သုံးရလွယ်ကူစေသည့် Link များ

လူသားတွေ အရောက်သွားပြီး စူးစမ်းတဲ့ ကြယ်တံခွန်က 67P/ Churyumov-Gerasimenko ဖြစ်ပါတယ်။၁၉၆၉ ခုနှစ်မှာ သူ့ကို ပထမဆုံး မှတ်တမ်းတင်ခဲ့တဲ့ ပုဂ္ဂိုလ် ၂ ဦးကို အစွဲပြုပြီး သူတို့ရဲ့ နံမယ်တွေနဲ့ အတူ ထုံးစံအတိုင်း အသစ်တွေ့တဲ့ ဥက္ကာပျံ အစိုင်အခဲကို နံပါတ်စဉ်အတိုင်း နံမယ်ပေးထားတာပါ။ သူ့ကို ESA ဥရောပအာကာသ စူးစမ်းလေ့လာရေးဌာနက အာကာသယာဉ် Rosetta စေလွှတ်ပြီး စူးစမ်းဖို့ ကျိုးစားကြတယ်လို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ဒီကြယ်တံခွန်ဟာ ကမ္ဘာနဲ့ မိုင်ပေါင်း သန်း တရာလောက်အကွာမှာ ရှိပါတယ်။ အလျား ၃ မိုင်ခွဲ - ၄ မိုင်၊ အနံ ၂ မိုင်လောက်ရှိတဲ့ အလတ်စား ကြယ်တံခွန် တခုပါ။ နေပါတ်လမ်းကြောင်း မူတည်ပြီး တရာရီ မိုင်၂ သိန်းကနေ မိုင်တသန်း လောက်နှုံးနဲ့ သွားနေတာပါ။

သူ့ကို စူးစမ်းလေ့လာဖို့ အာကာသယာဉ် Rosetta ကို ၂၀၀၄ ခုနှစ် မတ်လ ၂ ရက်နေ့က စတင်လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ကျမှ ဒီကြယ်တံခွန်ရဲ့ ဂြိုဟ်ပါတ်လမ်းထဲ ဝင်နိုင်ခဲ့တာပါ။ အခုလို ဆယ်စုနှစ်တစုလောက် ကြာမြင့်ရတာဟာ မိုင်းသန်းတရာလောက်အကွာဝေးကို တိုက်ရိုက် မပျံသန်းနိုင်ပဲ ကမ္ဘာ့ဆွဲအားက လွန်သွားရင် ဂြိုဟ်ဆွဲအား၊ လဆွဲအားတွေနဲ့ ပါတ်လမ်းကြောင်း ပြောင်းပြောင်းပြီး အရှိန်ယူ သွားနေရတာကြောင့် လို့ဆိုပါတယ်။

Rosetta အာကာသယာဉ်နဲ့ ကြယ်တံခွန်ကို ထောက်လှန်းမယ့်အပြင် ဒီယာဉ်ပေါ်မှာ ဒီကြယ်တံခွန် ပေါ်ကို ဆင်းမယ့် ဖိုင်လီPhilae ဂြိုဟ်ဆင်းယာဉ်ငယ်ပါ ပါတယ်။ ဒီယာဉ်ငယ်ကို ကြယ်တံခွန်ပေါ် ငြင်ငြင်သာသာ ဆင်းသက်စေပြီး ကြယ်တံခွန်ရဲ့ ဓါတု၊ ရူပ၊ ဘူမိ ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းမှာ ဖြစ်သလို ရေခိုးရေငွေ့ ပါဝင်မှု ကစပြီး ပါဝင်တဲ့ ဓါတ်ငွေ့ သဘောသဘာဝတွေ၊ ပါဝင်ဖွဲ့စည်း ထားတဲ့ ကျောက်အမျိုးအစားနဲ့ မြေအောက်လွှာ အထိ ဖေါက်ထွင်း တိုင်းတာမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG