မြန်မာနိုင်ငံမှာ လူပေါင်း တသိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ကို လွန်ခဲ့တဲ့ ၁၁ နှစ် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ ခံခဲ့ရတာ ဖြစ်ပြီး ဒီနှစ်မေလ ၂ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံမှာ အရှေ့ဘက်ကမ်းရိုးတန်းကို ပြင်းအားအဆင့် ၄ ရှိတဲ့ Fani မုန်တိုင်းက ဦးတည်လာနေတာနဲ့ ကြုံနေရပါတယ်။ လူအများအပြား သေဆုံးရလေ့ရှိတဲ့ မုန်တိုင်းဒဏ် ခံရလေ့ရှိတဲ့ အိန္ဒိယမှာ ဘာတွေ ကြိုတင်ပြင်ဆင်ကြတယ် ဆိုတာ ကြည့်ရအောင်ပါ။
အိန္ဒိယသမုဒ္ဒရာထဲက ဆိုင်ကလုံးရာသီဟာ အတ္တလန်တစ် သမုဒ္ဒရာထဲက ဟာရီကိန်းမုန်တိုင်းရာသီလို ဘယ်အချိန်မှာစပြီး ဘယ်အချိန်မှာ ဆုံးမယ်ဆိုတာ သေသေချာချာ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ဧပြီလကုန်ကနေ ဇွန်လအစောပိုင်းကာလနဲ့ အောက်တိုဘာကနေ နိုဝင်ဘာကာလ ဒီကာလ ၂ ခုမှာ အဓိက တိုက်ခတ်လေ့ရှိပါတယ်။ အခု ဝင်နေတဲ့ မုန်တိုင်း Fani ကတော့ ၂၀၁၉ မုန်တိုင်းရာသီမှာ ပထမဆုံးရောက်လာတာပါ။ Fani ဆိုတာက ဘင်္ဂလားဒေ့ရှ် ဝေါဟာရဖြစ်ပြီး မြွေပါးပြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်ဆီကို တဖြေးဖြေး ဦးတည်သွားနေတာ ဖြစ်ပြီး သူဖြတ်သန်းသွားမယ့် လမ်းကြောင်းတလျှောက်မှာ နေထိုင်သူ လူပေါင်းက သန်းတရာကျော် ရှိနေတာပါ။ မေလ ၂ ရက် မနက်အစောပိုင်းမှာ မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ တနာရီကို ၁၅၅ မိုင်နှုန်းလောက်နဲ့ တိုက်ခတ်နေပြီး တခါတလေ တနာရီကို မိုင် ၁၉၀ လောက်အထိ ပြင်းအားရှိနေပါတယ်။ မုန်တိုင်း Fani ဟာ မမျှော်လင့်ပဲ ရက်ပိုင်းအတွင်း သိသိသာသာ အားပြင်းလာတာကြောင့် အိန္ဒိယအာဏာပိုင်တွေဟာ အထူးပြင်းထန်တဲ့ ဆိုင်ကလုံး မုန်တိုင်းအဖြစ် ချက်ချင်းပြောင်းသတ်မှတ် လိုက်ပြီး အရှေ့ဖက်ကမ်းရိုးတန်း ဒေသတလွှား မြေနိမ့်ရာ နေရာတွေမှာ နေထိုင်သူ ၁.၂ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တာပါ။
အိန္ဒိယအရှေ့ပိုင်းက ပြည်နယ်တခုဖြစ်တဲ့ Andhra Pradesh ပြည်နယ်က ဒေသခံလွှတ်တော်အမတ် Bendalam Ashok က မုန်တိုင်းဘေးရှောင်နိုင်ဖို့ ဘယ်လိုစီစဉ်နေတယ် ဆိုတာကို ခုလိုပြောပါတယ်။
" ကျနော်တို့ ပထမဦးစားပေးအနေနဲ့ ပြောင်းရွှေ့ပေးဖို့ ကြိုးစားနေသူတွေက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေတဲ့ မိခင်တွေ၊ သက်ကြီး ရွယ်အိုတွေ၊ တဲနဲ့နေရတဲ့လူတွေပါ။ သူတို့က ထိခိုက်လွယ်ပါတယ်။ လူအသေအပျောက် နဲနိုင်သမျှ နဲအောင် ကြိုးစားနေပါတယ်။ သူတို့ကို နားခိုရာစခန်းကို ပို့ပြီး စောင့်ရှောက်ပေးနိုင်ဖို့ စီစဉ်နေတာပါ။ အဲဒီမှာ သူတို့လိုအပ်တာတွေ အကုန်စီစဉ်ပေးနိုင်ဖို့ လုပ်နေပါတယ်။
Andhra Pradesh ပြည်နယ်က တာဝန်ရှိသူတွေ အခုလို လုပ်ဆောင်နေတဲ့အပြင် မုန်တိုင်းကျရောက်လာရင် ကယ်ဆယ်ကူညီရေးအတွက် သက်ဆိုင်ရာ ဌာနအားလုံးကို တပ်လှန့်ထားတယ်လို့ ပြည်နယ်သဘာဝဘေးဒဏ် လျော့ပါးရေးဆိုင်ရာ အတွင်းရေးမှုး Vara Prasad ကပြောပါတယ်။
"ဆိုင်ကလုံးမုန်တိုင်းအတွက် ကျနော်တို့ ပြင်ဆင်နေကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကို အသင့်လုပ်ထားသလို မီးသတ်သမားတွေ၊ ကမ်းစောင့်တပ်တွေ၊ ရေတပ်နဲ့ စစ်တပ်ပါမကျန် အားလုံးကို တပ်လှန့်ထားပါတယ်”
အိန္ဒိယအရှေ့ပိုင်းက နောက်ပြည်နယ်တခုဖြစ်တဲ့ Odisha ပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ် တွေမှာ မိုးသည်းထန်ပြီး ပင်လယ်ရေပြင်အခြေနေ အန္တရာယ်ကြီးတဲ့အတွက် အနီရောင်- အမြင့်ဆုံးအဆင့် သတိပေးချက်တွေကို ထုတ်ပြန်ထားသလို အိန္ဒိယအရှေ့ပိုင်းက ဆိပ်ကမ်းတွေမှာ ရှိတဲ့ လှေတွေ ဖယ်ရှားကြဖို့လည်း အမိန့်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း လေကြောင်းခရီးစဉ် တချို့ကိုလည်း အိန္ဒိယ လေကြောင်းဆိုင်ရာ ဝန်ကြီးဌာနက ဖျက်သိမ်းထားပါတယ်။
မုန်တိုင်းကဘင်္ဂလားပင်လယ်အော်ထဲမှာ တိုက်ခတ်နေပြီး ဟိန္ဒူတွေရဲ့ ဘာသာရေး အထွဋ်အမြတ် ထားရာ Jagganath ဘုရားကျောင်းနဲ့ ယူနက်စကိုရဲ့ ကမာ့္ဘရှေးဟောင်း အမွေအနှစ် စာရင်းဝင် ၁၃ ရာစုက Konarak ဘုရားကျောင်း တွေရှိတဲ့ Puri ကမ်းရိုးတန်း မြို့နဲ့ မိုင် ၃၀၀ နီးပါးအကွာကို ရောက်နေတာမို့ အဲဒီနေရာမှာ ရောက်နေတဲ့ ဘုရားဖူးတွေနဲ့ ခရီးသွားတွေကို အစိုးရက ဘေးလွတ်ရာ ပို့ပေးနေပါတယ်။
မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တဲ့နေရာမှာ အိန္ဒိယအစိုးရက ကယ်ဆယ်ရေးစခန်း အများအပြားကိုပါ တည်ဆောက်ခဲ့ တာပါ။ Odisha ပြည်နယ်က ကယ်ဆယ်ကူညီရေး ကော်မရှင်နာမင်းကြီး Bishnupada Sethi က မုန်တိုင်းဒဏ် သင့်လာရင် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ လုပ်ဆောင်သင့်တဲ အဆင့်အားလုံးကို အပြင်းအထန်ဆုံး ကြိုးစား ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
"အစိုးရ တာဝန်ရှိသူတွေကို သတိပေးချက်တွေ ပို့ထားပါတယ်။ ကယ်ဆယ်ကူညီရေး အစီစဉ်တွေကို အရင်ရက်တွေ ကတည်းက ပြင်ဆင်ခဲ့တာပါ။ ထိခိုက်လွယ်သူတွေကို ခွဲထုတ်ပြီး သူတို့အားလုံးကို စောင့်ရှောက်ပေးမယ့် ဆိုင်ကလုံး စင်တာဆီ ပို့ဖို့စီစဉ် ထားပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ Odisha ပြည်နယ်ထဲမှာ ဆိုင်ကလုံးမုန်တိုင်းတိုက်ခဲ့ရင် နားခိုဖို့ အခြေခံအဆောက်အအုံတွေ အများကြီးဆောက်ထားပါတယ်။ ပြောရရင် ဆိုင်ကလုံးစင်တာပေါင်း ၈၇၉ ခု ဆောက်ထားတာပါ။
အိန္ဒိယ အရှေ့ပိုင်းဒေသတွေမှာ လူအသေအပျောက်များတဲ့ မုန်တိုင်းဒဏ်ခံရလေ့ရှိပြီး Odisha ပြည်နယ်မှာ ၁၉၉၉ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးရသူက တသောင်းကျော်ရှိခဲ့ ပါတယ်။ နောက် ၄ နှစ်အကြာမှာတော့ ပြင်းထန်တဲ့ ဆိုင်ကလုံး Phailin ဝင်ရောက်ခဲ့ပေမယ့် အသေအပျောက်နှုန်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။ အဓိကကတော့ မိုးလေဝဿ ခန့်မှန်းချက်တွေ ပို တိကျလာပြီး မုန်တိုင်းမကျခင် လူပေါင်း ၁.၃ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနိုင်ခဲ့တဲ့ အတွက် သေဆုံးသူ အနဲအကျဉ်းသာ ရှိခဲ့ပြီး ထောင်နဲချီ သေဆုံးတဲ့ ဘေးနဲ့ ကင်းဝေးခဲ့ရတာပါ။
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတာ ၁၁ နှစ် ရှိပါပြီး လူပေါင်း တသိန်းကျော် သေဆုံး ခဲ့ရပြီး ဒဏ်ရာရသူက ၂ သောင်း ကျော်သလို အိမ်ယာ ပျက်စီးမှုက ရသိန်းခွဲလောက်နဲ့ အိမ်မွေး တိရိစ္ဆာန်၊ ကျွဲနွားသေဆုံးမှုက တသိန်းခွဲလောက် ရှိပါတယ်။ ပျက်စီးမှု ပမာဏက နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ၂ ခုပေါင်း အတွက် သန်းပေါင်း တသန်းလောက် ရှိပြီး မြန်မာ့သမိုင်းမှာ ပျက်စီးမှုအကြီးမားဆုံး ဖြစ်ပါတယ်။
ဒီလိုမုန်တိုင်း အန္တရာယ် နောက်ထပ်ကျရောက်လာမယ် ဆိုရင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ အခုထိ အဆင်သင့် မဖြစ်သေးတာလည်း တွေ့နေရပါတယ်။ သဘာဝအရ မြစ်ဝကျွန်းပေါ်ဒေသဟာ မြေနိမ့်ဒေသဖြစ်နေတာ၊ မြစ်လက်တက်များတာနဲ့ ပင်လယ်ရေအတက်အကျများပြီး ရေတိမ်တာကြောင့် ပင်ကိုယ်က ကာကွယ်မှုအားနဲနေသလို အခုထိလည်း လမ်းပမ်းဆက်သွယ်ရေး မကောင်းသေးတာနဲ့ အန္တရာယ်ကျ နိုင်ခြေပြ မြေပုံ ကောင်းကောင်းလိုအပ်နေပါသေးတယ်။
ဒါ့အပြင် သဘာဝ အကာအကွယ်ဖြစ်တဲ့ ဒီရေတော်တွေ ပြုန်းနေတာပါ။ လမုပင်လို ဒီရေတော အပင်တွေကို စီမံချက်ချ စိုက်ရမှာ ဖြစ်သလို ဒီရေတောတွေကို မခုတ်ရဘူးဆိုတဲ့ အသိတွေ ပြန့်ပွါးအောင်လည်း လုပ်ဖို့ လိုပါတယ်။
အရေးအကြီးဆုံးကတော့ အစိုးရရဲ့ စံနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေနဲ့ အတူ ဒေသခံတွေအတွက် မုန်တိုင်းအန္တရာယ် အသိပညာပေးမှုတွေ လိုအပ်နေတဲ့အတွက် နာဂစ်မုန်တိုင်းဒဏ်ကို ကောင်းကောင်းကြီးခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ စိတ်မချရသေးပါဘူး။