သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း SSA မြောက်နဲ့တောင် ပေါင်းစည်းဖို့ သဘောတူ


ရှမ်း SSA မြောက်နဲ့တောင် ပေါင်းစည်းဖို့ သဘောတူ
ရှမ်း SSA မြောက်နဲ့တောင် ပေါင်းစည်းဖို့ သဘောတူ

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ဟာ မကြာမီ တဖွဲ့တည်းအဖြစ် ပေါင်းစည်းတော့မယ်လို့ ပြီးခဲ့တဲ့ စနေနေ့ မေလ ၂၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီလို ပေါင်းစည်းကြမယ့် ရှမ်းတိုင်းသား တပ်ဖွဲ့တွေကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-North) တပ်မဟာ ၁ အစုနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) လက်အောက်ခံ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-South) တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရကို ဆန့်ကျင်နေတဲ့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းတော့မယ်ဆိုတဲ့ သတင်းကို ၅၃ ကြိမ်မြောက် ရှမ်းအမျိုးသားများ တော်လှန်ရေးနေ့မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရှမ်းအမျိုးသားများ တော်လှန်ရေးနေ့ အခမ်းအနားကို ဒီလ ၂၁ ရက် စနေနေ့က ထိုင်း၊ မြန်မာနယ်စပ် SSA တောင်ပိုင်းဌာနချုပ် လွိုင်တန်လျန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းက ကိုယ်စားလှယ်အဖွဲ့လည်း အတူတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းရေးကို ဆွေးနွေးနေဆဲဖြစ်ပြီး မကြာမီ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းစံမိန်းက ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ ကျနော်တို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ စည်းလုံးညီညွတ်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တာပေါ့နော်။ ရှေ့ကာလတည်းမှာပေါ့ ကျနော်တို့ တစုတစည်းတည်း စုစည်းနိုင်ဖို့ရယ်၊ ရှမ်းပြည်တပ်မတော် တခုတည်း ဖြစ်သည်ထိကို ကျနော်တို့ ကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ်။ အခု ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်တွေ ဒါတွေချမှတ်ဖို့ အတွက်ပေ့ါနော် အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အဲဒီကဏ္ဍတွေ ပြီးဆုံးပြီ ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှု ရရှိမယ်လို့တော့ ယုံကြည်ပါတယ်ခင်ဗျ။”

လက်ရှိခေါ်ဆိုနေတဲ့ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းဟာ ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဗိုလ်ချုပ်ပန်ဖက ဦးဆောင်ပြီး မြန်မာစစ်အစိုးရက တောင်းဆိုတဲ့ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့နောက် ဒီနှစ် မတ်လကစပြီး အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေခဲ့ပါတယ်။ သူတို့ဌာနချုပ်က ရှမ်းပြည်နယ် အလယ်ပိုင်း ဝမ်ဟိုင်းဒေသမှာ အခြေစိုက်တာကြောင့် မြန်မာအစိုးရ သတင်းစာတွေက SSA ဝမ်ဟိုင်းတပ်ဖွဲ့လို့ ခေါ်ဆိုတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် အပစ်မရပ်ခင်က အမည်ကို ပြန်လည်သုံးစွဲခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းကတော့ ၁၉၉၅ ခုနှစ် ဘိန်းဘုရင် ခွန်ဆာရဲ့ မော်ထိုင်း တပ်မတော်ခေါ် MTA က လက်နက်ချချိန်မှာ သီးခြားခွဲထွက်ပြီး မြန်မာစစ်အစိုးရကို ဆက်လက် တော်လှန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို လက်ရှိ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ခေါင်းဆောင်ပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ လက်နက်ကိုင်တပ်ဖွဲ့ကို ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း အမည်နဲ့ ဆက်လက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒီနှစ်ဖွဲ့ ပေါင်းစည်းနိုင်ရင် ဘယ်အမည်နဲ့ ရပ်တည်မလဲ ဆိုတာတော့ အတိအကျ မရွေးချယ် မသတ်မှတ်ရသေးဘူးလို့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းစံမိန်းက ပြောပါတယ်။

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကတော့ SSA မြောက်ပိုင်းနဲ့ တောင်ပိုင်း တပ်ဖွဲ့တွေဟာ စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီးတဲ့နောက်မှာ နိုင်ငံရေး ဦးဆောင်ပါတီအဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အမည်ကို ဆက်လက်သုံးစွဲဖွယ် ရှိတယ်လို့ ဦးခွန်ဆိုင်းက ဆက်ပြောပါတယ်။

“ဘယ်လိုဖြစ်မလဲဆိုတော့ ပါတီကတော့ RCSS ဘက်ကလည်း ထောင်ဖို့ စိတ်ကူးရှိနေတာ ကြာပြီ။ ပေါင်းမယ်ဆိုရင်တော့ ပါတီအသစ် ထပ်ထောင်စရာ မလိုတော့ဘူးပေါ့ဗျာ။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အမည်ကို သူတို့သုံးမယ်။ ဒါပေမဲ့ ဒီပါတီ စည်းမျဉ်းတွေကိုတော့ သူတို့ လောလောဆယ် ဝေဖန်ဆန်းစစ် နေတယ်လို့ ပြောပါတယ်။ တဘက်ကလည်း RCSS ဆိုတာ စစ်ရေး၊ နိုင်ငံရေး အားလုံးကို ဦးစီးတဲ့ ကောင်စီ ဖြစ်တဲ့အတွက်ကြောင့်မို့ ဦးစီးတဲ့ ကောင်စီကတော့ သူတို့ ပူးပေါင်းပြီးတော့ ဖွဲ့မှာပေါ့ဗျာ။ ပူးတွဲပြီးတော့ ဖွဲ့မယ် ဆိုရင်တော့ ဘယ်နာမည်သုံးမယ် ဆိုတာတော့ အခုတော့ ဆုံးဖြတ်ချက် မရသေးဘူးပေါ့။”

လောလောဆယ်မှာတော့ SSA မြောက်ပိုင်း တပ်ဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃,၀၀၀ လောက်နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့ဘက်က လက်နက်ကိုင်အင်အား ၇,၀၀၀ လောက် ရှိမယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းကြပါတယ်။ တဆက်တည်းမှာပဲ ဒီတပ်ဖွဲ့ ၂ ခု ပူးပေါင်းမယ်ဆိုရင် မြန်မာအစိုးရအတွက် စစ်ရေးအရ အခက်အခဲ ပိုရှိလာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG