သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်နီညိုဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံ


Myanmar to encounter impacts of strongest El Nino in history
Myanmar to encounter impacts of strongest El Nino in history

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကို ခံနေရပါတယ်။ တနှစ်ထက် တနှစ် ပျမ်းမ ျှ အပူချိန်တဖြေးဖြေး တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ၂၀၁၆ ခုနှစ်မှာ အယ်လ်နီညိုပါ ဝင်လာတာမို့အခြေနေတွေ ပိုဆိုးလာတယ်လို့ မိုးလေဝဿ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ အပူရှိန်က တရိပ်ရိပ် တိုးနေပါတယ်။ ၂၀၁၄ ကို အပူဆုံးနှစ်အဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့ရာက ၂၀၁၅ မှာ စံချိန်ကျိုးခဲ့သလို ၂၀၁၆ ဇန်နဝါရီလကို အပူဆုံးလအဖြစ် စံတင်ခဲ့ပေမယ့် ဖေဖေါ်ဝါရီရောက်တော့ ပိုပူလာပြန်တာပါ။ ကမ္ဘာတဝှမ်း အပူရှိန် တနေ့တခြား တိုးနေသလို မြန်မာနိုင်ငံ အတွက်လည်း ၂၁၀၀ ရောက်ရင် လက်ရှိအပူချိန်ထက် ၅ ဒီဂရီ ပိုမြင့်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအထဲ El Nino အယ်လ်နီညို ဖြစ်လာတဲ့အတွက် ဒီ ရာသီဥတုဒဏ်ခံရတဲ့ အပြင် မြန်မာနိုင်ငံတွင်း သစ်တော ပြုန်းတီးနေတာ၊ မိုးလုံးဝ မရွာတာနဲ့ ခရမ်းလွန် ရောင်ခြည် ကျရောက်နှုံး မြင့်မားနေတာတွေဟာ နိုင်ငံတွင်း အပူရှိန်ကို ပို မြင့်စေပါတယ်။ နေရာ အတော်များများမှာ ၄၂- ၄၃ ဒီဂရီ ရှိနေချိန်မှာ အဆိုးဝါးဆုံးက ၄၅ ဒီဂရီ အထက်ရောက်နေတဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။

အယ်လ်နီညိုဟာ ဇွန်လမှာ ကုန်မှာ ဖြစ်ပေမယ့် သူ့ ရိုက်ခတ်မှုက နောက် ၃ လလောက် ရှိနိုင်တာမို့ မိုးရာသီ အကုန်ဖြစ်တဲ့ စက်တင်ဘာလ ကုန်အထိ ရှိနေမယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

အယ်လ်နီညို ဟာ အလွန် ပူပြင်းခြောက်သွေ့တဲ့ ရာသီဖြစ်ပြီး သူနဲ့ ဆန့်ကျင်ဖက် အေးပြီးစွတ်စိုတဲ့ ရာသီက လာနီညာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ၂၀၁၆ ခုနှစ်အဆုံး ၂၀၁၇ နှစ် အစပိုင်းမှာတော့ လာနီညာ ဝင်မှာ ဖြစ်ပါတယ်။

အယ်လ်နီညို နဲ့ လာနီညာ တွေနဲ့ ပါတ်သက်ပြီး အရှင်းဆုံး သိထားဖို့က သူတို့ဟာ ရေနွေး ရေအေး စီးကြောင်းတွေ ဖြစ်တယ်လို့ လည်း ပြောပါတယ်။ တောင်အမေရိကတိုက် မြောက်ဖက် ကမ်းခြေကို ရေနွေးစီးကြောင်းတွေ ဝင်လာရင် အယ်လ်နီညို ရာသီဖြစ်ပြီး ရေအေးစီးကြောင်း ဝင်လာရင် လာနီညာ ရာသီဖြစ်စေ ပါတယ်။

ပုံမှန်အနေထားမှာ တောင်အမေရိကတိုက်ရဲ့ မိုးရွာမှုဟာ အနောက်ဖက်ပိုင်းမှာ ရှိပြီး အရှေ့ဖက်ပိုင်းက မိုးနဲလေ့ရှိပါတယ်။ ဒါပေမယ့် အယ်လ်နီညို ဖြစ်ပြီ ဆိုရင် အနောက်ဖက် မိုးရွာတဲ့ ဖြစ်စဉ် အားလုံးဟာ အရှေ့ဖက်ကို ရောက်သွားပြီး အနောက်ဖက်မှာ မိုးနဲသွားတဲ့ ရာသီဥတု ဖေါက်ပြန်မှုတွေ ဖြစ်စေပါတယ်။

တနည်း ပြောရရင် အီကွေတာရဲ့ တောင်ဖက်ခြမ်းမှာ ရှိတဲ့ သြစတြေးလျ နဲ့ မြောက်ဖက်ခြမ်းမှာ ရှိတဲ့ အရှေ့တောင်အာရှ ဒေသတွေ ကိုကြည့်ရင် ရိုးရိုးနှစ်မှာ မိုးရွာလေ့ရှိပေမယ့် အယ်လ်နီညို ဖေါက်ပြန်မှု ဖြစ်ရင် ရွာမယ့် မိုးတွေ အရှေ့ဘက်ရောက်သွားပြီး မိုးနဲပြီး အပူရှိန် တက်လာတတ်တယ် လို့ ဆိုပါတယ်။

ဒီလို ရာသီဥတု ဖေါက်ပြန်မှုဟာ အရင်တုန်းက ၅ နှစ်လောက်မှ တခါလောက် ဖေါက်ပြန်လေ့ရှိပေမယ့် အခု ၂ နှစ် လောက်မှာ တခါ ဖြစ်နေတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။ ဒါဟာ ကမ္ဘာကြီး ပူနွေးလာမှု ရဲ့ ရိုက်ခတ်မှုပါ။

ဒီလို အယ်လ်နီညို - လာနီညာ လို ရာသီဥတု ဖေါက်ပြန်မှုဟာ သဘာဝအတိုင်းဖြစ်နေတာမို့ ဘာမှ မတတ်နိုင်ပေမယ့် သူ့ဒဏ်ခံရတဲ့ သဘာဝဘေးအန္တရာယ် အတွက် သက်သာ လျော့နဲအောင် စီမံကိန်းတွေ ချလုပ် ဆောင်ဖို့လိုအပ်ပါတယ်။

အပူဒဏ်လျော့နဲစေဖို့ သစ်ပင်စိုက်ပျိုးတာကစပြီး ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်းတွေနဲ့ ရေခန်းခြောက်မှု ပြဿနာ ဖြေရှင်းရေးတွေ အ လေးပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီ့အတွက် ရေဝေရေလဲ ဒေသတွေ ကို ပျက်စီးအောင် လုပ်နေတဲ့ ကြီးမားတဲ့ ရေကာတာကြီးတွေ တည် ဆောက်မှုကို အားမပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတု ဖေါက်ပြန်စေတဲ့ ကမ္ဘာကြီး ပူနွေးမှုကို အထောက်အပံ့ဖြစ်စေတဲ့ ရေကာတာတွေ အများအပြား ဆောက်လုပ်တာနဲ့ ကျောက်မီးသွေး စက်ရုံတွေ တည်ဆောက်တာ တွေ့နေရပြီး၊ သစ်တောပြုန်းတီးမှုက များနေသလို လူဦးရေ တိုးလာတာတွေ တွေ့နေရတာမို့ ဒါတွေကို အစိုးရက မူဝါဒ ချမှတ်ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ လည်း မိုးလေဝဿ ပ ပညာရှင် ဦးထွန်းလွင်က အကြံပေးပါတယ်။

XS
SM
MD
LG