သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA တောင်ပိုင်းနဲ့ အစိုးရ အဆင့်မြင့်သဘောတူမှုရရှိ


SSA တောင်ပိုင်းနဲ့ အစိုးရ အဆင့်မြင့်သဘောတူမှုရရှိ
SSA တောင်ပိုင်းနဲ့ အစိုးရ အဆင့်မြင့်သဘောတူမှုရရှိ

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေးအပါအဝင် အချက် ၄ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ SSA တောင်ပိုင်းအဖွဲ့ဟာ နိုဝင်ဘာလအတွင်းက ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်မြို့နယ်အတွင်းမှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် အခုတကြိမ် တောင်ကြီးမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။ အခု တောင်ကြီးဆွေးနွေးပွဲမှာ ပြည်နယ်အစိုးရ အဆင့်နဲ့ ဆွေးနွေးသဘောတူခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်ထောင်စုအစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မနေ့က တာချီလိတ်မြို့ကနေ လေယာဉ်နဲ့ တောင်ကြီးမြို့ကို ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မနက်မှာတော့ နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြပြီး အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့က ကိုယ်စားလှယ်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောပါတယ်။

“ပဏာမအနေနဲ့ သူတို့ ဆွေးနွေးဖြစ်တာကတော့ အပစ်အခတ်ရပ်စဲရေးပေါ့နော်။ နောက်တစ်ခုက ကန့်သတ်ထားတဲ့ သူတို့ရဲ့ နယ်မြေကနေကျော်သွားလို့ရှိရင် နှစ်ဘက်စလုံးပေါ့ လက်နက်မပါဘဲ ဖြတ်သွားခွင့်ပြုရေး၊ နောက်တစ်ချက်က ဆက်ဆံရေးရုံးပေါ့၊ သက်ဆိုင်ရာ မြို့ကြီးတွေမှာ ဖွင့်လှစ်နိုင်ဖို့ အဲဒါ ဆွေးနွေးကြတယ်။ နောက်တစ်ချက်က ဒေသဖွံ့ဖြိုးရေးအတွက်ကို ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်။ ထိုးဖြစ်တယ်လို့တော့ သိရပါတယ်။ ကျနော်တို့ ပြည်နယ်အဆင့်ပေါ့နော်။ ပြည်နယ်အဆင့် ဆွေးနွေးကြတယ်၊ သဘောတူတယ်၊ ပြည်ထောင်စုအစိုးရကို တင်ပြမယ်ပေါ့ အဲဒီဆွေးနွေးချက်တွေ အားလုံးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင်။ အဲဒီလို သဘောတူညီချက် ရတယ်လို့ ပြောတယ်။”

ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်း တပ်ဖွဲ့ဘက်က ဗိုလ်ချုပ် စိုင်းလူး ဦးဆောင်ပြီး ကိုယ်စားလှယ် ၈ ယောက် တက်ရောက်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးနဲ့ ရှမ်းပြည်နယ်အစိုးရရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ တို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်းဘက်က နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့နဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို နှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တင်ပြခဲ့ပြီး နိုင်ငံရေးကိစ္စတွေကတော့ မကြာခင်မှာ ပြည်ထောင်စုအစိုးရအဆင့်နဲ့ ထပ်မံဆွေးနွေးနိုင်မယ်လို့ SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ ရင်းနှီးတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ SSA တောင်ပိုင်းက ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းရိုင်မြို့နယ်အတွင်းမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်း အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွတ်ဆစ်က ဦးဆောင်တက်ရောက်ခဲ့ပြီး မြန်မာအစိုးရဘက်ကတော့ မီးရထားပို့ဆောင်ရေးဝန်ကြီး ဦအောင်မင်းက ခေါင်းဆောင်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖြစ် လူသိများတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဟာ အရင်က မြန်မာအစိုးရနဲ့ တခါမှ အပစ်အခတ်ရပ်စဲတာ မရှိသေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၁၉၉၆ ခုနှစ်က ဘိန်းဘုရင်ခွန်ဆာရဲ့ မော်ထိုင်းတပ်မတော် လက်နက်ချစဉ်က သီးခြားခွဲထွက်ပြီး မြန်မာအစိုးရကို ဆက်လက်တော်လှန်နေတာ ဖြစ်ပါတယ်။

ဒီလပိုင်းတွေအတွင်းမှာ မြန်မာအစိုးရဘက်က ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ၀ နဲ့ မိုင်းလား စတဲ့အဖွဲ့တွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်တိုက်ဆိုသလို ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ကချင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ကတော့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က နောက်ဆုံး ဆွေးနွေးခဲ့ပေမဲ့ တိကျတဲ့သဘောတူညီချက် မရခဲ့သလို နှစ်ဘက်တိုက်ခိုက်မှုတွေ ဟာလည်း ဒီကနေ့အထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG