သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲကြောင့် ဝမ်ဟိုင်းဒေသခံများ ထွက်ပြေး တိမ်းရှောင်


တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရှမ်းဒုက္ခသည်များ။ (သြဂုတ်၊ ၂၀၀၉)
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရှမ်းဒုက္ခသည်များ။ (သြဂုတ်၊ ၂၀၀၉)

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆန် ခဲ့တဲ့ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ မြန်မာစစ်တပ် တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ဒေသ အနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲ လို့ ဒေသခံတွေ က ပြောပါတယ်။ အထူးသဖြင့် မြောက်ပိုင်းရှမ်းပြည်တပ်မတော် ဝမ်ဟိုင်းဌာနချုပ်နဲ့ အနီးဝန်းကျင် ရွာသားတွေကို နေရပ်ကနေ ထွက်ခွာဖို့ မြန်မာစစ်တပ်ရဲ့ ညွှန်ကြားချက်ကြောင့် ဒီမနက်ကစပြီး ဒေသကို စွန့်ခွာနေကြရသလို မြန်မာစစ်တပ် ရဲ့ လက်နက်ကြီးဒဏ်ကြောင့် ဝမ်ဟိုင်းဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်တို့ အကြား တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ အထူးသဖြင့် မိုင်းရှုးမြို့နယ် နဲ့ ဆက်စပ်ရာ မိုင်းဆမ်၊ တန့်ယန်းဘက် မှာ နှစ်ဖက် တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွားနေဆဲလို့ မိုင်းရှူးမြို့ခံတဦးဖြစ်သူ ကိုမောင်ခိုင်က အခုလိုပြောပါတယ်။

“အခုဟာက ပတ်ပတ်လည်ပဲ ခင်ဗျာ။ အခုက မိုင်းရှူးမြို့နယ် ပတ်ပတ်လည်ကို အကုန်ဖြစ်နေတယ်။ ဒီဖက်က ဟိုဆူရယ်၊ ကုန်းဖက်ဆန်းပေါ့ အဲဒီဖက်မှာလည်း ဆက်တိုက်ဖြစ်နေတယ်။ မိုင်းရှူး နားပေါ့ အဲဒါလည်း ၂ မိုင်၊၃ မိုင် အကွာပေါ့။ တောင်ဖက်ဆိုရင် လည်း မိုင်းဆမ် ဖက်ပေါ့။ မြောက်ဖက်ဆိုရင်လည်း တန့်ယန်းဖက်ပေါ့။ အနောက်ဖက်မှာတော့ ဝမ့်ဟိုင်းဖက်ပေါ့။ လေးဖက်လေးမျက်နှာ အကုန်လုံးဖြစ်နေတယ် ခင်ဗျာ။ အဓိကတော့ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင်နေ တာပေါ့။”

ဒါ့အပြင် မြောက်ပိုင်းရှမ်းပြည်တပ်မတော် ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းနဲ့ ဝမ့်လွေ၊ မိန်းအက် အစရှိတဲ့ ရွာက ရွာသားတွေကို ဒီကနေ့ နေ့လယ်(၁၂)နာရီနောက်ဆုံး ထားပြီး ရွာထဲကနေ ထွက်ခွာသွားဖို့ မြန်မာ့တပ်မတော်ကနေ ညွှန်ကြားချက်ပေး လာခဲ့သလို ရွာသားတွေ တိမ်းရှောင်နေရပြီလို့လဲ အဆိုပါ မိုင်းရှူးဒေသခံ ကိုမောင်ခိုင်က အခုလို ဆက်ပြောပါတယ်။

“ဒီနေ့မှ ဆုတ်ခိုင်းတယ်လို့ ကြားတယ်။ တချို့ကျတော့ ရွာသားတွေက မနေ့ညကတည်းက ဆုတ်နေကြတယ်ဗျာ။ တချို့ရွာတွေကျတော့ မနေ့ညကတည်းက သူတို့ ပစ် ထည့်နေတော့ ပြေးနေကြတယ်ဗျာ။”

လက်ရှိ ဝမ်ဟိုင်းဌာနချုပ် အတွင်းမှာလဲ ကျောင်းသား ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေ ကို မြောက်ပိုင်းရှမ်းပြည် တပ်မတော်အရာရှိတွေကနေ လုံခြုံရေး အခြေအနေ အရ တိမ်းရှောင်ခိုင်းထားတယ်လို့ ဝမ်ဟိုင်းကျောင်းသား တဦးဖြစ်တဲ့ အိုက်စိုင်းလင်းက ရှမ်းဘာသာနဲ့ ပြောပါတယ်။

သူပြောသွားတာကတော့ “ဒီမနက် ကျနော်တို့လူကြီးတွေက ဝမ့်ဟိုင်းရွာထဲက ကလေးနဲ့ သက်ကြီးရွယ်အို တွေကို ရှောင် ထားခိုင်းပါတယ်။ ပြေးရ၊ ရှောင်ရခက် တဲ့သူတွေပေါ့။ ဘာလို့လဲဆို ဗမာစစ်တပ်က ဘယ်ချိန် လာပစ်မလဲဆိုတာ ခန့်မှန်းလို့ မရနိုင်ဘူးလေ။ ရွာထဲမှာတော့ ဆိတ်ငြိမ်ခြောက်ကပ်နေတယ်”ဆိုပြီး ရှမ်းဘာသာနဲ့ပြောဆိုခဲ့တာပါ။

မနေ့က မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ဌာနချုပ်ဝမ်ဟိုင်းအနီး စာသင်ကျောင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ ရွာသားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေကိုတော့ ရှမ်းသံတော်ဆင့် သတင်းဌာနက သတင်းထောက် နမ်းဟွမ်က အခုလိုပြောပါတယ်။

“စစ်ဖက်ဆိုင်ရာ အရာရှိတွေပြောတာက ရှောင်သင့်ရင် ရှောင်ထားရမယ်လို့ အဲဒီလိုသတိပေးထားလို့ မနေ့ညကလည်း သူတို့ လက်နက်ကြီးကျ ထားလို့ ကျောင်းသားတွေဆို ညကတည်းကရှောင်ထားတာ။ လက်နက်ကြီးကျ တာက ကျောင်းနဲ့ ကိုက် ၅၀ လောက်ပဲ ဝေးတယ်။ နေအိမ် ၂ လုံးထိတယ်။ အဲဒီအိမ်ပိုင်ရှင် ဇနီးနဲ့ သမီး ထိတယ်။ အဲဒီနောက်ပိုင်း သူတို့ တညလုံး ရှောင်ရတယ်။ အဲဒီ ရွာသားတွေ အကုန်လုံး ဒီမနက် အစောကြီး ကတည်းက ထွက်ပြေးနေကြတယ်။ အလျိုလျိုပေါ့။ ဝမ်ဟိုင်းထဲမှာ ရွာသားတွေ မရှိတော့ဘူး။”

ရွာသားတွေအနေနဲ့ မိုင်းရှူး၊ လားရှိုး၊ မိုင်းနောင်မြို့ဖက်မှာ ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။

အခုလို မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ဝမ်ဟိုင်းဌာနချုပ်နဲ့ အနီးဝန်းကျင်ရွာတွေ ထွက်ပြေးတိမ်းရှောင်နေရမှုနဲ့ တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေကိုသိရှိဖို့ အတွက် SSPP/SSA ဘက်ကိုကြိုးစားဆက်သွယ်ခဲ့ပေမယ့်လည်း အဆက်အသွယ် မရရှိခဲ့ပါဘူး။

အောက်တိုဘာ (၂၇) ရက်နေ့က မြန်မာ့တပ်မတော်ကနေသိမ်းပိုက်ထားတဲ့ မိုင်းရှူးမြို့နယ်ထဲက ကောင်းမုံမိန်း တပ်စခန်းတခုကို မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့အပြီး မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ ပိုမို လုပ်ဆောင်လာတာလဲဖြစ်ပါတယ်။

တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ SSPP/SSA မြောက်ပိုင်း ရှမ်းပြည် တပ်မတော် တပ်ဖွဲ့အပေါ် မြန်မာ့တပ်မတော်ကနေ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့ကတည်း ကနေ အခုထိ ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာကြောင့် ကျေးသီး၊ မိုင်းရှူး၊ တန့်ယမ်း၊ မိုင်းနောင်ဒေသတွေဘက်မှာ တိုက်ပွဲပေါင်း(၅၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ သလို ဒေသခံရွာသား(၃၀၀၀)ကျော်ဟာလဲ စစ်ဘေးလွှတ်ရာကို ဒုက္ခသည်အဖြစ်နဲ့ တိမ်းရှောင်နေရပါတယ်။

ဒီလိုဒေသအတွင်း မတည်ငြိမ်သေးတဲ့အခြေအနေတွေကြောင့်ရှမ်းပြည်နယ်အတွင်း မိုင်းရှူးမြို့နယ်တစ်ခုလုံး၊ ကျေးသီးမြို့နယ်တစ်ခုလုံး၊ တန့်ယန်းမြို့နယ် ကျေးရွာအုပ်စု (၈) အုပ်စုနဲ့ ဟိုပန်မြို့နယ်ရှိ ၈ အုပ်စု၊ ဟိုပန်မြို့နယ်မှာ ကျေးရွာအုပ်စု ၄၈ ခုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကနေ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG