သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA နဲ့ အစိုးရကိုယ်စားလှယ် သဘာတူညီမှု လက်မှတ်ထိုး


SSA တောင်ပိုင်းရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် (ညာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။ (မေလ ၁၉၊ ၂၀၁၂)
SSA တောင်ပိုင်းရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် (ညာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။ (မေလ ၁၉၊ ၂၀၁၂)

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ကျိုင်းတုံမြို့မှာ ဒီကနေ့ ဆွေးနွေးရာမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ လုံး၀ အဆုံးသတ်ရေး အပါအဝင် အချက် ၁၂ ချက် သဘောတူညီခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ SSA တောင်ပိုင်းရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ဦးဆောင်တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို မြန်မာ ကိုယ်စားလှယ်ဖက် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက် လာတာကြောင့် မပြေလည်သေးတဲ့ စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ အလေးအနက် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်နေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာက သုံးသပ်ပါတယ်။ ဒီသတင်းအပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော် - တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည်ထူတောင်ရေး ကောင်စီ RCSS/SSA နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ဟာ ဒီကနေ့ မနက် ၉ နာရီ စတင်ဆွေးနွေးခဲ့ပြီး ညနေ ၅ နာရီလောက်မှာတော့ သဘောတူညီချက် ၁၂ချက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲအခြေအနေကို RCSS ရဲ့ အတိုင်ပင်ခံ တဦးဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို ပြောပါတယ်။

“ဒီနေ့ ဆွေးနွေးပွဲ အခြေအနေကတော့ RCSS/SSA ဘက်ကနေပြီးတော့မှ ဆွေးနွေးချက်တွေ ၁၂ ချက် ရှိပါတယ်။ အဓိကကတော့ ဒီ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့။ နံပတ် (၁) အနေနဲ့က။ နံပတ် (၂) ကတော့ အရင့် အရင်က ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ချုပ်ခဲ့ပြီးတော့မှ ဆက်လက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေမှုကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ကိစ္စတွေပေါ့နော်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ လောလောဆယ် သဘောတူညီချက် ရပြီးတော့မှ မကြာခင်မိနစ်ပိုင်းအတွင်းမှာ သူတို့ လက်မှတ်ထိုးမယ်လို့ ကျနော် ထင်တယ်ပေါ့နော်။”

ဒါကတော့ ဦးခွန်ဆိုင်းက ညနေ ၅ နာရီလောက်က ပြောဆိုထားတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးကတော့ ၇ နာရီခွဲလောက်မှာ လက်မှတ်ရေးထိုး ဖြစ်မယ်လို့ ပြောပါတယ်။

RCSS နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ အရင်ဆွေးနွေးစဉ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီလို ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးတဲ့နောက်မှာ အနည်းဆုံး တိုက်ပွဲ ၁၇ ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။

ဒီတခေါက်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင် တက်ရောက်လာတဲ့အတွက် တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆောင်ရွက်ရာမှာ ပိုပြီး အကောင်အထည် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဦးခွန်ဆိုင်းက ပြောပါတယ်။

“ထူးခြားချက်က ဘာလဲ ဆိုတော့ ဒု ကာကွယ်ရေးဦးစီးချုပ်။ နောက်ပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ် ကြည်း အနေနဲ့ လာပြီးတော့မှ တက်ရောက်တယ်။ တိုင်းမှူးတွေ ကိုယ်တိုင်တက်ရောက်တယ်။ အဲတော့ ဆွေးနွေးပွဲ ဒီနေ့က ပိုပြီးတော့မှ ထိရောက်တယ်။ ဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ရတာတွေ အားလုံးက အထက်ကနေ အောက်ခြေအထိ အကောင်အထည် ဖော်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြတာပေါ့ဗျာ။”

ဒီကနေ့ ဆွေးနွေးပွဲမှာ မီးရထား ဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးတို့နဲ့အတူ ရှမ်းပြည်နယ်က စစ်တိုင်းမှူး ၃ ယောက်လည်း ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲအပေါ်မှာတော့ ဦးခွန်ဆိုင်းက အခုလို သုံးသပ်ပါတယ်။

“ဒီကနေ့ ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာကို ကျနော်တို့ မြင်ရတယ်။ နောက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးတာ ဒီဥစ္စာ အင်မတန်မှ နိမိတ်လက္ခဏာ ကောင်းတယ်လို့ ကျနော်လည်း မြင်ပါတယ်။ ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ် ဒီတိုင်းပဲ ဆွေးနွေးသွားမယ်ဆိုရင် နောက်ပိုင်းဆိုရင် ကျနော်တို့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရရှိဖို့ရာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်နိုင်လောက်တယ် ပေါ့ဗျာ။”

RCSS နဲ့ ဒီလို ဆွေးနွေးတဲ့နေ့မှာပဲ မြန်မာအစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ဒီကနေ့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ငန်းတာဝန်တွေမှာတော့ ၂၀၀၉ ခုနှစ်က အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေကို စစ်အစိုးရက တောင်းဆိုခဲ့တဲ့ ပါတီဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ဖို့နဲ့ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ပြောင်းဖို့ ဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။ ဒီတောင်းဆိုချက်တွေကြောင့် အရင် အပစ်ရပ်ထားတဲ့ ဝ၊ မိုင်းလား၊ ကချင် နဲ့ မွန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်အစိုးရကြားမှာ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ RCSS ကတော့ ဒီအချက်တွေကို လတ်တလောမဆွေးနွေးဖို့ အရင်ဆွေးနွေးပွဲတွေမှာကတည်းက တင်ပြထားတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် RCSS/SSA အဖွဲ့ဟာ ၁၉၉၆ခုနှစ်က ဘိန်းဘုရင်ခွန်ဆာ လက်နက်ချတုန်းက သီးခြားခွဲထွက်ပြီး အစိုးရကို ဆက်လက် တော်လှန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အရင်စစ်အစိုးရလက်ထက်က အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက် မရခဲ့ဘဲ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးသစ် လက်ထက်မှာမှ အပစ်အခတ်ရပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု နောက်ဆုံးရတဲ့သတင်းအရတော့ သဘောတူညီချက်တွေကို ၇ နာရီခွဲလောက်က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ မြန်မာအစိုးရဘက်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဝန်ကြီးတချို့နဲ့ တိုင်းမှူးတွေ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသလို SSA ဘက်ကတော့ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် ဦးဆောင်တဲ့ ခေါင်းဆောင်တွေ ပါဝင်ပြီး လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG