သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ


SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ
SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ဝမ့်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေက ဝိုင်းထားဆဲဖြစ်ပြီး တဘက်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် သံဃာတော်တွေကို စေလွှတ်ခဲ့ပါတယ်။ အဲဒီလို စေလွှတ်ပြီးတဲ့ နောက်ပိုင်းမှာပဲ ဒေသခံ ရွာသားတွေ ပိုင်တဲ့ မော်တော်ယာဉ်တွေကို ချောဆွဲခဲ့တဲ့ မြန်မာစစ်တပ်တွေနဲ့ SSPP တပ်ဖွဲ့တွေအကြား ၂ ကြိမ်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ ထူးခြားချက်ကတော့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းအဖွဲ့က SSA မြောက်ပိုင်း တပ်တွေဆီ လာနေတဲ့ အစိုးရတပ်ဖွဲ့ ယာဉ်တန်းကို လမ်းခုလတ်က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး စစ်ရေး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရတပ်တွေ အနေနဲ့ ဝမ့်ဟိုင်း ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ရပ်တန့်နေတာဟာ နည်းဗျူဟာ အပြောင်းအလဲ လုပ်ဆောင်နေတာလို့ SSPP ခေါင်းဆောင်တွေက ယူဆနေတဲ့အကြောင်း စုံစမ်းထားတဲ့ နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်း ဌာနချုပ် ဒေသကို ဝိုင်းထားတဲ့ အခြေအနေမှာပဲ ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ထဲက ဒေသခံ ရွာသားတွေ ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေကို လာရောက် ချောဆွဲတဲ့ မြန်မာစစ်တပ်တွေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်တွေကနေ စားနပ်ရိက္ခာ၊ စစ်ပစ္စည်းတွေ သယ်ဆောင်ဖို့ ကားချောဆွဲတဲ့ အချိန်မှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“မနေ့က အဲဒီ မိုင်းယန်တပ် ခလရ ၃၂၅ က သီပေါမြို့နယ်ထဲက ပုံလျမ်းဆိုတဲ့ ရွာထဲကို ထော်လာဂျီကား ၅ စီး ပေါ်တာဆွဲတယ်၊ ချောဆွဲတာပေါ့။ သူတို့ လိုအပ်မှုရှိရင် အဲဒီ ပါစင်ဂျာကားဖြစ်ဖြစ် ရွာထဲက တွေ့သမျှ အဲဒီ ထော်လာဂျီ အကြီးအငယ်ဖြစ်ဖြစ် သူတို့ ရိက္ခာ၊ လက်နက်ခဲယမ်းတို့ တင်ဖို့ပေါ့။ အဲဒီမှာ သူတို့အသွားမှာ ကျနော်တို့တပ်က စောင့်ပြီးတော့ တိုက်တယ်လေ။ တနာရီဝန်းကျင်လောက်ပေါ့။ အဲဒီတိုက်ပွဲမှာ ခလရ ၃၂၅ က တယောက်ကျတယ်။ ၅ ယောက် ဒဏ်ရာရတယ်။ နောက် အဲဒီအဖွဲ့ပဲ ၅ နာရီလောက်မှာ အဲဒီရွာအဝင်မှာ ကျနော်တို့လူ စောင့်ပြီးတော့ ပြန်တိုက်တယ်။ ထိခိုက်မှုတော့ များတယ်။ အတိအကျတော့ ကျနော်တို့လည်း စုံစမ်း စိစစ်ဆဲပဲ။”

မြန်မာစစ်တပ်ဟာ ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းလာတဲ့ အနေအထားမှာပဲ အခုလို တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဘက်ကို သွားမယ့် မြန်မာစစ်ယာဉ်တန်းတွေကို တောင်ပိုင်း SSA တပ်ဖွဲ့တွေကနေ လမ်းခရီးမှာ ဖြတ်တိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေတွေကို တောင်ပိုင်း SSA တပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“မြောက်ပိုင်းတပ်တွေကို စစ်အစိုးရက လာပြီး တိုက်ခိုက်တဲ့ အချိန်မှာ ကျနော်တို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တွေကလည်း မြောက်ပိုင်းတပ်တွေကို ကူညီဖို့ စစ်ရေးအရ အကူအညီပေးပြီး တိုက်ခိုက်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ အခုလည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ကျနော်တို့က သတင်းရရှိလို့ မိုင်းနောင်ကနေ ဝမ်ကျင်း ကားလမ်းပေါ်မှာ ကျနော်တို့ SSA ပြောက်ကျားတပ်ဖွဲ့တဖွဲ့ ခြုံခို တိုက်ခိုက်တာပေါ့။ နေ့လယ် ၁၂ နာရီကနေ ၁၂ ခွဲအထိပေါ့။ ခမရ ၅၇၇၊ စကခ ၂၊ မိုင်းနောင်အခြေစိုက် ကား ၅ စီးပေါ့နော်၊ သူတို့လာတာ။ မြောက်ပိုင်းတပ်ဖွဲ့တွေကို သွားမယ့် Convoy ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ ဝင်တိုက်တော့ ၃ ဦး ဒဏ်ရာရရှိကြတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းညွန့်လို့ ပြောတယ်။ အဲဒီမှာ ဒဏ်ရာရရှိသွားတယ်။”

တောင်ပိုင်း SSA တပ်ဖွဲ့တွေ အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အကူအညီ ဆက်ပေးသွားမယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ မြောက်ပိုင်း SSA ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်း ဌာနချုပ်ကို ဝိုင်းပတ် ပိတ်ဆို့ထားပေမဲ့ စခန်းသိမ်း ထိုးစစ်ဆင်မှုတွေ မပြုလုပ်ရသေးပါဘူး။ အခုလို ရပ်ဆိုင်းထားတဲ့ အခြေအနေဟာ မြန်မာစစ်တပ်ဘက်ကနေ နည်းဗျူဟာပြောင်းတာ ဖြစ်နိုင်တယ်ဆိုပြီး ပါတီခေါင်းဆောင်တွေ ပြောဆိုနေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေတော့ ပြောခဲ့တယ်။ သူတို့ အလုံးအရင်းနဲ့ ကျနော်တို့ ဝမ့်ဟိုင်း ဌာနချုပ်ကို အဲဒီ ၁၈ ရက်နေ့ကနေ အခုထက်ထိ ပိတ်ဆို့ထားဆဲပဲ။ အခုဟာ သူတို့ နည်းဗျူဟာပြောင်းတဲ့ သဘောမျိုး ရှိတယ်။ အခု သူတို့ထဲက ပြဿနာ တခုခုလား ဒါမှမဟုတ် သူတို့မှာ ပြင်ဆင်မှု နောက်ထပ် Plan ချဖို့တော့ မပြီးမြောက်သေးလို့လား မသိဘူးလေ။ လက်ရှိနေရာမှာပဲ သူတို့ တပ်စွဲထားတယ်ဆိုတော့ တခုခုတော့ တခုခုပဲ။”

၂၀၁၀ ခုနှစ် မတ်လကစပြီး မြန်မာစစ်တပ်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ရဲ့ အခြေခံစခန်းတွေဖြစ်တဲ့ နမ်းမစခန်း၊ နမ့်လောင်စခန်း၊ စိန်ကျော့စခန်း၊ နောင်ချိုစခန်း၊ နမ့်ကိုင်ဖိတ် စခန်းတွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို အပြီးသိမ်းယူဖို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ အခုလို စစ်ဆင်မှု ရပ်တန့်နေတာဟာ မြန်မာစစ်တပ်ဘက်ကနေ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန်ယူနေတယ်လို့ နယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောဆိုသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG