အာကာသထဲမှာ ကြာရှည်နေထိုင်ရင် လူ့ခန္ဓာကိုယ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမယ် ဆိုတာကို သိရဖို့ အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှုး ၂ ဦးဟာ ပထမဆုံး အကြိမ်အဖြစ် အာကာသထဲ တနှစ်ကြာနေထိုင်ဖို့ အပြည်ပြည်ဆိုင်ရာ အာကသစခန်းကို သွားရောက်နေတဲ့ အကြောင်း အမေရိကန် အာကာသစူးစမ်းရေး နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
တနှစ်ကြာနေထိုင်ကြမယ့် သူ ၂ဦး ကတော့ အမေရိကန်အာကာသယာဉ်မှုး Scott Kelly နဲ့ ရုရှားက Mikhail Kornienko တို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ၂၀၁၅ မတ်လ ၂၇ ရက်နေ့က အာကာသထဲ ၆လကြာ နေထိုင်မယ့် Gennady Padalka ပါ အတူ လိုက်ပါပြီး အမေရိကန်နာဆာ၊ ဥရောပ ESA နဲ့ ရုရှားက အာကာသယာဉ်မှုး စုစုပေါင်း ၃ ဦး ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ဆိုယုဇ် အာကာသ လွန်းပျံနဲ့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို တနှစ်ကြာ စမ်းသပ်နေထိုင်ဖို့ ယာဉ်မှုးရွေးတဲ့အထဲမှာ မြေပြင်ပေါ်က လှုပ်ရှားသွားလာနေသူတွေနဲ့ နှိုင်းယှဉ် ကြည့်နိုင်ဖို့အတွက် မျိုးဗီဇ တူတဲ့ အမွှာညီအကိုထဲက တယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အာကာသထဲမှာ နေထိုင်ဖို့ ယာဉ်မှုးတွေ ရွေးချယ်တဲ့အခါမှာ ကျန်းမာရေးကြံ့ခိုင် ကောင်းမွန်သူတွေကို သာ ရွေးချယ်လေံရှိပေမယ့် အာကာသထဲ လနဲ့ချီပြီး နေထိုင်ခဲ့တဲ့ ရုရှားအာကာသယာဉ်မှုး တဦးဟာ ကမ္ဘာမြေပေါ် ပြန်ရောက်လာတဲ့အခါမှာ လမ်း အတော်ကြာ မလျှောက်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။
အာကာသထဲ တာရှည်နေထိုင်မယ် ဆိုရင် အရိုးပွရောဂါနဲ့ ကြွက်သား အားနဲမှုတွေ အပြင် စိတ်ဓါတ်ရေးရာပါ ထိခိုက်မှုတွေ ရှိတတ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ လေ့ကျင့်ခဏ်းတွေ လုပ်ကြပေမယ့် လမ်းကောင်းကောင်း မလျှောက်နိုင်ဖြစ်ကြရတဲ့ အကြောင်းရင်းကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။
အခု အာကာသထဲ ၃၄၂ ရက်ကြာနေထိုင်မယ့် အာကာသယာဉ်မှုး ၂ ဦးကို စမ်းသပ်မှု အဓိက ၆ မျိုး လုပ်ဆောင်မှာ ဖြစ်ပြီး အရိုးကြွက်သားအနေအထား ပြောင်းလဲမှုကိုသိရအောင် နေ့တိုင်း နေထိုင်လှုပ်ရှား သွားလာမှုတွေ၊ အလုပ်ဖိစီးမှု ဒဏ်ခံနိုင်ရည် ဘယ်လောက်ရှိတယ်၊ အိပ်တဲ့ ပုံစံနဲ့ စံနစ် အပြောင်းအလဲ၊ ဦးနှောက်က တွေးတော စဉ်းစားပုံ ပြောင်းမပြောင်း ဆီးဝမ်းသွားတဲ့ ပုံစံကစပြီး အစာချေမှုနဲ့ အစာဟောင်းစွန့်ပစ်မှု စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ကိုယ်ခံအား အနေအထားတွေကို ကမ္ဘာမြေပေါ်မှာ ကျန်ခဲ့တဲ့ အမွှာညီအကိုကို ပုံစံတူ လှုပ်ရှား စားသောက်စေပြီးပါ စမ်းသပ်ကြမှာ ဖြစ်ပါတယ်။