တဲ့အတွက် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ရှမ်းပြည်တိုးတက်ရေးပါတီက သံသယတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက နာ့တင်းရွာငယ်ကို နောင်ချိုမြို့ အခြေစိုက် ခမရ ၁၁၄ မြန်မာစစ်တပ်ကနေ သြဂုတ် ၂၃ ရက် မနက်က မီးရှို့လိုက်တယ်လို့ ကျေးသီးမြို့ခံ တဦးက ပြောပါတယ်။ နာ့တင်းရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတုန်းက မြန်မာစစ်တပ်ဘက်ကနေ ထိခိုက်မှု များပြားခဲ့လို့ အခုလို မီးရှို့လိုက်တာလို့ ကျေးသီးဒေသခံ တဦးက ပြောပါတယ်။

“အဲဒီရွာက အများအားဖြင့် သူတို့က စွပ်ပူစေတီတော်နဲ့ ဘုန်းကြီးကျောင်း ဝေယျာဝစ္စ အဓိကလုပ်တယ်။ အိမ် ၆ လုံးပဲရှိတယ်။ သူတို့ဝမ်းရေးအတွက်တော့ လယ်ယာလုပ်ငန်း လုပ်ကိုင်တယ်။ တိုက်ပွဲမှာ မြန်မာအစိုးရ သူတို့ရဲ့ စစ်ကြောင်းမှူး ဒု-တပ်ရင်းမှူး ကျဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ မကျေနပ်လို့ ရွာကိုလာပြီး မီးရှို့တယ်။ အဲဒီရှို့တဲ့အချိန်မှာ ရှမ်းသူပုန်တွေကို ထောက်ပံ့ဦးဟဲ့၊ သတင်းပေးဦးဟဲ့၊ အော်ပြောရင်းနဲ့ တဲတွေပါ အကုန်လုံးမကျန် ရှို့တယ်။”

ဒါ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ဝမ်းဖွီးဆည် လုံခြုံရေး စခန်းတွေကို မြန်မာစစ်တပ်ကနေ မနေ့က မီးရှို့လိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“မနေ့က သူတို့ ဝမ်းဖွီးဆည်နားမှာ ဆည်လုံခြုံရေး ယူထားတဲ့ ကျနော်တို့ ယာယီစခန်း ရှိတာပေါ့။ ကျနော်တို့စခန်းလည်း မီးရှို့တယ်။ နောက် အဲဒီနားကရွာလည်း မီးရှို့လိုက်တယ်။ စခန်းမှာ ကျနော်တို့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်း မနေတော့ဘူးလေ။ နေရင် သူတို့ ပြန်လာတိုက်မယ်ဆိုတာ တွက်ပြီးသားပဲ။”

ဝမ်းဖွီးဆည်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီကနေ တည်ဆောက်ထားတာဖြစ်ပြီး ပတ်ဝန်းကျင်က လယ်ဧက ၁,၀၀၀ နီးပါးကို ရေပေးဝေနေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

မြန်မာအစိုးရကနေ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမယ်လို့ ပြောဆိုနေချိန်မှာ ရှမ်းပြည်နယ် အတွင်းမှာ တပ်အင်အား ထပ်မံတိုးချဲ့လာနေတဲ့ အတွက် ဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ သံသယဖြစ်စရာ အနေအထားမှာ ရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“တပ်မ ၅၅ လက်အောက်ခံတပ်တွေ ဖြည့်လာတဲ့ အင်အား ၅၀၀ လောက် ရှိတယ်ခင်ဗျ။ ပြီးတော့ ကျနော်တို့ ဌာနချုပ် တဝိုက်မှာ တပ်စွဲနေတဲ့ တပ်တွေလည်း မရုပ်သေးတဲ့အပြင် တပ်အင်အား ပြန်လာဖြည့်တော့ ကျနော်တို့လည်း ဘယ်လိုမှ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းလို့လည်း မဖြစ်ဘူးလေ။ ပြည်နယ်အစိုးရဆီ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းဖို့လေ။ အဲဒီမှာ သူတို့က ရေးထား အော်ထားတယ်ဟုတ်။ သဘောရိုးနဲ့ လုပ်မယ်ဆိုရင် သူတို့တပ်တွေ အရင်ရုပ်ရမှာပေါ့။ အခုတော့ တပ်တွေ တအားပြန်ဖြည့်တယ်ဆိုတော့ လှည့်စားတဲ့ သဘောမျိုးလို့ ကျနော်တို့ ယူဆရတာပဲ။”

ဝမ့်ဟိုင်းဒေသဘက်ကို ထပ်မံရောက်ရှိလာတဲ့ တပ်တွေဟာ နန့်ကိုင်ဖိတ်စခန်းနဲ့ ကျေးသီး၊ မိုင်းနောင်ဘက်မှာ တပ်စွဲထားတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေးကို ငြင်းပယ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အပေါ်မှာ မြန်မာစစ်တပ်ကနေ ၂၀၁၀ ခုနှစ် မတ်လမှာ စတင် တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့အတွက် တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာကနေ သြဂုတ်လဆန်းမှာ တပ်အင်အား တဝက်ကျော်ကျော် ရုပ်သိမ်းသွားခဲ့ပါတယ်။ တပ်အင်အား ရုပ်သိမ်းသွားရာကနေ အခုလို တပ်ပြန်လည် ဖြည့်တင်းလာတာဟာ စစ်ဆင်ရေး တဖန်ပြန်လည်ပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

မြန်မာစစ်တပ်တွေ တပ်အင်အား ပြန်လည် ဖြည့်တင်းလာတဲ့အတွက် တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြတဲ့ ဝမ့်ဟိုင်းဒေသခံ ၅၀၀ နီးပါးဟာ နေရပ်ကနေ တိမ်းရှောင်နေကြပြီလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

XS
SM
MD
LG