သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်တွေ SSA/SSPP ဌာနချုပ်နဲ့ အနီးဆုံးကို ရောက်လာပြီ


အစိုးရတပ်တွေ SSA/SSPP ဌာနချုပ်နဲ့ အနီးဆုံးကို ရောက်လာပြီ
အစိုးရတပ်တွေ SSA/SSPP ဌာနချုပ်နဲ့ အနီးဆုံးကို ရောက်လာပြီ

ရှမ်းပြည်တိုးတက်ရေးပါတီကိုထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်ပြည်တောင်ပိုင်းမှာရှိတဲ့ ဝမ့်ဟိုင်း ဌာနချုပ်နဲ့ တစ်ဖာလုံသာသာလောက်ဆီအထိ နီးကပ်လာနေပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ဝမ့်ဟိုင်းဒေသနဲ့ အနီးဝန်းကျင်က ဒေသခံတွေဟာ အိုးအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ လည်း ဆိုကြပါတယ်။ အခုလို SSA မြောက်ပိုင်း တပ်အပေါ် ထိုးစစ်နေတဲ့အပေါ် SSA တောင်ပိုင်းတပ်ဖွဲ့ တွေက စစ်ရေးအကူပေးဖို့ ဆိုတာကတော့ မူအရ ဆောင်ရွက်စရာကိစ္စရပ်တွေ အများကြီး ကျန်သေးတယ်လို့ ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ဒီသတင်းအပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင်နေတဲ့ မြန်မာတပ်တွေဟာ နောက်ဆုံးရရှိတဲ့သတင်းအရ ဌာနချုပ်ရဲ့ တစ်ဖာလုံအကွာမှာ ရောက်ရှိနေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ဝမ့်ဟိုင်းဌာနချုပ်နဲ့ အနီးကပ်ဆုံးနေရာကို ရောက်ရှိလာတဲ့ အနေအထားကို ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက အခုလို ပြောပါတယ်။

“ဘာမှမဝေးတော့ဘူး။ အရှေ့ဘက်မှာ တစ်ဖာလုံ ကျော်ကျော်လောက်ပဲ။ ဒါပေမဲ့ အဲဒီဘက်ကနေ ပိတ်နေတာပဲလေ။ အနီးကပ်ဆုံးကတော့ အရှေ့ဘက် ပါခီးလမ်းခွဲပေါ့။ အဲဒီလမ်းခွဲဆိုတာက ဝမ့်ဟိုင်းအရှေ့ဘက် ပါခီးလမ်းခွဲဘက်မှာ သူတို့ရှိတဲ့နေရာကို ကျနော်တို့ဘက်က ပြောက်ကျား သွားပစ်သေးတယ်။ သူတို့က အော်ပြောတာတောင် ကြားရတယ်။ ကျနော်တို့ ဝမ့်ဟိုင်းအဝင်ဂိတ်ပေါ့။”

မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ မနေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲတွေရဲ့ ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြု ပြောကြားခြင်းမရှိပါဘူး။ ဝမ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ပွဲတွေကြောင့် ဝမ့်ဟိုင်းဒေသနဲ့ အနီးဝန်းကျင်ရွာက ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

“ဝမ့်ဟိုင်းဒေသခံတွေဆိုရင် ကျနော်တို့ဌာနချုပ်ထဲကိုတင် ထွက်ပြေးလာကြတဲ့သူ ကျောင်းသူကျောင်းသား အပါအဝင်ဆိုရင် တစ်ထောင်ကျော်နေပြီ။ အားလုံး ရှောင်ထွက်ကြရပြီလေ။ အဲဒီမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတာ စိုးရိမ်ရလို့ အားလုံးထွက်ပြေးကုန်ကြပြီ။ အိမ်တံခါးတွေကိုပိတ်ပြီးတော့ အိမ်ယာတွေကိုစွန့်ပြီးတော့ ထွက်သွားကြတာပေါ့။ ဒီပတ်ဝန်းကျင် တိုက်ပွဲနဲ့နီးတဲ့ရွာဆိုရင် ရွာပေါင်း ၂၀ လောက် ရှိမယ်ခင်ဗျ။”

အခုလို မြောက်ပိုင်း SSA တပ်ဖွဲ့အပေါ် မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်နေချိန်မှာ တခြား မဟာမိတ် တပ်တွေအနေနဲ့ စစ်ရေးအရ ကူညီတာတွေ မတွေ့ရသေးဘူးလို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မှူးတစ်ဦးက ပြောပါတယ်။ အထူးသဖြင့် ရှမ်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်တွေ ပေါင်းစည်းလိုက်ပြီလို့ SSA တောင်ပိုင်းတပ် ခေါင်းဆောင် ဗိုလ်ချုပ်ရွက်ဆစ်ကနေ တရားဝင်ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။ အခု လက်ရှိအခြေအနေအရ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်အတွက် အနီးကပ်ဆုံး အရေးကြီးတဲ့အချိန်မှာ SSA တောင်ပိုင်းတပ်တွေ ဘာကြောင့် စစ်ရေးအကူအညီ မပေးတာလဲဆိုတဲ့ မေးခွန်းအပေါ်မှာ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“တောင်ပိုင်းနဲ့မြောက်ပိုင်းတပ်ကတော့ မူအရကျနော်တို့ ပေါင်းစည်းဖို့အတွက် ကျနော်တို့နှစ်ဘက်က လူကြီးတွေက အမြင်ခြင်း တူနေကြတယ်။ သဘောခြင်းလည်း တူနေကြတယ်။ ဒါပေမဲ့ လက်တွေ့ တကယ့်တကယ် ပေါင်းစည်းနိုင်ဖို့က မူအရသဘောတူညီမှု ရရှိတာထက်ပိုပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ အများကြီး ကျန်ပါသေးတယ်။ ဆိုတော့ အခု ရှမ်းမြောက်ပိုင်းတပ်တွေကို အစိုးရတပ်တွေက စစ်အင်အားနဲ့ အလုံးအရင်း တိုက်ခိုက်လာတာကို ကျနော်တို့ကလည်း တတ်နိုင်တဲ့နည်းလမ်းကနေ မြောက်ပိုင်းတပ်တွေကို အကူအညီတွေ အပြန်အလှန် ပေးပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကနေစပြီး မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ ဝမ့်ဟိုင်း ဒေသတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုတိုက်ပွဲတွေကြောင့် စစ်ဘေးရန်ကို ကြောက်လို့ ထွက်ပြေးလာတဲ့ရွာသားတွေဟာ တောတောင်တွေထဲ၊ ခြံဝန်းတွေထဲမှာ၊ တောင်ယာတွေထဲမှာ ရှောင်တိမ်းနေကြရသလို ငွေကြေးတတ်နိုင်သူတွေကတော့ မိုင်းရှူး မိုင်းယန်မြို့ဘက်ကို တိမ်းရှောင်သွားတာ ရှိနေတယ်လို့လည်း ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။ တောတောင်ထဲမှာတိမ်းရှောင်နေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေအတွက် ကူညီစောင့်ရှောက်မှုတွေ ကင်းမဲ့နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးလွတ်ရာ နယ်စပ်ဒေသဘက်ကို စစ်ပြေးဒုက္ခသည်အဖြစ် တိမ်းရှောင်လာတာ များပြားလာနေတယ်လို့ ဒုက္ခသည်အကူညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ ဒေသဘက်မှာဆိုရင် စစ်ပြေးဒုက္ခသည်ပေါင်း ၁၇,၀၀၀ ရှိတယ်လို့ ကေအိုင်အိုဘက်က စစ်တမ်းကောက်ယူထားသလို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် နယ်စပ်ဘက်ကိုရောက်နေတဲ့ ကရင်ပြည်နယ်ဘက်က ဒုက္ခသည်ပေါင်းဟာ ၈,၀၀၀ နဲ့ ၁၀,၀၀၀ ဒုက္ခသည်အကူညီပေးရေး အဖွဲ့တွေကနေ စစ်တမ်းကောက်ယူထားပါတယ်။

XS
SM
MD
LG