သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သဘာဝဓါတ်ငွေ့ အလားအလာ (အပိုင်း ၁)


02-20-13 gas pipeline
02-20-13 gas pipeline
ရေနံနဲ့ သဘာဝဓါတ်ငွေ့ သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ လက်ရှိမှာ ထိုင်းနိုင်ငံကို နေ့စဉ်သဘာဝဓါတ်ငွေ့ ကုဗပေ ၁.၂ ဘီလျံ ရောင်းချနေသလို၊ နောက်ထပ် ဇောတိကရေနံမြေကနေ ကုဗပေသန်း၃၀၀ ပါ ပေးနိုင်တော့မယ်လို့ စွမ်းအင်ဝန်ကြီးက ဒီနှစ်ဆန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကိုပါ ဒီ၂၀၁၃ခုနှစ် ကစပြီး တနေ့ ကုဗပေသန်း ၄၀၀ ထုတ်ရောင်းဖို့ စီစဉ်နေတာမို့ မြန်မာနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့ အလားအလာနဲ့ အရင်းအမြစ်တွေနဲ့ ပါတ်သက်ပြီး မြန်မာ့ရေနံလုပ်ငန်းအပြင် Schlumberger ရေနံကုမ္ပဏီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေမှာပါလုပ်ရင်း၊ နှစ်ပေါင်း ၄၀ နီးပါး ရေနံလောကမှာ ကျင်လည်နေတဲ့ ဘူမိရူပဗေဒပညာရှင် တဦးဖြစ်တဲ့ ဦးကျော်ကျော်လှိုင် ကိုမေးမြန်းပြီးတင်ပြပေးမှာပါ။


သဘာဝဓါတ်ငွေ့ကတော့ အလားအလာ ကောင်းပါတယ်။ အရင်လည်း TOTAL ကနေပြီးတော့ ရတနာသဘာ၀ ဓါတ်ငွေ့မြေ ကနေ
ဓါတ်ငွေ့ထုတ်တာပဲ ၁၅ နှစ် ရှိပါပြီ။ ရဲတံခွန်ဆိုရင် သက္ကရာဇ် ၂၀၀၀ ကတည်းက သဘာဝဓါတ်ငွေ့ထုတ်လာတာ ၁၂ နှစ်ကျော် ၁၃ နှစ်ထဲ ရောက်လာပါပြီ။ နောက်တခါ DAEWOO လုပ်နေတဲ့ ရွှေရတနာ စီမံကိန်းကလည်း မကြာခင် ဓါတ်ငွေ့ နိုင်ငံခြားကို ရောင်းတော့မှာပါ။

နောက်တခါ ဒီဘက်မှာကြည့်မယ် ဆိုရင် PTT က ဇောတိက စီမံကိန်းကလည်း မကြာခင်မှာ ဒီ ဓါတ်ငွေ့ကို ရောင်းတော့မှာပါ။
ပြန်ကြည့်လိုက်မယ် ဆိုရင် ကမ်းလွန်မှာ သဘာဝဓါတ်ငွေ့ ခိုအောင်းနိုင်တဲ့ အနည်ကျချိုင့်ဝှမ်းက ၃ ခုရှိပါတယ်။

အောက်ဆုံးကိုကြည့်ရင် တနင်္သာရီ ချိုင့်
ဝှမ်း၊ ပြီးရင် မုတ္တမ ချိုင့်ဝှမ်း၊ နောက် ရခိုင်ဘက်ကို သွားရင် ရခိုင်ကမ်းလွန်ဒေသပေါ့။ ဒီချိုင့်ဝှမ်း ၃ ခု စလုံးမှာ သဘာဝဓါတ်ငွေ့ကို ကျွန်တော်တို့က တွေ့ထားပြီဖြစ်တဲ့ အတွက်ကြောင့် ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့တွေ ရှိတယ်ဆိုတဲ့ Proof သက်သေပါပဲ။ ဒါကြောင့် ဆက်ရှာရင် နောက်ထပ်တွေ့ဖို့ အလားအလာတွေ အများကြီး ရှိပါတယ် ခင်ဗျ။

အားလုံး စုစုပေါင်း သဘာဝဓါတ်ငွေ့ ခန့်မှန်းချေ ပမာဏ ဘယ်လောက်ရှိပါသလဲဆရာ။

လောလောဆယ် offshore ကမ်းလွန်မှာ ခန့်မှန်းတာကတော့ ၉၀ Tcf လောက် ခန့်မှန်းပါတယ်။

Tcf ဆိုတာကို နဲနဲ ရှင်းပြပေးပါဆရာ

Tcf ဆိုတာက trillion cubic feet ပါ။ ဆိုလိုတာက ဓါတ်ငွေ့ကို ကျွန်တော်တို့က တိုင်းတဲ့ အခါမှာ ကုဗပေနဲ့ တိုင်းပါတယ်။ ဓါတ်ငွေ့ပမာဏ ကုဗနဲ့ပြောရင် ထရီလီယံဆိုတော့ သုညနောက်ကနေ ၁၂ လုံးပေါ့။

ဒီပမာဏက ကမ္ဘာနဲ့ ယှဉ်ရင် အခြေနေ ဘယ်လိုရှိပါသလဲ များသလား နဲသလား ဘယ်လိုမှန်းပါသလဲဆရာ။

ဒီနေရာမှာ ကျွန်တော်နဲနဲလေး ပြောချင်ပါတယ်။ ကျွန်တော်တို့က ရေနံနဲ့ သဘာဝဓါတ်ငွေ့ သိုက်တွေကို ခန့်မှန်းတဲ့အခါ ပုံစံအမျိုးမျိုးရှိပါတယ်။ အခု ကျွန်တော်က လွယ်အောင် ၂ခုပဲပြောပါရစေ။
နံပါတ် ၁ က တကယ်ထုတ်လို့ ရတဲ့ ပမာဏ။ နောက်ခန့်မှန်းထားတာက တခုဖြစ်ပါတယ်။ ခန့်မှန်းတာက တကယ်ထုတ်လို့ ရချင်မှ ရပါလိမ့်မယ်။ တချို့က ခန့်မှန်းတာက ရှိတယ်။ ဒါပေမယ့် တကယ်ထုတ်ကြည့်မှ ဘယ်လောက်ထွက်သလဲဆိုတာကို အကဲဖြတ်တွင်းတွေတူးမှ ပြောလို့ ရပါတယ်။ အဲဒါလေးတွေကိုတော့ သေချာခွဲပြောဖို့ လိုတာပေါ့။


ထရီလီယံ ၉၀ က ဘာပမာဏပါလဲဆရာ။ ခန့်မှန်းပမာဏလား။

ဒါကကျွန်တော်တို့က ခန့်မှန်းထားတာပါ။ ဒီလောက်ရှိနိုင်တယ်လို့ ကျွန်တော်တို့က ခန့်မှန်းထားတဲ့ ပမာဏဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ တင်ပို့နေတာ နှစ်ပေါင်းတော်တော်ကြာနေပါပြီ။ ဆိုတော့ ဒါဟာ ခန့်မှန်းပမာဏထဲက ထုတ်သုံးနေတာ- ဘယ်လောက်ကျန်ပါအုံးမလဲ ဆရာ။

ကျွန်တော်တို့ကတော့ ခန့်မှန်းပမာဏကို ပြောတာထက်ကို Proving ကိုပြောရင် ထိုင်းနိုင်ငံကို ပို့နေတာက TOTAL ရှိပါတယ်။ နောက်တခုက
Patronats ရှိပါတယ်။ TOTAL ကဆိုရင် နှစ် ၃၀ စာချုပ်နဲ့ ရောင်းခဲ့တာ အခုဆိုရင် ၁၅ နှစ်ထဲ ဝင်လာပါပြီ။ ဆိုတော့ TOTAL ကတွေ့ခဲ့တဲ့ ရတနာ ဆိုရင် ကျွန်တော်တို့က တဝက်ကျန်သေးတယ်လို့ ပြောလို့ ရတာပေါ့။
Patronats ဆိုရင်လည်း ဒီလိုပဲ၊ ကျွန်တော်တို့က ရဲတံခွန်ဓါတ်ငွေ့မြေကို ၂၀၀၀ ခုနှစ်က စတွေ့ပြီးတော့ ဓါတ်ငွေ့ ထုတ်လာခဲ့တာ အခု ၁၂ နှစ် လောက် ရှိသွားပြီပေါ့။ ဒါလည်းပဲ နှစ် ၃၀ လို့ပြောရင် ကျွန်တော်တို့က နောက်ထပ် ၁၇ နှစ် ကျန်သေးတယ်လို့ ပြောလို့ ရတာပေါ့။ အဲဒီလိုပြောတာ ပိုမှန်မယ်လို့ ကျွန်တော်တော့ထင်ပါတယ်။ ဒီ ၉၀ TCF ထဲက ဘယ်လောက် ကျန်နေသေးလည်း ပြောဖို့ ဆိုတာကကတော့ ဒါကကျွန်တော်တို့က ရှိနိုင်တဲ့ဟာကို ပြောတာဖြစ်ပါတယ်။


ဆိုတော့ ထိုင်းနိုင်ငံကို ထုတ်နေတာက တနင်္သာရီက ချိုင့်ဝှမ်းနဲ့ မုတ္တမ ကွေ့က ချိုင့်ဝှမ်းပေါ့။ ဒီ ၂ ခုထဲက ထုတ်နေတာ။ အခု ရခိုင်ကမ်းလွန်မှာ အသစ်ထပ်ပြီးတွေ့ရတာရဲ့ အခြေနေလေး ပြောပြပေးပါ။

ရခိုင်ကမ်းလွန်ကတော့ ကျွန်တော်တို့က ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းခေါ်တာပေါ့နော်။ ဒီစီမံကိန်းက ပြောမယ်ဆိုရင် ၂၀၀၄ ခုနှစ်ကတည်းက စပြီးတော့ တွေ့ခဲတာပါ။ သူတို့လည်းပဲ ဓါတ်ငွေ့စီမံကိန်းတွေရဲ့ သဘောသဘာဝ အရ အကဲဖြတ်တွင်းတွေ တူးရပါတယ်။ နောက်တခုက third party certification တွေ ယူရပါတယ်။ နောက် အရောင်းအဝယ် စာချုပ်တွေ ချုပ်ရပါတယ်။ အဲဒီရွှေကတော့ မှန်းထားတာ ၂၀၁၃ နှစ်မကုန်မှီကို တရုတ်ပြည်ကို စရောင်းနိုင်မယ်လို့ မှန်းထားပါတယ်။

ဒီရခိုင်ကမ်းလွန်ဘက်မှာ ပမာဏ ဘယ်လောက်လောက် ရှိပါလဲ ဆရာ

ရခိုင်ကမ်းလွန်ကတော့ အခုလောလောဆယ် Proven ပေါ့နော်။ ဒါကျွန်တော်တို့ ထုတ်လို့ ရတယ် ဆိုတာ အတိအကျ အထောက်အထားလည်း ရပြီးပြီ။ ကျွန်တော်တို့ third party ဆိုတာကတော့ ဝယ်သူရော၊ ရောင်းသူရော မဟုတ်တဲ့ နောက်အဖွဲ့တခုပေါ့နော်။ ကမ္ဘာပေါ်မှာ ဒီ နိုင်ငံတကာ ကုမ္ပဏီတွေက အသိအမှတ်ပြုတဲ့ ပါတီတွေ ရှိပါတယ်။ အဲဒီကုမ္ပဏီကနေ ပြီးတော့ certified လုပ်ထားတာကတော့ 3 TCF ကျော်ကျော်လောက် ရှိပါတယ် ဒေဝူးက။

စုစုပေါင်း ပမာဏ ၉၀ ထဲက ဒီနေရာမှာ ၃ ပဲ ရှိတာပေါ့နော်။
ဟုတ်ပါတယ်။
ဒါဆိုရင် အကြမ်းဖျင်း ၈၇ TCF က မုတ္တမနဲ့ တနင်္သာရီ ချိုင့်ဝှမ်းတွေထဲမှာ ရှိတာပေါ့နော်။

အဲဒါတွေကတော့ တနင်္သာရီ၊ မုတ္တမနဲ့ ရခိုင်ကမ်းမြောင်ဒေသ ပေါ့နော်။ ဒီနေရာတွေမှာ ရှိပါတယ်။

အခု ထိုင်းနိုင်ငံကို ထုတ်ရောင်းတယ်။ နောက် အခု တရုတ်ဘက်ကို ထုတ်ရောင်းမယ်။ ဆိုတော့ ပြည်တွင်းအတွက်ရော ဆရာတို့ Schlumberger မှာဆို တွက်ရတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူထု သန်း ၆၀ ရှိပါတယ်။ ဒီသန်း ၆၀ အတွက် ပေးဖို့ ဆို ဓါတ်ငွေ့ ပမာဏ ဘယ်လောက် ဆိုရင် အဆင်ပြေနိုင်မှာ ပါလဲ ဆရာ။

ကျွန်တော်တို့ မှန်းထားတာကတော့ ဓါတ်ငွေ့ အနေနဲ့ ပြောမယ်လို့ ဆိုရင် အခု TOTAL ကနေပြီးတော့ ဓါတ်ငွေ့ တနေ့ကို သန်းတရာနဲ့ ရှစ်ဆယ်လောက် အခု မြန်မာနိုင်ငံကို သုံးဖို့ ထုတ်ပေးနေပါတယ်။ မြန်မာပြည်ကနေ ကုန်းပေါ်က ထုတ်တာက ၆၀ လောက် ရှိပါတယ်။ အဲဒီတော့ နှစ်ရာနဲ့ ခြောက်ဆယ်လောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီ ၂၆၀ မှာ အခုအခြေနေမှာ ၁၀၀ လောက် ထပ် လိုနေပါတယ်။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ နိုင်ငံ့စီးပွါးရေး တက်လာမှာ တိုးလာမှာတွေနဲ့ ဆိုရင် ဒီလိုအပ်ချက်တွေက တိုးတိုးပြီးတော့ ပိုပြီးတော့ လိုလာမှာလည်း ဖြစ်ပါတယ်။

ဆိုတော့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ဖြန့်ဖြူးတဲ့ အနေအထားမှာရော မြန်မာနိုင်ငံမှာ ဘာတွေ လိုနေ ပါလဲ ဆရာ ပြည်တွင်းသုံးဖို့ အတွက် ဖြန့်ဖြူးဖို့ ပါ။

ပြည်တွင်းသုံးဖို့ အတွက် ဖြန့်ဖြူးဖို့ကတော့ ကျွန်တော်တို့တွေ အနေနဲ့က ဒီဓါတ်ငွေ့ ပိုက်လိုင်းတွေကို စွမ်းအင်ဌာနကနေပြီးတော့ တော်တော်များများကို ပိုက်လိုင်းတွေ ကျွန်တော်တို့က ချထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အဓိက ပြည်တွင်းသုံးဖို့ အခက်အခဲက ၂ ပိုင်းရှိပါတယ်။ အဲဒီအခက်အခဲ ၂ ပိုင်းကို ဖြေရှင်းဖို့ လိုပါတယ်။

ရေနံနဲ့ သဘာဝဓါတ်ငွေ့ဆိုင်ရာ ဘူ မိရူပဗေဒပညာရှင် ဦးကျော်ကျော်လှိုင်ပါ။ ပြည်တွင်းဖြန့်ဝေဖို့ ရှိနေတဲ့ အခက်အခဲတွေ နဲ့အတူ ဖြန့်ဝေတဲ့ အမျိုးအစားနဲ့ သဘာ၀ ဓါတ်ငွေ့ဖြန့်ဖြူးရာမှာ တွေ့ရနိုင်တဲ့ အန္တရာယ်တွေ အကြောင်းကိုတော့ နောက်တပါတ်မှာ ဆက်ပြီး ပြောပြပေးမှာပါ ဆိုတာ တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG