သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းရေး အင်ဂျင်နီယာ ပညာရပ်


Hakha Landslide (Photo by NB Sila/August 9, 2015)
Hakha Landslide (Photo by NB Sila/August 9, 2015)

အခုအခါမှာ ငွေအင်အား ချို့တဲ့နေတဲ့ မြန်မာနိုင်ငံအတွက် စံနစ်ကျတဲ့ ထိန်းသိမ်းရေးဟာ မရှိမဖြစ် လိုအပ်နေတာပါ။ စက်ပစ္စည်းတွေကအစ သဘာဝ ဝန်းကျင်အတွက် ကမ်းနားမှာ ရေတိုက်စားတာ၊ မြေပြိုတာတွေကစပြီး ထိန်းသိမ်းရေး လုပ်ဖို့ လိုအပ် ပါတယ်။

နိုင်ငံတကာမှာ ပစ္စည်းကအစ သဘာဝဝန်းကျင်အဆုံး ပျက်မှပြင်တာထက် မပျက်စီးခင် တာရှည်ခံအောင် ထိမ်းသိမ်းနိုင်ဖို့ ကျိုးစားနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ အများစုက ပျက်မှ ပြင်မယ် ဆိုတဲ့ အသိက ရိုးစွဲနေတယ်လို့ ဆိုပါတယ်။

ထိန်းသိမ်းရေးအတွက် စားရိတ်စကက ကုန်ကျတာမို့ တတ်နိုင်ရင် မပျက်သရွှေ့ ပြင်ချင်တဲ့ စိတ်မပေါ်တတ်သလို မထိန်းသိမ်းပဲ ဒီအတိုင်း သုံးနေရင်လည်း ရတာမို့ ပျက်မှပဲ ပြင်နေကြတာပါ။ သဘာဝ ဘေးအန္တရာယ်တွေ ကြုံလာရင်လည်း ဖြစ်မှ လှုကြသူတွေ များပါတယ်။ မဖြစ်ခင်က ထိန်းသိမ်းရေးအတွက် အလှုခံရင် လှုချင်သူ မရှိတတ်ပါဘူး။

ထိမ်းသိမ်းရေး အင်ဂျင်နီယာပညာရပ်ဟာ ပညာရပ်တခုအနေနဲ့ ကျယ်ပြန့်လာနေတယ် ဆိုပေမယ့် စံနစ်တကျ လေ့လာမှု သက်တမ်းက နုသေးသလို သူ့အတွက် စံသတ်မှတ်မှု standard ကလည်း ၂၀၁၄ ကမှ စထွက်တာလို့ ဆိုပါတယ်။

ဒီ ထိန်းသိမ်းရေး အင်ဂျင်နီယာပညာရပ်ရဲ့ အဓိက ရည်ရွယ်ချက်က asset လို့ခေါ်တဲ့ ရုပ်ဝတ္တုပစ္စည်းတွေကို စံနစ်တကျ ထိမ်းသိမ်းတဲ့ ပညာဖြစ်ပါတယ်။ ဒီရုပ်ဝတ္ထုပစ္စည်းတွေထဲမှာ လူလုပ်တဲ့ စက်ကရိယာ၊ စက်ရုံ အလုပ်ရုံ၊ ယာဉ်ယန္တရားတွေ ပါဝင်နေသလို သဘာဝ အရ ပေးထားတဲ့ မြစ်ချောင်း၊ တောတောင်၊ ရေမြေတွေလည်း ပါပါတယ်။

လူလုပ်ပစ္စည်းတွေမှာ ပျက်ရင်ရလာမယ့် ဆိုးကျိုးသိပ်များတဲ့ ပစ္စည်း ဥပမာ လေယာဉ်ပျံဆို လမ်းမှာ ပျံနေတုန်း လုံးဝရပ်လို့မဖြစ်သလို တချို့စက်ရုံကြီးတွေမှာ တနာရီလောက် ရပ်သွားတာနဲ့ ဒေါ်လာသန်းနဲ့ချီ ဆုံးရှုံးတာမျိုးကြောင့် မပျက်ခင်က စံနစ်တကျ ထိန်းသိမ်းဖို့ လုပ်ကြတာပါ။

သဘာဝပါတ်ဝန်းကျင်မှာ ဆိုရင်လည်း သစ်ပင်တွေ မဆင်မခြင်ခုတ်ပြီး မြစ်ချောင်းထိမ်းသိမ်းမှုတွေ မလုပ်ရင် ရေကြီးရေလျှံလာတာ မျိုးပါ။ ဒီအခါမှာ နောက်ဆက်တွဲ လူသေဆုံးတဲ့အထိ ဆိုးကျိုးတွေ ရနိုင်ပါတယ်။ လမ်းတွေဆိုရင်လည်း ပျက်မှ သန်းနဲ့ချီ အကုန်ကျခံပြီး ပြင်မယ့်အစား ဒီကုန်ကျစားရိတ်ထဲက တစိတ်တပိုင်းနဲ့ ပုံမှန် ပြုပြင်တာဟာ ဖြစ်လာမယ့် ဘေးဒုက္ခကို ကြိုတင်ကာကွယ်နိုင်ပြီး လမ်းအန္တရာယ် ကင်းစေသလို တာရှည်လည်း ခံပါတယ်။

ဒီလိုကြိုတင်ကာကွယ်ဖို့ လုပ်ရမယ့် စံနစ်တကျ နည်းလမ်းတွေ ရှိနေပါတယ်။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် အများက သိပ်မသိသေးတာမို့ သိအောင် ပညာပေးဖို့ လိုပါတယ်။

ဥပမာ ချင်းပြည်နယ်မှာ မြေပြိုတာ၊ ဧရာဝတီမြစ်ကမ်းပါးတွေ အတိုက်စားခံရတာ၊ လမ်းဘေး မြေပြိုတာတွေ အတွက် ကြိုတင်ကာကွယ်နိုင်တာမျိုးပါ။

အဲဒီမှာ ကျောက်နံရံကြီးတွေ ဆောက်ပြီး ပြင်ကြသလို ဒီကျောက်စီနံရံတွေဟာ မြေပြိုတဲ့အခါ သူတို့ပါရောပြီး ပြိုကျတာတွေ ဖြစ်နေပါတယ်။ ဒီလိုအနေထားမျိုးကို နိုင်ငံတကာမှာတော့ Vetiver လို့ခေါ်တဲ့ အမြစ်ရှည် မြက်မျိုးကို စိုက်ပြီး ကာကွယ်ကြတယ်လို့ ဆိုပါတယ်။ သူ့ကို အတန်းလိုက်စိုက်ပေးရင် အုတ်နံရံ ကြီးတခုလို ဖြစ်သွားစေတာမို့ ကြီးမားတဲ့ structure တွေနဲ့ တည်ဆောက်မှုတွေ လုပ်မယ့်အစား မြက်ကိုစိုက်ပြီး ပါတ်ဝန်းကျင် ထိမ်းသိမ်းရေးလုပ်ကြတာပါ။ ဒီလိုထိန်းသိမ်းရေး လုပ်တဲ့တဲ့ နည်းတွေဟာ သိပ်ကို ကျယ်ပြန့်ပေမယ့် သိထားသင့်တယ်လို့ ဆိုပါတယ်။

အခု အစိုးရသစ်မှာ ဦးဆောင်နေတဲ့ NLD ပါတီဝင်တွေ သိအောင်ကျိုးစားနေ ကြတဲ့ထဲမှာ ဒီပညာရပ်လည်း ပါတာ တွေ့ရတဲ့အတွက် အနာဂါတ်အတွက် အလားအလာ ကောင်းတယ်လို့လည်း ပြောပါတယ်။

ထိန်းသိမ်းရေး အင်ဂျင်နီယာ ပညာရပ်ဟာ လူသိနည်းနေတာမို့ ဒါကို အများသိအောင် ပညာပေးမှုတွေနဲ့ ကျိုးစားနေတယ်လို့ သြစတြေးလျားနိုင်ငံ Monash တက္ကသိုလ်မှာ ထိန်းသိမ်းရေးအင်ဂျင်နီယာပညာ သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဦးသိန်းမော်က ပြောပါတယ်။

XS
SM
MD
LG