သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တွင်း တိုက်ပွဲတွေ ခေတ္တ ရပ်စဲ


SSA ရှမ်းပြည်မြောက်ပိုင်း တပ် စစ်စခန်း။ သတင်းဓာတ်ပုံ- SSPP/SSA FB။
SSA ရှမ်းပြည်မြောက်ပိုင်း တပ် စစ်စခန်း။ သတင်းဓာတ်ပုံ- SSPP/SSA FB။

မြန်မာ့တပ်မတော်ဘက်က အောက်ခြေတပ်တွေကို ထိုးစစ်တွေရပ်ဖို့ ညွှန်ကြား လိုက်တဲ့ အတွက် ရှမ်းပြည်နယ် အလယ်ပိုင်းတွင်း ရှမ်းမြောက်ပိုင်းတပ် နဲ့မြန်မာ တပ်တို့ကြား တိုက်ပွဲတွေ ခေတ္တရပ်တန့်သွားတယ်လို့ SSA ရှမ်းပြည်မြောက်ပိုင်း တပ် ပြောခွင့်ရ ဗိုလ်မှူးကြီးကပြောပါတယ်။ ဒါပေမဲ့ စစ်ရှောင် ထွက်ပြေးနေရတဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေ ကတော့ မိမိတို့နေရပ်ရင်းကို မပြန်နိုင်ကြသေးပဲဖြစ်နေပါတယ်။ ရှမ်းတိုက်ပွဲတွေနဲ့ စစ်ဘေး ဒုက္ခသည်တွေရဲ့နောက်ဆုံးရ အခြေအနေ အသေးစိတ် မဆုမွန်က တင်ပြပေးထားပါတယ်။

အောက်တိုဘာလ ၆ရက်နေ့ကစလို့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA North တပ်တွေနဲ့ မြန်မာအစိုးရတပ်တို့ကြား ရှမ်းပြည်နယ် အလယ်ပိုင်း ဒေသတွေ မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။ အစိုးရ တပ်ဘက်က လေကြောင်း နဲ့ပါ တိုက်စစ်ဆင်ခဲ့တဲ့ အတွက် ရှမ်းဒေသခံပြည်သူ ထောင်ချီ စစ်ဘေးဒဏ်လွတ်အောင် တိမ်းပြေး တိမ်းရှောင်နေကြရပြီးတော့ စစ်ရေးက အတော်လေးကို တင်းမာလာတဲ့ အနေအထားမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ နိုဝင်ဘာ ၂၀ရက်က ရန်ကုန်မှာ အကြိုတွေ့ဆုံ -ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံမှုအပြီးမှာပဲ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘက်က တိုက်ပွဲရပ်ကြောင်း သူ့တပ်တွေကို အကြောင်းကြားလိုက်တဲ့ အတွက် ရှမ်းပြည်နယ်တွင်း တိုက်ပွဲ ခေတ္တ ရပ်တန့်သွားတယ်လို့ SSA ရှမ်းပြည်မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ စစ်ပွဲတော့ မနေ့က အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူးက တိုက်ပွဲရပ်-တဲ့အကြောင်း သူတို့တပ်ကို အသိပေးလိုက်တယ်လေ။

မဆုမွန်။ ။ တိုက်ပွဲ ရပ်ခိုင်းလိုက်တာပေါ့ ဗိုလ်မှူးကြီး။

SSA ရှမ်းပြည်မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ အဲ့ဒီ့တော့ ဒီနေ့ အခြေအနေက ဘယ်လိုရှိပါလဲရှင်။ အခုဖြစ်နေတဲ့နေရာတွေမှာလေ။

SSA ရှမ်းပြည်မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ။ ။ ဒီကနေ့တော့ ဘာမှ မကြားသေးဘူး။

မဆုမွန်။ ။ ဟုတ်ကဲ့။ တိုက်ပွဲရပ်သွားတဲ့အနေအထားပေါ့ ဗိုလ်မှူးကြီး။

SSA ရှမ်းပြည်မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ။ ။ ဟုတ်တယ်။ ဟုတ်ကဲ့။

မဆုမွန်။ ။ ဘယ်လိုများ သဘောတူညီချက်ရခဲ့ပါလဲရှင်။

SSA ရှမ်းပြည်မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ။ ။ ဆွေးနွေးတဲ့အပေါ်မှာ မူတည်မယ်။ ၂၃ရက်နေ့ ချိန်းထားတာ။

လာမယ့် နိုဝင်ဘာလ ၂၃ တနင်္လာနေ့မှာ နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့တွေ ပြန်လည်တွေ့ဆုံကြဖို့ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းနိုင်ရေးနဲ့ တိုက်ပွဲရပ်ရေးကတော့ ဒီဆွေးနွေးမှုရလဒ်အပေါ် မူတည်တယ်လို့လည်း ဗိုလ်မှုးကြီး ဖိန်ဖက ပြောဆိုသွားတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ အခြေအနေပြမြေပုံ။ သတင်းဓာတ်ပုံ- Credit to UNOCHA
တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ အခြေအနေပြမြေပုံ။ သတင်းဓာတ်ပုံ- Credit to UNOCHA

ရှမ်းပြည်နယ်အလယ်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ခေတ္တ ရပ်တန့် သွားပေမဲ့လို့ တိုက်ပွဲဖြစ်ပွားချိန် အစိုးရတပ်ဘက်က လေကြောင်း နဲ့ပါ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြဆဲဖြစ်ပြီး နေရပ်ရင်းကို မပြန်ရဲကြသေးဘူးလို့ ရှမ်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကို စိုင်းခွန်မိုင် က ပြောပါတယ်။

“ဟုတ်ကဲ့။ အခု မိုင်းတောင်၊ မိုင်းရှုး၊ ဒီ ဝမ်ဟိုင်း ဖြစ်နေတဲ့နေရာတွေမှာတော့ အခုဒီရက်ပိုင်းအခြေအနေကတော့ ဒီတောင်ကြီးဘက်ကနေ စစ်ကားတွေ အစီးသုံးဆယ်လောက် ထွက်သွားသေးတယ်ပေါ့။ ဒါပေမဲ့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ ဒီမိုင်းရှုးဘက်မှာရယ် မိုင်းပါဘက်မှာရယ် ဝမ်ဟိုင်းဘက်မှာရယ် မိုင်းတောင်ဘက်မှာတော့ နည်းနည်းတော့ တိတ်ဆိတ်နေသေးတယ်ခင်ဗျ။ မဖြစ်ဘူးလားဆိုတော့ ဖြစ်တော့ဖြစ်တယ်။ နည်းနည်းပါးပါးလောက်ပဲပေါ့။ သိပ်ပြီးတော့ မပြင်းထန်သေးဘူးပေါ့။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒီ ၉ရက်နေ့ ကစလို့ ဖြစ်ခဲ့တဲ့ ဟာတွေတော့ ပြင်းထန်မှုရှိတယ်။ နောက် အဲ့ဒီ့အတွက်ကြောင့် မို့လည်း ပြည်သူပြည်သားတွေ ရွာသူရွာသားတွေ ထွက်ပြေးပြီးတော့ အခုအချိန်အထိလည်း အိမ်မပြန်ရဲသေးဘူးပေါ့။”

တိုက်ပွဲတွေ အရှိန်လျော့ချနိုင်ရေး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေကနေ နယ်မြေတည်ငြိမ် အေးချမ်းနိုင်ရေး စစ်မှန်တဲ့ ပြေလည်တဲ့ နည်းလမ်းရဖို့ ရှမ်းပြည်သူတွေက လိုလားနေကြတယ်လို့လည်း စိုင်းခွန်မိုင်ကပြောပါတယ်။

“ မနေ့ကလည်း သွားတွေ့ကြတယ်။ ဒါတိကျတဲ့အဖြေလည်း မရသေးဘူးပေါ့လေ။ သူတို့က တနင်္လာနေ့မှ ပြန်ဆွေးနွေးမယ်။ အခုရလဒ်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒါက မသေချာဘူးလေ။ သူတို့ရဲ့ တွေ့ဆုံမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်သူပြည်သားတွေ ရွာသူရွာသားတွေလည်း ဘယ်လိုလဲ ဆိုတော့ ပထမတော့ အပစ်အခတ်ရပ်စဲဖို့ အတွက် သွားဆွေးနွေးတယ်ဆိုတော့ ရွာသူရွာသားတွေလည်း သူတို့ ယာကောက်ရိတ်သိမ်းတဲ့ အချိန်ဖြစ်နေတဲ့ အတွက် တော်တော်လေး ပျော် ရွှင်နေကြတယ်။ ဒါပေမဲ့ ရွာသူရွာသားတွေလည်း ပြန်တော့ မပြန်ရဲကြသေးဘူးခင်ဗျ။”

ထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်တွေအတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိအောင် အဝတ်အစားနဲ့ စားနပ်ရိက္ခာ သောက်သုံးရေ နဲ့ ဆေးဝါးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

“လဲချားဘက်မှာထွက်ပြေးသွားတဲ့သူတွေ တောင်ကြီးဘက်မှာ ပြေးသွားတဲ့သူတွေကလည်း ကူညီတာကတော့ ရှမ်းလူမျိုးကွန်ရက်ပေါ့၊ ရှမ်းလူငယ်အဖွဲ့တွေ၊ နောက် ကျားခေါင်းတွေ၊ ကျားဖြူတွေလည်း သွားကူညီပါတယ်။ နမ့်ခွမ်ပရဟိတတွေလည်း သွားကူညီပါတယ်။

ဒါပေမဲ့ သူတို့အတွက် အဓိက ဘာလိုအပ်လဲဆိုတော့ အခုဒီဆောင်းတွင်းဖြစ်နေတဲ့ အချိန်မှာ စောင်တွေ၊ အနွေးထည်တွေ အဓိက လိုအပ်တာပေါ့။

ဒါပေမဲ့ သူတို့အဓိကဖြစ်စေချင်တဲ့ ဆန္ဒကတော့ သူတို့ ကိုယ့်အိမ်ကို ပြန်ချင်တယ်။ ဘာ “စစ်” မှ မကြားချင်ဘူး။ ဘာသေနတ်သံမှ မကြားချင်ဘူး။ ဒါပြည်သူတွေရဲ့ ထွက်ဆိုချက်ပါခင်ဗျ။”

ဒီလိုနှစ်ဖက်တပ် အကြားဖြစ်ပွါးတဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်အတွင်း မှာ ထောင်ချီတဲ့ ဒေသခံရွာသူရွာသားတွေ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဘေးလွတ်ရာ ကို တိမ်းရှောင်နေကြရချိန်မှာပဲကချင်ပြည်နယ် မိုးညှင်းဒေသဘက်မှာ လဲ မြန်မာ့တပ်မတော် အဖွဲ့နဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေဖြစ်ပွါးနေဆဲ အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG