ခဲလိုမျိုး အမှတ်မှားနိုင်တဲ့ ဝေါဟာရ နောက်တခုက ပြဒါးပါ။
ပြဒါးကို ဓါတုသင်္ကေတနဲ့ Hg လို့ရေးပြီး မာကျူရီ လို့ခေါ်ပါတယ်။ မာကျူရီ ဟာ heavy metal သတ္တုတမျိုးဖြစ်ပြီး သူ့ချည်းသက်သက် ဖြစ်စေ၊ သူပါတဲ့ ဒြပ်ပေါင်းတွေကတဆင့်ဖြစ်စေ လူရဲ့ခန္ဓာကိုယ်ထဲ မာကျူရီ ပမာဏများများ ရောက်သွားရင် အဆိပ်သင့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ပြဒါးကို တိုက်ရိုက်ထိတွေ့တာ ကြောင့်တင်မဟုတ်ဘဲ စွန့်ပစ်ပစ္စည်းတွေထဲမှာ ပါဝင်နေတဲ့ ပြဒါးတွေကတဆင့်လည်း အဆိပ်သင့်မှုတွေ တွေ့ရနိုင်တယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။
ပြဒါးဆိပ်သင့်တာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ ဟင်္သာပြဒါးလို့ခေါ်တဲ့ မာကျူရီ ဆာလ်ဖိုဒ်တွေရဲ့ အန္တရာယ်က သိပ်ဆိုးဝါးပါတယ်။ သူ့အရောင်က အနီရောင်ရှိပြီး ဆိုးဆေးအဖြစ် သုံးရာက လူတွေနဲ့ထိတွေ့မိပြီး အဆိပ်သင့်စေတာပါ။ လှပတဲ့ ဦးထုပ်တွေထုတ်ဖို့ သုံးရာကနေ ရူးကြောင်ကြောင် ရောဂါတမျိုးဖြစ်လာတတ်တဲ့ Mad hatter syndrome လို့ ခေါ်တဲ့ ရောဂါဟာ မာကျူရီ အဆိပ်သင့်တာပါ။
heavy metal တွေ အထူးသဖြင့် ပြဒါးနဲ့ု ထိတွေ့မှုများရင် နာကျင်ကိုက်ခဲတဲ့ Acrodynia ရောဂါ ရစေပါတယ်။ သူ့ကို ခြေတွေလက်တွေမှာ ပန်းရင့်ရောင်တွေ့ရလို့ pink disease လို့လည်း လူသိများ ကြပါတယ်။ နောက်ရောဂါတမျိုးကတော့ Minamata ရောဂါလို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံမှာ စက်ရုံစွန့်ပစ္စည်းထဲပါတဲ့ ပြဒါးကို ပင်လယ်ထဲစွန့်ပစ်ရာကနေ ပင်လယ်သတ္တဝါတွေ အဆိပ်သင့်သလို ပင်လယ် သတ္တဝါ တွေကို စားသုံးသူတွေပါဆက်ပြီး အဆိပ်သင့်စေခဲ့ နောက်ပိုင်း ဒီရောဂါနဲ့ ဆက်နွယ်ပြီး ပြဒါးကို သတိထားလာကြတာပါ။
ပြဒါးဆိပ်သင့်တာ ကြောက်စရာသိပ်ကောင်းတယ်ဆိုတာ လူတွေ သိလာကြတာမို့ ပြဒါးဆိုရင် တကယ် သတိထားလာကြတာပါ။ ဒီအခါမှာ ပြဒါးသုတ်ထားတယ်ဆိုတဲ့ မှန်တွေ အထူးသဖြင့် ဓါတ်ဘူးတွေနဲ့ ပါတ်သက်ပြီး အမှတ်မှားလာကြပါတယ်။
တကယ်တော့ ပြဒါးသုတ်တယ်လို့ ပြောကြတဲ့ မှန်တွေမှာ silver mirroring လုပ်ထားတာ ဖြစ်ပြီး ပြဒါးမပါတာကို ပညာရှင်တွေပါ သိပ္ပံဆိုင်ရာ အမှတ်မှားတာမျိုးတွေ ဖြစ်လာတဲ့အထိ တွေ့လာရတာမို့ သတိထားကြဖို့ လိုတယ်လို့ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။