သုံးရလွယ်ကူစေသည့် Link များ

ငလျင်တွေ မကြာခဏ လှုပ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ မြစ်ဆုံဒေသထဲ ဆည်တွေ ဆောက်သင့် မဆောက်သင့် ဘူမိဗေဒ ပညာရှင်တွေရဲ့ အမြင်ကို မြန်မာနိုင်ငံ ငလျင်ကော်မတီက အတွင်းရေးမှုး ဒေါက်တာမျိုးသန့်က ပြောပြပေးမှာပါ။.

မြစ်ဆုံဒေသမှာ ဆည်ပြန်ဆောက်ဖို့ မဆောက်ဖို့ အခုထိ မရေမရာ အခြေအနေမှာ ရှိနေပါတယ်။ ဒီဒေသဟာ တောင်မြောက်နီးပါး တန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အရှေ့ဘက်ကပ်ရက်မှာ ရှိပြီး အရင်ကလည်း အားပြင်း ငလျင်လှုပ်ခဲ့ဘူးတဲ့ နေရာပါ။ ဒါ့အပြင် ဆောက်မယ့် ဆည်ကလည်း ရေသိုလှောင်မယ့် ပမာဏ သိပ်များတဲ့ ဆည် ဖြစ်နေပါတယ်။ ဒါ့ကြောင့် တကယ်လို့များ ဆည်တွေ ဆောက်ဖြစ်တယ် ဆိုလို့ ရှိရင် ထိခိုက်နိုင်တဲ့ အနေထားက ဘယ်လို ရှိပါသလဲ။ ကြီးမားတဲ့ ရေဖိအားကြောင့် ကြုံလာနိုင်တဲ့ ဆိုးကျိုးတွေကရော ဘာတွေပါလဲ။

မြစ်ဆုံအတွက်ဆိုရင်တော့ ရှုဒေါင့် မျိုးစုံကနေ စဉ်းစားရမှာပေါ့။ ငလျင်တခုထဲအတွက် စဉ်းစားမယ် ဆိုရင်တော့ ဆည်ဖြစ်ဖြစ် အဆောက်အဦးတခုခု ဆောက်မယ် ဆိုရင် ငလျင်ခံနိုင်ရည် ရှိမယ့် ဒီဇိုင်းနဲ့ ဆောက်မယ် ဆိုရင် ဆောက်ဖို့ အကြောင်းပြချက်တော့ ရတာပေါ့။ သို့သော်လည်း တခြားရှုဒေါင့်တွေကပါ ကြည့်ပြီး မှသာလျင် ဆောက်သင့် မဆောက်သင့် ဆုံးဖြတ်ရပါတယ်။ ဖြစ်သင့်တာကတော့ အသေးစိတ် လေ့လာ ဆန်းစစ်ပြီးတဲ့ အခါမှာ တည်ဆောက်တဲ့ ဒီဇိုင်းနဲ့ ဆက်စပ်တာတင် မဟုတ်ပဲနဲ့ ဆောက်ပြီးတဲ့ အချိန် အနာဂါတ် အထိ သူတို့ ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာမျိုးတွေပါ ထည့်သွင်းပြီးတော့ ပြောမယ် ဆိုရင် တော့ ပိုကောင်းတာပေါ့။

ငလျင်ရှုဒေါင့် တခုထဲက ကြည့်မယ်ဆိုရင် သူဟာ စစ်ကိုင်းပြတ်ရွေ့နဲ့ အရှေ့ဘက် ကပ်ရက်မှာ ရှိနေတယ်။ အတိတ်တုန်းကလည်း ပဲ မက်ဂနီကျူ့ ၇.၆ ပါတ်ဝန်းကျင်အထိ လှုပ်ထားခဲ့ဘူးတာ ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့က ၂၀၁၂ သိပိတ်ကျင်းငလျင် လှုပ်တဲ့ အပိုင်းကလွဲလို့ ကျန်တဲ့ အပိုင်းတွေ အတော်များများသည် ငလျင်လှုပ်နိုင်ချေ အလားအလာကလည်း တော်တော် များတယ်ဗျ၊ ဆိုတဲ့ အခါကျတော့ ဘာမှာ ဆန်းစစ်မှု မလုပ်ပဲနဲ့ ငလျင် ဒီဇိုင်း ထည့်မတွက်ပဲနဲ့ သမန်ကာ ရှန်ကာ တွက်ပြီး ဆောက်ခဲ့မယ် ဆိုရင်တော့ အန္တရာယ် အကြီးဆုံးပဲ။

နောက်တခုက ပမာဏကလည်း သိပ်များတဲ့ ဟာကိုး။ ပြတ်ရွေ့တွေကြောင့် ငလျင်လှုပ်ခဲ့မယ် ဆိုရင် down stream မြစ်အောက်ပိုင်း ဒေသမှာ ရှိတဲ့ နေရာတွေမှာ ရိုက်ခတ်မှု ရှိမှာကို ထည့်စဉ်းစားရမှာပေါ့။

နောက်တခုက ရေသိုလှောင်လိုက်တဲ့အတွက် အောက်ခံ ကျောက်တွေရဲ့ resistance ခံနိုင်ရည်အားကို ပျက်စီးစေပြီးတော့ ငလျင် လှုပ်နိုင်တာပေါ့။ reservoir induce earthquake လို့ ခေါ်တာပေါ့။ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ သူတို့ တရုတ်ပြည်မှာလည်း ဖြစ်ထားဖူးတဲ့ အထောက်ထားတွေ ရှိနေတယ်။ နောက် အိန္ဒိယတို့ ဘာတို့မှာ dam တွေ ရေသိုလှောင်လိုက်လို့ ငလျင်တွေ ဘာတွေ လှုပ်ပြီးတော့ ဆည်တွေ ဘာတွေ ကျိုးကျပြီးတော့ down stream မြစ်အောက်ပိုင်းမှာ ရှိတဲ့ နေရာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပြီး လူတွေဘာတွေ အသေအပျောက် များတာတွေ အပျက်အစီးများတာတွေ ရှိထားဘူးတဲ့ စံနမူနာတွေ ရှိနေတာပါ။

ဆိုတော့ ကျွန်တော်တို့က ဆောက်မယ့် စီမံကိန်းထဲမှာ သူတို့ ဘာတွေ ဘာတွေ လုပ်မယ် ဆိုတဲ့ ဟာမျိုးတွေကို အသေးစိတ် လေ့လာပြီးမှ သာလျင် ခွင့်ပြုသင့် မပြုသင့်။ ဒါက ငလျင်ရှုဒေါင့် တခုထဲပဲ ရှိသေးတာ ကျန်တဲ့ဟာတွေ အများကြီး ရှိသေးတယ်။ ဆောက်ပြီးခဲ့မယ် ဆိုရင်လည်း ဘာတွေ ဆက်လုပ်မယ် ဆိုတာ။ ဒါတွေ အားလုံး ဆန်းစစ်ပြီးမှသာလျင် ကျွန်တော်တို့ ဆုံးဖြတ်သင့်တာပေါ့။

ဆည်တည်ဆောက်ပြီး ရေလှောင်လိုက်တဲ့ အခါမှာ အောက်ခံကျောက်တွေ ခံနိုင်ရည် အားကျသွားပြီး လှုပ်တဲ့ ငလျင်အကြောင်း နဲနဲ ရှင်းပြပေးပါ။

ငလျင်က သဘာဝ ဖြစ်တဲ့ ငလျင်နဲ့ လူတွေရဲ့ ပရောဂကြောင့်ဖြစ်လာတဲ့ ငလျင်ဆိုပြီး ခွဲထားတယ်။ အခု ဒီနေရာက စစ်ကိုင်းပြတ်ရွေ့ အရှေ့ဘက်ကပ်ရက်မှာ ရှိနေတာမို့ ဒါက သေချာတယ်၊ သူ့သဘာဝကြောင့် ဖြစ်တဲ့ ငလျင်ကြောင့် ဒီဆည်ပျက်စီးနိုင်တယ်။ လူတွေရဲ့ပရောဂကြောင့် human activity ကြောင့် ဖြစ်နိုင်တာက ဆည်တွေမှာ ရေသိုလှောင် လိုက်ပြီ ဆိုရင် အောက်ခံ ကျောက်တွေပေါ်မှာ သက်ရောက်တဲ့ ရေဖိအား water pressure က ပြောင်းလဲသွားတတ်ပါတယ်။ အဲဒီလို ပြောင်းလဲသွားတဲ့ အချိန်မှာ ပြတ်ရွေ့က ဘေးမှာ ရှိနေရင် ဒီကျောက်တွေ ကွဲအက်ဖို့ ပိုပြီး တွန်းအားပေးတဲ့အတွက် သတိထားဖို့ လိုပါတယ်။

ဒါကြောင့် ဆည်ဆောက်ပြီးပြီ ဆိုရင် ဆည်ပါတ်ဝန်းကျင်မှာ ငလျင်တိုင်းတာစက်တွေ တပ်ဆင်ပြီးတော့ အမြဲစောင့်ကြည့်ပေးရပါတယ်။ တကယ်လို့ ငလျင်တွေ လှုပ်တာ သိပ်စိပ်လာပြီ ဆိုရင် လုပ်သင့်တဲ့ အလုပ်တွေ ထဲမှာ သိုလှောင်ထားတဲ့ ရေတွေကို ပုံမှန်လွှတ်ပေးတာမျိုး လည်းပါ ပါတယ်။ ဒီလို အမြဲစောင့်ကြည့်နိုင်မှသာ ဆည်ကြောင့် ဖြစ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်၊ အထူးသဖြင့် ငလျင်ပေါ့ ဒီရှုဒေါင့်က ကြည့်မယ် ဆိုရင်။ ဒါမျိုးတွေကို ရှောင်ရှားနိုင်မှာပါ။ ဒါ့ကြောင့် ဒါမျိုးတွေဟာ သတိထားတွက်ချက်ရမယ့် စဉ်းစားရမယ့် အထဲမှာ အဓိကကျတဲ့ အချက်တချက်ပါ။

Downstream effect လို့ခေါ်တဲ့ မြစ်ကြောင်းရဲ့ အောက်ပိုင်း ဆည်ဆောက်ထားတဲ့ နေရာရဲ့ အောက်ဖက်မှာ သက်ရောက်တာနဲ့ ပါတ်သက်ပြီး ဥပမာ မြစ်ဆုံဆည် အောက်ပိုင်းက မြစ်ကြီးနားကို ဘယ်အတိုင်းတာထိ ထိခိုက်နိုင်ပါသလဲ။

အခုလောလောဆယ်မှာ အတိအကျ မပြောနိုင်သေးပါဘူး။ ဘာကြောင့်မပြောနိုင်ရသလဲ ဆိုတော့ သေသေချာချာ survey လုပ် လေ့လာတိုင်းထွာထားတာ မရှိသေးလို့ပါ။ တကယ်တမ်းမှာ မြေပြင်အနေအထား အရရော၊ ဆည်ထဲမှာ ရေပမာဏ ဘယ်လောက်အထိ သိုလှောင်မယ် ဆိုတာတွေ၊ ဘာဆည် အမျိုးအစားလဲ ဆိုတာတွေကအစ အားလုံးထည့်သွင်း တွက်ချက်ပြီးမှသာ မြစ်ကြီးနားနဲ့ ဝန်းကျင်ဒေသကို ဘယ်အတိုင်းတာထိ သက်ရောက်နိုင်မယ် ဆိုတာကို အတိအကျ ပြောလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲ ပြောပြော အနဲနဲ့ အများပဲကွာပြီး ထိခိုက်ဖို့ က ရှိနေပါတယ်။

ဒါ့ကြောင့် မဆောက်ခင် ကတည်းက ရေပမာဏ ဘယ်လောက် သိုလှောင်မယ်၊ တကယ်လို့ မတော်တဆ ပျက်စီးခဲ့ရင် မြစ်ကြောင်း အောက်ပိုင်း ဘယ်နေရာ အထိသက်ရောက်မှု ရှိနိုင်မလဲ၊ အန္တရာယ် ဘယ်လောက် ရှိနိုင်မလဲ၊ ဒါတွေကို ရှောင်ရှားနိုင်ဖို့ စီမံကိန်းတွေ ဘယ်လို ချထားသလဲ၊ ဆိုတာတွေကို ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။

ဒါတွေက မြစ်ဆုံအတွက် စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် မြစ်ဆုံကို မရပ်နားခင်က မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ကြီးမှုးပြီး ရန်ကုန်က UMFCCI ကုန်သည်ကြီးများ အသင်းမှာ မြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ ဘူမိဗေဒဆိုင်ရာ ၊ ပထဝီ၊ ငလျင်ဆိုင်ရာ၊ သဘာဝဝန်းကျင်နဲ့ ဇီဝမျိုးကွဲဆိုင်ရာ အပါအဝင် ပညာရှင်တွေ အားလုံး ဝိုင်းပြီး ဆွေးနွေးခဲ့ကြရာမှာ မဆောက်ဖို့ အထောက်အကူပြုတဲ့ အချက် တွေ တင်ပြကြတာ တွေ့ခဲ့ရပြီး ရာခိုင်နှုံးအတော်များများက မဆောက်ဖို့ အကြံပြုခဲ့ကြ ပါတယ်။

XS
SM
MD
LG