သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA မြောက်ပိုင်းဌာနချုပ်ကို မြန်မာအစိုးရတပ် ထိုးစစ်ဆင်


SSA မြောက်ပိုင်းဌာနချုပ်ကို မြန်မာအစိုးရတပ် ထိုးစစ်ဆင်
SSA မြောက်ပိုင်းဌာနချုပ်ကို မြန်မာအစိုးရတပ် ထိုးစစ်ဆင်

ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ SSA တပ်ဖွဲ့တွေ အခြေပြုထားတဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်ကိုင်ဖိတ်ဒေသ ဘက်ကို မြန်မာအစိုးရတပ်က အင်အား အလုံးအရင်းနဲ့ လေးရက်ကြာ တိုက်ခိုက်နေရာမှာ အခုထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ အခုတိုက်ပွဲက SSA မြောက်ပိုင်းက ဝမ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရတပ်က သိမ်းယူဖို့ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ SSA မြောက်ပိုင်း က ပြောပါတယ်။ ဒီသတင်းအပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းက SSA/ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေ ခြေကုပ်နေရာယူထားတဲ့ နမ့်ကိုင်ဖိတ် ဒေသတလျှောက်မှာ မြန်မာစစ်တပ်တွေ ထိုးစစ်ဆင်လာနေတဲ့အတွက် အခုချိန်အထိ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အခု တိုက်ပွဲဟာဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို ဝင်ရောက်သိမ်းယူဖို့ မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒီနေ့ ကျေးသီးကို သူတို့ ဟိုက်စကီးတွေ ဆင်းမယ်လို့ သတင်း ရထားတယ်။ အဲဒီမှာ သူတို့ တိုင်းချုပ်လား ဘာလားက ဒီမှာလာပြီး ကွပ်ကဲမယ်ပြောတာပဲ။ အင်အားပေါင်းလိုက်ရင် ၁ ထောင်ကျော်သွားမယ် ထင်တယ်။ သူတို့က ဝမ်ဟိုင်းကို သိမ်းမယ့်စစ်ပွဲမျိုး ဆင်နွှဲနေတော့ အခုတော့ ခံတိုက်နေတုန်းပဲ။ ကျနော်တို့ဘက်က တတ်နိုင်သလောက်တော့ ခံတိုက်နေတယ်။ အခု ယာယီအခြေစိုက်ထားတဲ့ တောင်ကြောတွေမှာပေါ့။ အဲဒီ နမ့်ကိုင်ဖိတ် တလျှောက်ပေါ့။ အဲဒီနေရာ ကျသွားရင် သူတို့က ဝမ်ဟိုင်းကို အလွယ်တကူ ဝင်လို့ရပြီလေ။”

အခုတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်ကူတွေ တိုးမြှင့်ထားပြီး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့လည်း ပြင်းထန်နေတယ်ခင်ဗျ။ ကျနော်တို့ အဲဒီ နမ့်ကိုင်ဖိတ် နေရာမှာပဲ စစ်ကူလာတဲ့ တပ်ဖွဲ့ (၂၂) နဲ့ (၆၇) ပေါ့။ အဲဒီမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်။ ပြီးတော့ ဒီနေ့ မိုင်းယန်က စစ်ကား ၂၂ စီးပေါ့။ ဘယ်တပ်ကလဲတော့ မသိတော့ဘူး။ အဲဒီမှာ စစ်ကူရောက်လာသေးတယ်။ မိုင်းယန် ကနေ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာကို လာတာပေါ့။ အဲဒီအဖွဲ့က ၁၂၀-မမ လက်နက်တွေ တင်လာပြီးတော့ အဲဒါနဲ့ ပြန်ပစ်တာပေါ့။ ကျနော်တို့လူတွေကို။ တနေ့လုံးပဲ ဒီနေ့ တနေ့လုံးပဲ။ ၁၂၀-မမ တွေ၊ နောက်ပြီးတော့ ၈၁၊ ၈၂ တွေနဲ့ပစ်တာ အလုံး ၁၀၀ လောက် ရှိမယ်။ ထိခိုက်မှုကတော့ တိုက်ပွဲက အဲဒီမှာ အပြင်းအထန်ဖြစ်နေတော့ ကျဆုံး၊ ဒဏ်ရာရ သတင်းတွေ အတိအကျ မသိရသေးဘူးဗျ။”

ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသက ဖနမ်ရွာ၊ ခေးပွန်ရွာ၊ ဝမိန်ရွာတွေကိုပါ လက်နက်ကြီးတွေ ကျရောက်ခဲ့ပြီး ရွာသွားတွေပါ ထိခိုက်မှု ရှိနေတယ်ဆိုပေမဲ့ ဒီသတင်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ယခင်က မြောက်ပိုင်း ရှမ်းပြည်တပ်မတော်လို့ခေါ်တဲ့ ဗိုလ်ချုပ် ပန်ဖ ခေါင်းဆောင်တဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ မြန်မာအစိုးရက ဖိအားပေးထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ၂၀၁၀ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်ကနေ ရှမ်းပြည်တိုးတက်ရေး ပါတီကို စတင် တိုက်ခိုက်လာရာကနေ နှစ်ဘက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အခုတိုက်ပွဲဟာ အရင်ကထက် ပိုမိုပြင်းထန်လာတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အရင်တုန်းကဖြစ်တဲ့ တိုက်ပွဲတွေနဲ့စဟာရင်တော့ ဒီတိုက်ပွဲက ရက်လည်းကြာတယ်၊ အပြင်းထန်ဆုံးလည်း ဖြစ်တယ်။ အနည်းဆုံး ကျနော်တို့က နှစ်နာရီ သုံးနာရီလောက်ပဲ တိုက်တာပေါ့။ အခုဟာက လေးငါးရက် ရှိသွားပြီ။”

ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် မိုင်းရယ်နဲ့ ဝမ်ဟိုင်း လမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ကိုင်ဖိတ် စခန်းကို SSA တပ်ဖွဲ့တွေကနေ ဝိုင်းဝန်း ပိတ်ဆို့ထားစဉ်မှာပဲ အစိုးရစစ်တပ်က လေယာဉ်ပျံနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ဝမ်ဟိုင်းအနီးက နမ့်ကိုင်ဖိတ် တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု များပြားနေခဲ့လို့ အခုလို ဗုံးကျဲတိုက်ခိုက်လာတာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုလို မြန်မာစစ်တပ်အနေနဲ့ အင်အားတိုးပြီး စခန်းသိမ်း စစ်ဆင်ရေး ပြုလုပ်လာနေပေမဲ့လည်း SSA/ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေ အနေနဲ့ကတော့ အစွမ်းကုန် ခုခံတိုက်ခိုက်သွားမယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

XS
SM
MD
LG