သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှိန်လျှော့ဖို့ မြန်မာအစိုးရနဲ့ SSA မြောက်ပိုင်း သဘောတူ


မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA
မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA

ကာလအတန်ကြာဖြစ်ပွားနေခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ ဖြေလျှော့နိုင်ရေးအတွက် မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီတွေ ရန်ကုန်မြို့မှာ (၂)ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေး အရှိန်လျှော့ချရေး တပ်ပိုင်းဆိုင်ရာနေရာချထားရေးအပါအဝင် အချက် (၆) ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်း အခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ အဖွဲ့နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့ အကြား နိုဝင်ဘာ (၂၃) ကနေ (၂၄) ရက်နေ့ ညအထိ (၂)ရက်သာတွေ့ဆုံမှု ကနေရ ရှိတဲ့သဘောတူညီချက်ကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာ က အကြီးတန်းအရာရှိ ဦးလှမောင်ရွှေ ကအခုလိုပြောပါတယ်။

“နှစ်ဖက်ပြန်တင်ပြပြီး ဆက်လုပ်မယ်ဆိုတော့ ကျနော်မြင်တာကတော့ ရလဒ်တော့ကောင်းမယ်။ တယောက်နဲ့ တယောက် နားလည်မှု လွဲနေတာတွေကိုလည်း ပြန်ပြီးတော့ တည့်ပေးနိုင်တယ်။ ပြီးတော့ အတူတူ ပူးတွဲဆောင်ရွက်ဖို့ ကိစ္စတွေ မူလတန်းကျောင်းနဲ့ အစိုးရ အထက်တန်းကျောင်း ၁၇ ကျောင်း ယာယီပိတ်ထားတာကို နှစ်ဖက်ပူးပေါင်းပြီး ပြန်ဖွင့်ဖို့၊ စစ်ရှောင်တဲ့သူတွေကို ပြန်လည်နေရာချထားဖို့ အဲလိုမျိုးပူးပေါင်းဆောင်ရွက်တဲ့ဟာတွေရှိတယ်။”

နှစ်ဖက်အဖွဲ့အကြားတွေ့ဆုံမှုမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို လျှော့ချရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီ(၂၈)ရက်မှာ ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်အတိုင်း နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖေါ်သွားဖို့ တိုက်ပွဲကာလ အတွင်း ပိတ်ထားရတဲ့ကျောင်း (၁၇) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ စစ်ပြေးရှောင်တွေနေရပ်ရင်းပြန်နိုင်ဖို့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ အစိုးတို့ပူးပေါင်းလုပ်ဆောင်ဖို့ ပဋိပက္ခဖြစ်ပွားနေတဲ့ မိုင်းနောင်မြို့မှာ ဆက်ဆံရေးရုံးထားရှိဖို့နဲ့ SSPP တပ်ဖွဲ့ တွေအနေနဲ့ မိုင်းရှူး၊ မိုင်းနောင်ကားလမ်း မြောက်ဖက်ခြမ်းမှာရွှေ့ပြောင်းနေထိုင်ဖို့နဲ့ ကားလမ်းတောင်ဖက်ခြမ်းမှာရှိနေတဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းတွေကို နေရာပြောင်းရွှေ့ဖို့အချက် (၆) ချက် ကို ယေဘူယျ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေကို ၅ ရက်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတင်ပြပြီး အကောင်အထည်ဖော်သွားရမယ်လို့ သဘောတူစာချုပ်မှာဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲ ပထမရက်မှာ မြောက်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ မိုင်းရှူး ၊ မိုင်းနောင်ကားလမ်းမြောက်ဖက်ခြမ်းဘက်ကို တပ်ရုပ်သိမ်းရမယ်ဆိုတဲ့အချက်အပေါ် အခြေအတင်ဆွေးနွေးခဲ့ပြီး သဘောတူညီမရရှိခဲ့တဲ့အခြေအနေကနေ အခုလို အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သဘောတူညီထားတဲ့အချက်တွေအပေါ် SSPP/SSA ဘက်ရဲ့သဘောထားကို မေးမြန်းခဲ့ပေမယ့်လဲ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

နိုဝင်ဘာ ၂၃ ဆွေးနွေးပွဲ ပထမရက်မှာ တပ်ဆုတ်ပေးရမဲ့ တောင်းဆိုချက်နဲ့ပက်သက်ပြီး မြောက်ပိုင်းရှမ်းပြည်တပ်မတော်ရဲ့ ဗဟိုကော်မီတီအစည်းအဝေးမှာဆုံးဖြတ်သွားရမယ်လို့ SSPP ဒုတိယအတွင်းရေးမှူးစိုင်းခမ်းသီကနေ ဗွီအိုအေ ကိုပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့ကို မော်တော်ကားလမ်းတောင်ဖက်ခြမ်းကနေဆုတ်ခွာဖို့ တောင်းဆိုတာဟာ SSPP ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ စီးပွါးရေးလုပ်ကွက်ကိုဖြတ်တောက်တဲ့အနေနဲ့ လုပ် ဆောင်တယ်လို့ရှု့မြင်ကြောင်း ရှမ်းပြည်အရေးလေ့လာသူ ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်စိုင်းမိန်းက အခုလို သုံးသပ်ထားပါတယ်။

“ဒီစာချုပ်ထဲမှာ တွေ့ရှိရတာကတော့ မိုင်းရှူး၊ မိုင်းနောင်မြို့ရဲ့ တောင်ဖက်ခြမ်း ကားလမ်းကို ဆုတ်ပေးရမယ်ဆိုတဲ့ဟာက ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ တော်ဖက်ခြမ်း အသက်ရှူလမ်းကြောင်းလို့ ကျနော်တို့မြင်မိတယ်။ ဘာလဲဆိုတော့ ဒီတာဆန်ဖူးပြဿနာဆိုတဲ့ဟာကလည်း မြန်မာအစိုးရတပ်မတော်အနေနဲ့ ကြည့်လို့ရှိရင် အဲဒီလောက်အရေးပါ အရာရောက်တဲ့ ဒေသတော့ မမြင်မိဘူးလေ။ အစိုးရတပ်မတော်အနေနဲ့ SSPP အပေါ် ဖြတ် ၄ ဖြတ် အသစ်ပုံစံနဲ့ တောင်ဖက်ခြမ်းကို ထပ်ဖြတ်တဲ့ ပုံစံပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စီးပွားရေးမှာ ခနောက်စိမ်းလုပ်ကွက်တွေ၊ သတ္တုတွင်းလုပ်ကွက်တွေ နောက်ပြီးတော့ ဒီတောင်ဖက်ပိုင်းနဲ့ ပေါင်းကူးဆက်ဆံတဲ့ လမ်းကြောင်းတွေကို ပိတ်ထားလိုက်တဲ့သဘောလို့ပဲ မြင်မိတယ်။”

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက မြောက်ပိုင်းရှမ်းပြည်တပ်မတော် ထိန်းချုပ်ရာ တန့်ယန်းမြို့နယ် ထဲက လွယ်လန်းဒေသ နဲ့ ၂၀၁၄ခုနှစ်မှာ တာဖါဆောင်းကူတို့ဆိပ်ဒေသကို ဖယ်ရှားပေးဖို့ မြန်မာတပ်မတော်ဘက်ကတောင်းဆိုချက်ကို SSPPဘက်က လက်မခံခဲ့လို့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပါသေးတယ်။

တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးNCAစာချုပ်လက်မှတ်ရေးထိုးဖို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကနေ ငြင်းဆန်ခဲ့တဲ့နောက်ပိုင်း အောက်တိုဘာလဆန်းကနေစပြီး မြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေ တင်းမာ စွာဖြစ်ပွါးခဲ့ပါတယ်။

အခုလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းရှူးမိုင်းနောင် ကျေးသီးဒေသက ကျေးရွာသား(၈၀၀၀) ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရသလို ဒေသအတွင်းစာသင်ကျောင်း(၁၇)ကျောင်းဟာလဲပိတ်ထားရပါတယ်။

XS
SM
MD
LG