သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မဲခေါင်လူငယ် တီထွင်မှုပြိုင်ပွဲ (အပိုင်း ၂ )


Lancang- Mekong (YICMG Part 2)

မဲခေါင်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ ပြိုင်ပွဲကို လူငယ်တွေ စိတ်ဝင်စားလာအောင် ဘာတွေ လုပ်နေပါသလဲ။ ပြိုင်ပွဲအကဲဖြတ်တဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ စိမ်းလဲ့အေးက ပြောပြပေးမှာပါ။

မဲခေါင်လူငယ် တီထွင်မှုပြိုင်ပွဲ
please wait

No media source currently available

0:00 0:07:11 0:00
တိုက်ရိုက် လင့်ခ်

မြန်မာအပါအဝင် မဲခေါင်ဒေသတွင်း ၆ နိုင်ငံရဲ့ YICMG (Youth Innovation Competition on Lancang- Mekong Region’s Govenance and Development) ခေါ် လန်ချန်း-မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဆန်းသစ်တီထွင်မှု ပြိုင်ပွဲတွေ တနှစ်ကို ၂ ကြိမ် ကျင်းပ ပေးနေပါတယ်။ မဲခေါင်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ ပြိုင်ပွဲကို လူငယ်တွေ စိတ်ဝင်စားလာအောင် ဘာတွေ လုပ်နေပါသလဲ။ ပြိုင်ပွဲအကဲဖြတ်တဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ စိမ်းလဲ့အေးက ပြောပြပေးမှာပါ။

၂၀၁၉ YICMG ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒ ပထမနှစ်ဂုဏ်ထူးတန်းက မောင်အုပ်စိုးကျော်၊ မမေမြတ်နိုးဦးနဲ့ မောင်ဇွဲထက်တို့က နေနဲ့ဇီဝ စွမ်းအင်ရောသုံးလို့ရတဲ့ အခြောက်ခံစက် (Development of Hybrid Solar Dryer) တီထွင်မှုနဲ့ The Best Project for Incubation Team Award) အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့သလို ရန်ကုန်တက္ကသိုလ် ဓါတုဗေဒ အထူးပြု မဟာသိပ္ပံကျောင်းသူ မခိုင်ဖြူဖြူသန့် ဦးဆောင်ပြီး လာအိုနဲ့ ဗီယက်နမ်က ကျောင်းသားကျောင်းသူ ၂ ဦးပါတဲ့အဖွဲ့ရဲ့ Green for Future Website ပရောဂျက်က The Best International Team အကောင်းဆုံးနိုင်ငံတကာ အဖွဲ့ဆုကို ရရှိခဲ့ပါတယ်။ ဒီလို ပြိုင်ပွဲတွေ ဘာကြောင့်ကျင်းပပေးနေတာ ပါလဲ။

ဒေါက်တာစိမ်းလဲ့အေး။ ။“ကျမတို့က ဒီ ၂၁ ရာစု သင်ရိုးညွှန်းတန်း နဲ့ သွားကြဖို့တွေ အကုန်လုံး လုပ်နေတဲ့ အချိန်မှာ စာတတ်ဖို့တင် မဟုတ်ဖူးပေါ့၊ ဒီကျောင်းပြီးသွားတဲ့ အခါကျလို့ ရှိရင် ဘယ်လို အသက်မွေးဝမ်းကျောင်း လုပ်မလဲ ဆိုတာကိုပါ ကြိုပြီးတော့ စီစဉ်ပေးတဲ့ အနေနဲ့ curriculum သင်ရိုး ညွှန်းတမ်းတွေရော system - စံနစ်တွေကိုပါ ပြောင်းဖို့ အတွက် လုပ်နေကြတယ် ပေါ့နော်။ တခြား နိုင်ငံတွေကလည်း အဲဒီ ပုံစံထဲ ဝင်နေကြပြီ ဆိုတော့ စာသင်တာတင် မဟုတ်ပဲ ကျောင်းပြီးတာနဲ့ ဘာတွေ လုပ်ကြမလဲ ဘယ်လိုပုံစံ သွားမလဲ ဆိုတာတွေ ပြောင်းနေတဲ့ သဘောမှာ ဒီအစီစဉ် ကလေးက အတော်ကို ထိရောက်ပါတယ်ရှင့်။”

ရန်ကုန်တက္ကသိုလ်မှာ လူငယ်တွေ အတွက် ပြိုင်ပွဲတွေ နှစ်စဉ် ကျင်းပပေးနေပါတယ်။

ဒေါက်တာစိမ်းလဲ့အေး။ ။“ရန်ကုန်တက္ကသိုလ်မှာလေ ကျမတို့က နှစ်တိုင်းနှစ်တိုင်း သိပ္ပံပြပွဲ science fair ဆိုပြီးတော့ ပြိုင်ခိုင်းတယ်။ အဲဒါ အကြီးအကျယ် လုပ်ပါတယ်ရှင့်။ ဒီဇင်ဘာ လတိုင်းမှာ လုပ်ပါတယ်။ ၂၀၂၀က ရန်ကုန်တက္ကသိုလ် နှစ် တရာပြည့်အခန်းအနား။ အဲဒီ အခန်းအနား မတိုင်ခင်မှာ ရာပြည့်အကြို ဆိုပြီးတော့ ကျမတို့က သိပ္ပံပြပွဲ ကို လုပ်လာတာ ၃- ၄ နှစ် ရှိပြီရှင့်။ အဲဒီ science fair မှာ ပြိုင်တဲ့ မေဂျာပေါင်းစုံရဲ့ ပရောဂျက်တွေ အကုန်လုံးထဲမှာ အခုဒီ လန်ချန်း- မဲခေါင်မှာ ဆုရတဲ့ အဖွဲ့ကလေးက အဲဒီသိပ္ပံပြပွဲမှာ ပထမဆုကို ရခဲ့ပါတယ်ရှင့်။”

ဒီလိုထိရောက်မှု ရှိစေတဲ့ YICMG ပြိုင်ပွဲ အစီအစဉ်ကို ဇန်နဝါရီလမှာ တကြိမ်၊ ဇူလိုင်လမှာ တကြိမ် - တနှစ်ကို ၂ ကြိမ်ကျင်းပပေးပါတယ်။

ဒေါက်တာစိမ်းလဲ့အေး။ ။“ပထမ ဇန်နဝါရီမှာ လုပ်တာက မဲခေါင် ၆ နိုင်ငံထဲက တနိုင်ငံစီမှာ ပတ်လုပ်တာ ပေါ့နော်။ ဒုတိယ ဇူလိုင်မှာ လုပ်တာကိုတော့ အမြဲတမ်း တရုတ်မှာပဲ လုပ်တယ်။ ရှန်ဟိုင်း တက္ကသိုလ်၊ ဖူကျန်း တက္ကသိုလ် ဒါမှမဟုတ်ရင် ကျင်ဟိုင်းတို့ ဘာတို့ပေါ့နော် အဲဒီလို လှည့်ပြီး လုပ်ပါတယ်။ အဲဒီမှာ ကျရင် ဆုရထားတဲ့ အဖွဲ့တွေကိုပဲ သူက ပြန်ဖိတ်ပါတယ်။ ဆုရပြီးတော့ သူတို့က ဒီ ၆ လ အတွင်းမှာ ဇန်နဝါရီလတုန်းက သူတို့ တင်သွင်းခဲ့တဲ့ future plan နောင်လုပ်မယ့် အစီအစဉ် ထဲကနေ ဘာတွေများ သူတို့ ထပ်ပြီးတော့ လုပ်ထားသလဲ ဆိုပြီးတော့ အဲဒါကို ဆက်ပြီး တင်ပြတာ - present လုပ်တာ။ အဲဒါကျတော့ develop လုပ်ထားတဲ့ ပရောဂျက်တွေကို ပြန်ပြီး တင်ပြရတာပေါ့။”

တရုတ်တက္ကသိုလ်တွေမှာ ကျင်းပတဲ့ ဇူလိုင်ပြိုင်ပွဲအတွက် လာရောက်ယှဉ်ပြိုင်တဲ့ ကျောင်းသားတွေ သုတေသနပြုလုပ်နိုင်ဖို့ သီးသန့်နေရာ incubation center တွေထားထားပါတယ်။

ဒေါက်တာစိမ်းလဲ့အေး။ ။“တရုတ်မှာ incubation center တွေ အများကြီးရှိတယ်။ ဘယ်ကျောင်းသား မဆို အဲဒီ စင်တာကို လာပြီးတော့ ကိုယ်လုပ်ချင်တဲ့ဟာကို ကိုယ်ဖန်တီးလို့ ရတယ်ရှင့်။ သူ့ အပိုင်းနဲ့ သူ။ ကွန်ပြူတာနဲ့ပတ်သက်တဲ့ အပိုင်း ဆိုလို့ရှိရင်လည်း အဲဒီ ကွန်ပြုတာနဲ့ ပတ်သက်တဲ့ အခန်းပေါ့နော်။ အဲဒီမှာ အခန်းတွေ အခန်းတွေ အများကြီး ရှိတယ်။ အဲဒီမှာဆို ကျောင်းသားတွေက log book ကလေးတွေမှာ register မှတ်ပုံတင်လုပ်ပြီးတော့ ကိုယ်လုပ်ချင်တဲ့ ဟာကို ဝင်ပြီးတော့ လုပ်လို့ရတဲ့ အခန်းငယ် ကလေးတွေပေါ့။ အဲဒါတွေကို လိုက်ပြတယ်။ လိုက်ပြတဲ့အခါ ကျမတို့ကလေးတွေ အတွက်ဆို incubation center ဆိုတာ မရှိသေးတော့ သူတို့က အရမ်း စိတ်ဝင်စားကြတယ်။ အဲဒီ ဇူလိုင်ပွဲမှာ ဘယ်ကိုပါ ခေါ်သွားသလဲ ဆိုတော့ ဟိုး မဲခေါင်မြစ် စတဲ့နေရာပေါ့နော်။ အဲဒီနေရာကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့မှ ပွဲလေးတွေ ဘာလေးတွေ လုပ်တယ်။ မဲခေါင်ဒေသ တိုးတက်ရေးအတွက် နဲ့ ပတ်သက်တာလေးတွေ ပေါ့နော်။”

မေး။ ။“ဒါဆို ဒီပြိုင်ပွဲ ဝင်ဖို့ အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေဆို သူတို့ကို ဘယ်လို အသိပေးပါသလဲ။ ဒီပြိုင်ပွဲကို ဘယ်လိုတွေ လုပ်တယ်ဆိုတာ သိရအောင်။”

ဒေါက်တာစိမ်းလဲ့အေး။ ။“အဲဒါကကျတော့၊ ဒီ expert ကော်မတီက အမြဲတမ်း ရှိထားပြီးသား ဖြစ်တယ်။ ကျမတို့ ကျွမ်းကျင်သူများ ကော်မတီကို YICMG - ဖူကျန်း တက္ကသိုလ်မှာ ရှိတဲ့ အဖွဲ့က နေပြီးတော့ ဇန်နဝါရီ ပွဲအတွက် ဆိုရင် စက်တင်ဘာလ လောက်ဆို ပို့ပြီရှင့်။ ကျောင်းသားတွေ စခေါ်ပြီ ပေါ့နော်။ ဒီ ပြိုင်ပွဲဝင် ပရောဂျက်တွေ စခေါ်ပြီ။ စခေါ်တော့ သူတို့ form တွေပို့လိုက်တယ်။ ဒါပေမယ့် အခု လောလောဆယ်မှာတော့ ရန်ကုန် တက္ကသိုလ်က လူတွေကိုပဲ ပြိုင်ခွင့် ပေးတယ် ပေါ့နော်။ တခြားတက္ကသိုလ် တွေကလည်း အဲဒီမှာ ပြိုင်ချင်ရင် ပြိုင်လို့ရတယ်ရှင့်။

သူတို့က စာရွက်စာတမ်းတွေ form တွေ ပို့လိုက်တယ်။ အဲဒါဆို ကျမတို့က ကြော်ညာတွေ ကပ်ပြီးတော့မှ ပြိုင်ပွဲကို ဝင်ကြဖို့ ဆိုပြီးတော့ ကျောင်းမှာ ကြေညာလိုက်တယ်။ အဲဒီလို ကြေညာပြီး ရင် ကလေးတွေက သူတို့ဟာ သူတို့ ပရောဂျက်တွေ ပြင်ဆင်ကြတယ်၊ လုပ်ကြတယ်။ ကျမတို့က နောက်ဆုံး သတ်မှတ်ရက် deadline ပေးထားတယ်။ ဒီဇင်ဘာ လကုန်ပေါ့။ အဲဒီလောက် ဆိုရင် သူတို့က သတ်မှတ်ရက် အတိုင်းပဲ ပရောဂျက်တွေကို လာတင်ကြပါတယ်။

အဲဒီလို လာတင်တဲ့ထဲမှာ ပရောဂျက် ဘယ်နှစ်ခု ရှိသလဲ။ အဲဒီထဲမှာ ၆ နိုင်ငံ စလုံးက ကော်မတီတွေက ပြန်သုံးသပ်ပြီး တင်လာတဲ့ထဲကမှ တနိုင်ငံကို ၃ - ၄ ခု ပြန်ရွေးထုတ်လိုက်တာ ရှင့်။”

မေး။ ။“မြန်မာနိုင်ငံက အမြဲတမ်း ကော်မတီဝင် အနေနဲ့ ၂ ယောက် ရှိတာပေါ့နော်။ ဘယ်သူတွေ ပါလဲ။”

ဒေါက်တာစိမ်းလဲ့အေး။ ။“ဟုတ်ကဲ့။ အဲဒါက ကျမ ဒေါက်တာစိမ်းလဲ့အေး၊ ပါမောက္ခ၊ အခုဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ရေ ပညာဌာန ပေါ့နော်။ ရန်ကုန်တက္ကသိုလ်။ နောက်တယောက်ကကျတော့ ဒေါက်တာ ခင်ဖုန်းမြင့်ကြူ၊ ပါမောက္ခ၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်။ သိပ္ပံကတယောက် ဝိဇ္ဖာက တယောက်ပေါ့။ သိပ္ပံရော ဝိဇ္ဇာရော အကုန်စုံနေတယ် ဆိုတော့လေ။

သူက တနှစ်စီ တနှစ်စီ အတွက်လည်း Theme မတူဘူး။ ပြီးခဲ့တဲ့ တနှစ်တုန်းကဆို ခရီးသွား tourism နဲ့ ပတ်သက်တာ။ အဲဒီ ၆ နိုင်ငံက ကျောင်းသားကျောင်းသူတွေ၊ ပေါင်းပြီးတော့မှ သူတို့က website တခုကို ထောင်လိုက်တယ်ပေါ့။ အဲဒီ ဝဘ်ဆိုက်ကနေပြီးတော့မှာ အဲဒီ နိုင်ငံတွေကို သွားဖို့ အတွက်ပေါ့။ အဲဒီလို မျိုးတွေပေါ့နော်။

IT ဘက်နဲ့ ပတ်သက်တာတွေ ဆိုတော့ ဝဘ်ဆိုက်ကို ထောင်တယ်။ ဥပမာ ခရမ်းချဉ်သီးက ဒီနှစ်က အရမ်းဈေးတွေ ကောင်းတယ်ပေါ့။ ဥပမာပေါ့နော်။ အဲဒီ ခရမ်းချဉ်သီးကို ရန်ကုန်တိုင်းကလည်း စိုက်တယ်၊ ပဲခူးတိုင်းကလည်း စိုက်တယ်။ ဧရာဝတီတိုင်းကလည်း စိုက်တယ်၊ ဝိုင်းစိုက်ကြတဲ့ အခါမှာ တကယ်အသီးပေါ်တဲ့ အချိန်ကျတော့ စိုက်တဲ့သူက များနေတဲ့ အတွက်ကြောင့် ရောင်းလိုအား- supply က တအားများ သွားတယ်။ ဝယ်လိုအား - demand က နဲသွားတယ်။ အဲဒီအခါမှာ ဈေးလျော့ သွားတယ်။ ဘယ်ဧရိယာမှာ ဒီအပင် ကတော့ ဘယ်လောက် စိုက်ထားပြီးပြီ ဆိုတာကို ပြတဲ့ soft ware ပေါ့။ အဲဒီ software လေးတွေကို ကြည့်လိုက်တာနဲ့။ အော် ဒီ ထုတ်ကုန်ကတော့ ဒီနေရာတွေ တော်တော်များများမှာ စိုက်ထားပြီးပြီဆို ငါတို့ ဒါမစိုက်တော့ဘူး။ နောက်တခု ပြောင်းစိုက်မယ်။ အဲဒီလိုမျိုး ကြည့်လို့ရတဲ့ software လေးတွေ တီထွင်တဲ့ ဟာမျိုးပေါ့နော်။”

မေး။ ။“ဝိဇ္ဖာပိုင်းက တီထွင်မှုတွေကရော ဘာတွေ ရှိပါသလဲ။”

ဒေါက်တာစိမ်းလဲ့အေး။ ။“အဲ arts က လူတွေ ဆိုလို့ရှိရင် ဝိဇ္ဖာပိုင်း ဆိုလို့ရှိရင်၊ ခုန ပြောသလိုပေါ့နော်။ လန်ချန်း- မဲခေါင် မှာ အဖွဲ့အစည်း တခု ဖွဲ့လိုက်မယ်ပေါ့။ အဲဒါ ဘယ်နိုင်ငံကနေ ဘယ်နှစ်ယောက်စီနဲ့ ဖွဲ့စည်းပြီးတော့မှာ တိုးတက်ရေးအတွက်ကို သူတို့ ဘယ်လို လုပ်ကြမလဲ။ ဆိုတဲ့ ဟာမျိုးရှိတယ်။ နိုင်ငံ အချင်းချင်း ပူးပေါင်းပြီးတော့ ဆောင်ရွက်လို့ရမယ့်၊ လူမှုရေးနဲ့ ပတ်သက်တာ။ ဘယ်လို အဖွဲ့တွေဖွဲ့ပြီးတော့မှ ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာ အဲဒါလည်း ပရောဂျက်ပဲပေါ့။”

မေး။ ။“သိပ္ပံရော ဝိဇ္ဖာရော လူငယ်တွေ အကုန်လုံး ပါဝင်နိုင်တဲ့ ပရောဂျက်တွေ ပေါ့နော်။ အဓိကက မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ပဲလား၊ အထက်တန်းတို့၊ အလယ်တန်းတို့က လူငယ်တွေရော။”

ဒေါက်တာစိမ်းလဲ့အေး။ ။“မပါဘူး။ တက္ကသိုလ်တွေကပဲပေါ့နော်။ အဲဒီမှာမှ undergrad ဘွဲ့ရဖို့ တက်နေသူတွေပဲ။ graduate ဘွဲရပြီးသား မပါဘူးပေါ့။”

မေး။ ။“မဲခေါင်းမြစ်ကြောင်း ၆ နိုင်ငံရှိတဲ့ထဲက တခြားနိုင်ငံတွေမှာ ဒီပြိုင်ပွဲကို လူငယ်တွေ သိအောင် ဘယ်လိုပုံစံမျိုး လုပ်ပေးကြပါသလဲ။ ဒီလိုပြိုင်ပွဲတွေ ရှိတယ်။ ဒါမျိုးလုပ်ရတယ် ဆိုတာသိအောင်။”

ဒေါက်တာစိမ်းလဲ့အေး။ ။“အခု ဒီနှစ်မှာ နိုင်ငံ ၆ နိုင်ငံ စလုံးက တက္ကသိုလ်တွေ ဥပမာ မြန်မာပြည် အတွက်ဆို ရန်ကုန်တက္ကသိုလ်ပေါ့။ အဲဒီမှာ ကျမတို့ youth exchange center ဆိုပြီး ဖွင့်ဖို့ စာတင်ထားပါပြီ။ ပြန်ကျလာပြီ ဆိုရင် ကျမတို့ MOU နားလည်မှုစာချွန်လွှာ ထိုးပြီးတော့ youth exchange center ဆိုပြီးတော့ ကျမတို့ ဒီမှာ ဖွင့်ပါမယ်။ အဲဒီလို ဖွင့်တဲ့အခါ ကျောင်းသားတွေ အကြားမှာ ဒီလိုမျိုး ပြိုင်ပွဲတွေ ရှိတယ် ဆိုတာကို ပိုပြီးတော့ ပြောနိုင်မယ်လို့ ထင်တယ်ရှင့်။

youth exchange center လုပ်ဖို့အတွက်က ဒီနှစ် ၅ နိုင်ငံ စလုံးကို စီစဉ် ထားလိုက်ပြီ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ဘာတွေ စာတင်ထား ပြီးပြီ။ ရည်ရွယ်ထားတာတော့ ဇူလိုင်လမှာ ဒုတိယအကြိမ် ပွဲရှိတယ်။ အဲဒီပွဲမှာ လက်မှတ်ထိုးနိုင်ဖို့ ရည်မှန်းထားပါတယ်ရှင့်။”

ဒေါက်တာစိမ်းလဲ့အေးရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG