သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ် ဓါတ်လိုက်တဲ့ အန္တရာယ် ဘယ်လိုကာကွယ်မလဲ


Now THIS is a warning label that gets your attention!
Now THIS is a warning label that gets your attention!

ဒီတပါတ်တော့ ဓါတ်လိုက်ရတာ ဘာကြောင့်လဲ၊ လျှပ်စစ်ဓါတ်မလိုက်အောင် အန္တရာယ် မရှိအောင် ဘယ်လိုသုံးရတယ်၊ ဓါတ်လိုက်တဲ့ သူတွေ့ရင် ဘာလုပ်ရမယ် ဆိုတာတွေကို စင်္ကာပူ ဘေးအန္တရာယ် ကင်းရှင်းရေး အရာရှိ ဦးအေးငြိမ်းက ပြောပြပေးမှာပါ။

လျှပ်စစ်ဓါတ်လိုက်တဲ့ အန္တရာယ် ကာကွယ်ဖို့အတွက် အသိပညာဖြန့်ဝေ ပေးရာမှာ ပထမဆုံး ဘာဖြစ်လို့ ဓါတ်လိုက်တယ်ဆိုတာ နားလည်အောင် ပြောပြဖို့ လိုသလို လျှပ်စစ်ကို ဘယ်လို အန္တရာယ် ကင်းအောင် သုံးရမယ်ဆိုတာ သိထားရင် လည်း မတော်တဆ ဖြစ်မှုတွေ လျော့ပါး သွားနိုင်တယ်လို့ ဦးအေးငြိမ်းက ပြောပါတယ်။

လျှပ်စစ်ဓါတ် ခန္ဓာကိုယ်ထဲ ကို ဖြတ်ပြီးစီးသွားတာဟာ ဓါတ်လိုက်တာပါ။ လျှပ်စစ်ဟာ တောက်လျှောက် စီးဆင်းဖို့ လိုတာမို့ ကြားမှာ အဖြတ်အတောက် ခံရရင် ဓါတ်မလိုက်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်က လျှပ်စစ် စီးနိုင်ပါတယ်။ လျှပ်စစ်ဖြတ် စီးနိုင်တဲ့ အရာကို conductor လို့ခေါ်ပါတယ်။ တကယ်လို့ ကိုယ်ရပ်နေတဲ့ နေရာက ရေ စိုနေမယ်၊ သံသတ္တုလို လျှပ်စစ်လွယ်လွယ်ကူကူ စီးနိုင်တဲ့ conductor တွေပေါ်မှာ ရပ်နေမိမယ် ဆိုရင် လျှပ်စစ် စီးစေတာမို့ ဓါတ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ကြိုးတကြိုးထဲကို ကိုင်ရင် လည်းဘာမှ မဖြစ်ပါဘူး။

အခုလို ဘယ်လို ဓါတ်လိုက်တယ် ဆိုတာကို သိထားဖို့ လိုသလို ဘာတွေ သတိထားရ မယ် ဆိုတာလည်း သိဖို့ လိုပါတယ်။ လျှပ်စစ် စီးနေတဲ့ ကရိယာတွေ ကြိုးတွေကို ကိုင်တွယ်ရင် သတိထားရမှာပါ။ ကြိုးဟာ ၂ ပင်လိမ် ကြိုးဖြစ်ရင် သိပ်အန္တရာယ် များပါတယ်။ ကြိုးကို သွယ်တန်းတဲ့ အခါလည်း စံနစ်ကျဖို့ လိုပါတယ်။ ဖြစ်ကတတ်ဆန်း မသွယ်မိဖို့ လိုသလို ကြိုး ပျက်စီးမှု မရှိအောင် ထိမ်းသိမ်း ဖို့လည်း လိုပါတယ်။ မီးခလုပ်တွေကို ကလေးငယ်တွေ လက်လှမ်း မမှီတဲ့ နေရာမှာ တပ်ဆင်ဖို့ လိုပါတယ်။

ပြည်တွင်း သုံး လျှပ်စစ် ပစ္စည်းတွေ အားလုံးမှာ အရည်သွေးပြည့် ဝကြောင်း၊ ကောင်းကောင်း မွန်မွန် အလုပ်လုပ်ကြောင်း စစ်ဆေးထားတဲ့ စစ်ဆေးပြီးကြောင်း စာတမ်း ပါဖို့ လိုပါတယ်။ ဒီလို စစ်ဆေးမထားတဲ့ ပစ္စည်းတွေ ကို မရောင်းဖို့ မသုံးစွဲဖို့ အစိုးရက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ လိုပါတယ်။

လျှပ်စစ်သုံးနေသူတွေ ဘက်ကလည်း စည်းကမ်းကို လိုက်နာဖို့ လိုပါတယ်။ ကိုယ့် အိမ်မှာ မီးသွယ်မယ် ဆိုရင် နားလည် တတ်ကျွမ်းသူကို ခေါ်ပြီး သွယ်ရမှာပါ။ နား သိပ်မလည်ပဲ ကိုယ်တိုင် မီးပြင်တာ မီးသွယ်တာမျိုးက အန္တရာယ် ရှိပါတယ်။ ဓါတ်ကြိုး သက်သက်ကို ပလပ်ပေါက်ထဲ တိုက်ရိုက်သွင်းပြီး မသုံးရပါဘူူး။ ဓါတ်ကြိုး သေးရင် ပါဝါမြင့်တဲ့ မော်တာလို စက်တွေအတွက် မသုံးရပါဘူး။ ပလပ်ပေါက်မှာ အကာ တပ်ပေးထားမယ် ဆိုရင် ကလေးငယ်တွေ အတွက် အန္တရာယ် ကင်းနိုင်ပါတယ်။ ပလပ်ပေါက်မှာ earth ကြိုး ပါတာဟာ အန္တရာယ် နဲစေပါတယ်။

တကယ်လို့ ဓါတ်လိုက်နေတဲ့ သူကို တွေ့ရင် သူ့ကို သွားထိဖို့ မကျိုးစား ရပါဘူး။ အရင်ဆုံး ဓါတ်ကြိုးမှာ လျှပ်စစ်မစီးအောင် ပါဝါကို ဖြတ်ဖို့ လုပ်ရမှာပါ။ မိန်းခလုပ်တွေ့ရင် ချတာ၊ လမ်းတွေမှာဆို transformer တွေမှာ ရှိတဲ့ breaker ချပြီး လျှပ်စစ် ဆက်မစီးအောင် လုပ်ပေးတာမျိုးပါ။ ခြောက်သွေ့တဲ့ သစ်ကိုင်းတို့ အုတ် အင်္ဂတေတို့ ပလပ်စတစ် ပစ္စည်း တို့ကို သုံးပြီး ဓါတ်လိုက်နေသူနဲ့ ဓါတ်ကြိုး လွတ်သွားအောင် ကူညီပေးလို့ ရပါတယ်။ ဓါတ်လိုက်နေသူ လွင့်ထွက်သွားအောင် အတင်းတွန်းထိုး ရိုက်ပုတ်တာမျိုး ပြင်းပြင်းထန်ထန် လုပ်မိရင် ဓါတ်လိုက်လို့ မသေပဲ အဲဒီဒဏ်ရာနဲ့ သေ ဆုံးတဲ့ အဖြစ်မျိုး ကြုံရနိုင်ပါတယ်။

ဓါတ်ကြိုးနဲ့ အဆက်ပြတ်သွားပြီဆို ပထမဆုံး လုပ်ရမှာက Cardiopulmonary resuscitation - CPR လုပ်ရမှာပါ။ အရေးပေါ် အသက်တဲ့ နည်းဟာ သိထားရင် သိပ်မခက်ပါဘူး။ ဓါတ်လိုက်တဲ့သူဟာ နှလုံးခုန် ရပ်သွားတတ်ပါတယ်။ နှလုံးကို အချိန်မှီ ပြန်ခုန်အောင် မလုပ်နိုင်ရင် အသက်ဆုံးတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ နှခေါင်းနဲ့ ပါးစပ်ကို ငုံပြီး လေမှုတ်သွင်းပေးပြီး ရင်ဘတ်မှာ လက်နှစ်ဘက်နဲ့ ဖိလိုက်ကြွလိုက် အခါ ၃၀ လောက် လုပ်ပေးရပါတယ်။ နောက် လေမှုတ်သွင်းပြီး ဖိလိုက်ကြွလိုက် အခါ ၃၀ လောက် ထပ်လုပ်တာမျိုးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် နှလုံး ပြန်ပြီး ခုန်လာနိုင်ပါတယ်။

တကယ်လို့ ဓါတ်လိုက်ပြီး အသက်ဆုံးတဲ့ အထိ ဖြစ်ခဲ့ရင်လည်း သေဆုံးသူအတွက် နစ်နာကြေးပေးဖို့ ဥပဒေ မှာ ထည့်သွင်း ရေးဆွဲပေးရမှာ ဖြစ်ပါတယ်။ လမ်းမှာ ဓါတ်ကြိုးပြုတ်ကျတဲ့ အတွက် ဓါတ်လိုက်သေဆုံးရင် ဘယ်သူ့မှာ တာဝန်ရှိတယ်၊ အိမ်တွေမှာ ဓါတ်လိုက်ရင် မီးကြိုးတပ်ဆင်တဲ့ သူမှာ ဘယ်လို တာဝန်ရှိတယ်၊ ဘယ်လို ပုံစံမျိုးအတွက် နစ်နာကြေးကို ဘယ်လို ပေးမယ်ဆိုတဲ့ အချက်တွေကိုပါ တိတိကျကျ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ဓါတ်လိုက်တာနဲ့ ပါတ်သက်ပြီး လျှပ်စစ်လိုင်းနဲ့ ဆက်ပြီး ဖုံးတွေကို အားသွင်းထား တုန်း ဖုံးမပြောမိဖို့ အရေးကြီးပါတယ်။ မိုးရွာနေတုန်း အမိုးအကာမရှိတဲ့ နေရာမျိုးမှာ ဖုံးသုံးဖို့ မသင့်ပါဘူး။ ဖုံးသုံးနေရင် လျှပ်စစ် သံလိုက်စက်ကွင်း အား ရှိနေတာမို့ မိုးကြိုးကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။ မိုးသည်းသည်း ရွာနေတုန်း အကွယ်အကာမရှိတဲ့ ကွင်းပြောင်ပြောင်ထဲ သွားရင်လည်း လျှပ်စစ် စီးဖို့ လွယ်ကူ စေတဲ့ လက်ကောက်တို့ ဆွဲကြိုးတို့ နာရီတို့ကနေ တဆင့် လျှပ်စစ် စီး နိုင်တာမို့ မိုးကြိုး ပစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG