သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားသင်းဆက်သွယ်မှု သမ္မတကိုင်တွယ်ရန် ရှမ်းခေါင်းဆောင်တောင်းဆို


သမ္မတဦးသိန်းစိန်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် တို့ တွေ့ဆုံစဉ်က (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
သမ္မတဦးသိန်းစိန်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် တို့ တွေ့ဆုံစဉ်က (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
အစိုးရနဲ့ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ RCSS/SSA (တောင်ပိုင်း) နဲ့ ဆက်သွယ်လို့ဆိုပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်ကို မတရားအသင်းပုဒ်မနဲ့ တရားစွဲခံထားရတဲ့ကိစ္စ နိုင်ငံတော် သမ္မတကိုယ်တိုင် ဖြေရှင်းပေးဖို့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကတဆင့် သမ္မတထံ တောင်းဆိုလိုက်ပါတယ်။

RCSS/SSA ဆက်သွယ်ရေးရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ အမှုကိုဖြေရှင်းပေးဖို့ကိုလည်း RCSS/SSA ရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုယ်တိုင် ဝန်ကြီးဦးအောင်မင်းကို စာပေးပို့ပြီး တောင်းဆိုထားပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ ငြိမ်းချမ်းရေးတည်ဆောက်နေမှုအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲဆိုတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းတုန်းက ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပျောက်ဆုံးသွားတဲ့အမှုကို RCSS/SSA ရှမ်းပြည်တောင်ပိုင်းရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး အစိုးရစစ်တပ်က ကျိုင်းတုံမြို့က RCSS/SSA ဆက်သွယ်ရေးရုံးခန်းကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့သလို ကျိုင်းတုံမြို့နယ်က SNLD ပါတီ နမ့်လင်းမိုင်ကျေးရွာဥက္ကဋ္ဌ ဦးစိုင်းဂဲျန်ကိုလည်း ရှမ်းတောင်ပိုင်းတပ်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီး ခေါ်ဆောင်သွားပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။

အခုလိုမျိုး SNLD ပါတီဝင်ကို မတရားအသင်းပုဒ်မ (၁၇/၁) နဲ့ အမှုဖွင့်ပြီးတော့ အာမခံမပေးပဲ ကျိုင်းတုံထောင်တွင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် နိုင်ငံတော် သမ္မတ အနေနဲ့ တိုက်ရိုက် ကူညီဖြေရှင်းပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကနေတဆင့် တောင်းဆိုလိုက်တယ်လို့ SNLD ပါတီရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောပါတယ်။
SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး
SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး

“ဦးလှမောင်ရွှေကလည်း ဝန်ကြီးနဲ့သာ ပြောလိုက်ပါတဲ့။ ဒါမှသမ္မတဆီ တက်သွားမှာပေါ့ဆိုလို့ ပြောကြတာပေါ့လေ။ ဒါပေမဲ့ ထုဟယ်၊ ထောင်းဟယ်၊ ဖမ်းဟယ်၊ ချုပ်ဟယ်တုန်းကတော့ သေနတ်ပေးထားတယ်ပေါ့၊ သူ့ကို RCSS က။ ရှင်းရှင်းပြောရင်တော့ ဘာမှမတွေ့ဘူးလေ ၃ ရက် ၄ ရက်လောက် ထောင်းထားပြီးတော့။ အိမ်လာပြပြီးတော့။ ဟိုလူကပြောတယ်တဲ့ လုပ်ချင်သလိုသာလုပ်တော့ ဆရာတို့ရေ၊ ကျနော်တို့က မရှိတာမရှိတာ ဘယ်လိုလုပ်တတ်နိုင်မလဲ ဆိုပြီးတော့။ နောက်ဆုံးကျတော့ (၁၇/၁) နဲ့ အမှုဖွင့်လိုက်တယ်၊ စရခကနေပြီးတော့။ လက်နက်မှုကနေ (၁၇/၁) ဖြစ်လာတယ် ဆိုပါတော့ဗျာ။ အဲဒါတခုပေါ့။ နောက်တော့ ကျနော် ဝန်ကြီးဦးအောင်မင်းကို ပြောပြတော့ ကျနော်တို့က ယုံကြည်မှု တည်ဆောက်ခဲ့တာလို့၊ အဲဒါ အယုံအကြည် ကင်းမဲ့ကုန်မယ် ဝန်ကြီးလို့ အဲဒါလုပ်ကြပါဦးပေါ့နော်။ မေးတဲ့လူတွေကလည်း မေးနေကြပြီ။ အနေအထားတွေ ဘယ်လိုဖြစ်ကုန်ပြီလဲပေါ့လေ။ ကျနော်တို့ ဘယ်လိုဆက်လုပ်ရမလဲပေါ့လေ။ အဲဒီလိုမေးတဲ့အခါကျတော့ ဟိုဖက်ကလည်း သမ္မတကိုတော့ ပြောဖြစ်အောင် ပြောလိမ့်မယ်။ ဒီကိစ္စက အရေးကြီးတယ် ဆိုတာရယ်၊ နောက်ပြီးတော့ ဖြစ်စဉ်အမှန်ကိုလည်း ပြောပြပါလိမ့်မယ်။”

အခုလိုမျိုး မြို့ပေါ်မှာလည်း တရားဝင် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားသလို အစိုးရနဲ့ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ရှမ်းပြည်တောင်ပိုင်းတပ် (RCSS/SSA) နဲ့ ဆက်သွယ်တာဟာ တရားမဝင်ဘူးလို့ ပြောဆိုတဲ့အပေါ်လည်း ဦးခွန်ထွန်းဦးက မေးခွန်းထုတ်ပါတယ်။

“ကျနော်ပြောတာက နောင်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်ကြတော့မလဲပေါ့။ RCSS နဲ့ ဆက်သွယ်လို့ (၁၇/၁) ဆိုရင်လို့ ယွကတ်ဆစ်လည်း ဒီမှာလာတာပဲ။ ဦးယွက်ဆစ်လာလို့ သမ္မတနဲ့ တွေ့တာပဲ။ သမ္မတလည်း (၁၇/၁) နဲ့စွဲပေါ့။ အဲဒီလိုမျိုး ဖြစ်နေမှာပေါ့။ အဲဒီတော့ ဒါက ငြိမ်းချမ်းရေးအတွက် တည်ဆောက်နေတဲ့ အချိန်မှာ ဒီလိုတော့ ဖြစ်တတ်တယ်လေ။ ဒါပေမဲ့ မတရားမှုတော့ မဖြစ်စေချင်ဘူးလေ။ ကျနော်တို့လူလည်း ဘာမှအပြစ်မရှိပဲနဲ့ဖမ်းတယ်။ ဘဝတူတွေထဲ သွားရှာတော့လည်း ဘာမှမတွေ့ဘူး။ misinformation (သတင်းမှား) အပေါ် မူတည်ပြီးလုပ်သလား၊ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သလား၊ ငြိမ်းချမ်းရေးကို ဘယ်လိုထိခိုက်မလဲ ဆိုတာကတော့ ကျနော်ကတော့ ယုံကြည်မှုကတော့ နည်းတော့နည်းသွားမယ်ပေါ့ဗျာ။ အဲဒါကတော့ ကျနော်တို့က လုံးဝယုံကြည်တယ်။ တယောက်နဲ့တယောက် ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုခက်ရင် ခက်သွားမယ်၊ အဲဒါပါပဲ။”

SNLD ပါတီဝင်ကို ဖမ်းဆီးပြီး နောက်ရက်မှာပဲ RCSS/SSA ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဆက်ဆံရေးရုံးကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်တွေက အင်အားသုံးပြီး ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။ ဒီလိုငြိမ်းချမ်းရေး ဆွေးနွေးနေဆဲအချိန် ရှမ်းပြည်တောင်ပိုင်းတပ်ရဲ့ ဆက်ဆံရေးရုံးကို စီးနင်းရှာဖွေခဲ့မှုနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ စာပေးပို့ တောင်းဆိုထားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ အတိုင်ပင်ခံ ဦးခွန်ဆိုင်းက ပြောပါတယ်။

“ဒီကိစ္စကို အမြန်ဖြေရှင်းပေးဖို့ပါ။ ဒီလိုမျိုး တရားဝင်ဖွင့်ထားတဲ့ရုံးကို အဓမ္မ ဘာမှဝရမ်းတွေ ဘာမှမရှိပဲနဲ့ ဒီလိုမျိုး ရှာဖွေတာမျိုးတွေ မရှိဖို့ပေါ့။ အချင်းချင်း လေးစားဖို့ပေါ့နော်။ ဆက်သွယ်ရေးရုံးက အားလုံး ၆ မြို့မှာဖွင့်ထားတယ်။ ဒီ ၆ မြို့မှာ ဖွင့်ထားတဲ့အတွက်ကြောင့်မို့လို့ ကျိုင်းတုံက တခုပါတာပေါ့။ အခုဖြစ်တဲ့ဥစ္စာက မတရား ဒီလိုမျိုး ယုံကြည်မှု ပျက်ပြားအောင် တခါတည်း ခွင့်ပြုချက် မတောင်းပဲနဲ့ ဝင်ရောက်စီးနင်း ရှာဖွေတာမျိုးတွေ ထပ်မံမဖြစ်ပါစေနဲ့ပေါ့။ အဲဒါတွေ ပြောပါတယ်။”

တပြည်လုံး အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အလေးအနက်ထား ဆွေးနွေးနေကြချိန်မှာ အခုလိုမျိုး အစိုးရနဲ့ ပြည်ထောင်စုအဆင့်အထိ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA (ရှမ်းပြည်တောင်ပိုင်း) နဲ့ တရားဝင် ရပ်တည်လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ SNLD အပေါ်မှာ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေမှာ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ထားတာတွေကို ပျက်ပြားစေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတွေကို ထိခိုက်စေနိုင်တယ်လို့ SNLD ဘက်ကရော RCSS/SSA ဘက်ကပါ စိုးရိမ်မကင်းဖြစ်မိတယ်လို့ ပြောဆိုသလို ဒီဖြစ်ရပ်တွေကို နိုင်ငံတော်သမ္မတ အနေနဲ့ ဝင်ရောက် ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုကြပါတယ်။
XS
SM
MD
LG