သုံးရလွယ်ကူစေသည့် Link များ

ဘိလပ်မြေဟာ ဆောက်လုပ်ရေးမှာ အရေးပါတဲ့ ပစ္စည်းတခုဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို စံနစ်တကျ ထုတ်လုပ်ဖို့ လိုသလို သူ့နဲ့ ဆက်နွယ်ပြီး ကြုံတွေ့ရလေ့ ရှိတဲ့ အန္တရာယ်တွေကိုတော့ သတိပြု ကြဖို့ လိုအပ်တယ်လို့ ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညို ကပြောပါတယ်။

စက်ရုံ ဝန်းကျင်မှာ နေထိုင်သူတွေနဲ့ စက်ရုံ လုပ်သားတွေဟာ ဘိလပ်မြေ ထုတ်လုပ်ရာက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ရဲ့ အန္တရာယ်သာ မကပဲ ဘိလပ်မြေ အမှုန်တွေရဲ့ အန္တရာယ်ကို လက်တွေ့ကြုံနေရသူတွေပါ။ ဘိလပ်မြေထုတ်ရာက ထွက်လာတဲ့ အမှုန်တွေထဲမှာ heavy metals တွေဖြစ်တဲ့ အာဆင်းနစ်၊ ပြဒါး (mercury)၊ ကက်ဒမီယမ် (cadmium)၊ သယ်လီယမ် (thallium) နဲ့ ခဲ (lead) တို့လို ဓါတုအဆိပ်တွေ ပါနေတတ်ပါတယ်။ ဘိလပ်မြေ ၁၀၀ ကီလို ဂရမ် ထုတ်တိုင်း အဆိပ်သင့် ဓါတ်ပါတဲ့ အမှုန် ၁ ppm လောက် ထွက်လာလေ့ရှိတာပါ။ ကာဗွန်ဒိုင်အောက်ဆိုက်ကတော့ ၁၀၀၀ ကီလိုဂရမ် ထုတ်တိုင်း ၉၀၀ ကီလိုဂရမ်လောက်အထိ ထွက်လေ့ရှိတယ်လို့ ပြောပါတယ်။

ဘိလပ်မြေထုတ်လုပ်ဖို့အတွက် မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထုံးကျောက်တောင်တွေကို သဘာဝ ဝန်းကျင် လေ့လာမှု မလုပ်ပဲ ဖြိုချ နေတာကြောင့် ရေထိမ်းတဲ့ တောတောင်တွေ ပြုန်းကုန်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီတောတောင်တွေကို မှီခိုနေကြတဲ့ သံလွင်မြစ်ကမ်း တလျှောက် အဲဒီဒေသက တံငါ ၆ လ လုပ်ပြီး စပါး၆လ စိုက်လေ့ရှိတဲ့ ဒေသခံတွေရဲ့ လူနေမှု စံနစ်တွေကိုလည်း ထိခိုက်စေသလို ဒေသတွင်း ရှေးဟောင်း အမွေအနှစ်တွေ ကိုပါ ဖျက်ဆီးသလို ဖြစ်နေတာပါ။

မြန်မာနိုင်ငံထဲမှာ လက်ရှိ လည်ပါတ်နေတဲ့ ဘိလပ်မြေ စက်ရုံတွေ အတွက် သဘာဝ ဝန်းကျင် ထိခိုက်မှု လျော့ပါးအောင် မလုပ်နိုင်သေးသလို စက်ရုံ ဝန်ထမ်းတွေ အတွက်လည်း ဘေးကင်းအောင်ပါ သေသေချာချာ မဆောင်ရွက်နိုင်သေးတာမို့ ထိခိုက် သေဆုံးမှု အန္တရာယ် တွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ဒီလို အခြေနေမျိုးမှာ နိုင်ငံရပ်ခြား ဝင်ငွေရဖို့ တခုထဲကြည့်ပြီး ဘိလပ်မြေထုတ်လုပ်မှုတွေ မလုပ်ကြဖို့ ပညာရှင်တွေက ပန်ကြားနေပါတယ်။
XS
SM
MD
LG