လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က စိုက်ပျိုးရေးနဲ့ နံမယ်ကြီးခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၂ မှာ ကမ္ဘာ့ဘဏ်ရဲ့ ဖွံဖြိုးရေးအညွှန်းအရ အာရှတိုက်မှာ စိုက်ပျိုးရေးနဲ့ ဝင်ငွေကောင်းကောင်းမရတဲ့ နိုင်ငံစာရင်းထဲမှာ ပါနေပါပြီ။
တောင်သူလယ်သမားဦးရေ သုံးပုံ ၂ ပုံ ရှိတဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးတာကရတဲ့ တဦးချင်းဖျမ်းမျှ ဝင်ငွေက တနှစ်ကို ဒေါ်လာ ၂၀၀ လောက်ပဲ ရှိပြီး၊ လယ်ယာထွက်ကုန် ပမာဏကလည်း နဲတာမို့ စားနပ်ရိက္ခာ မဖူလုံကြပဲ ဆင်းရဲတွင်း နက်နေတယ်လို့ ၂၀၁၃ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ဆိုင်ရာ စာတမ်း (A Strategic Agricultural Sector and Food Security Diagnostic for Myanmar) ထဲမှာဖေါ်ပြထားပါတယ်။ ဒီစာတမ်းကို Michigan တက္ကသိုလ် နဲ့ MDRI မြန်မာဖွံ့ဖြိုး တိုးတက်ရေး အရင်းမြစ် အဖွဲ့အစည်း တို့ကရေးသားခဲ့တာပါ။
ဆန်ထွက်တဲ့ နိုင်ငံမို့ စားစရာ ဆန်ရှိပေမယ့် ဆင်းရဲတဲ့ အိမ်ထောင်စုတွေဟာ သူတို့ဝင်ငွေရဲ့ ၇၀ % ကို အစားအသောက်အတွက် သုံးနေရတာပါ။
ဒီဆင်းရဲတွင်းနက်နေတဲ့ တောင်သူလယ်သမားတွေ အတွက် ခေတ်မှီနည်းပညာတွေ ဖြန့်ဝေပေးပြီး အကူညီတွေ ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပါတယ်။
ဒေါက်တာမျိုးအောင်ကျော်။ ။ “အဓိက နည်းပညာ တခုကတော့ တောင်သူတွေ တောက်လျှောက် ရေရှည်လိုက်နာပြီး လုပ်သွားရာကနေ သူတို့အတွက် အကျိုးရှိလာတဲ့ sustainable way ပေါ့နော်။
အဲဒါကို ၂၀၀၉ ခုနှစ်လောက်က ဒီရွှေဘို ဒေသမှာ ပေါ်ဆန်းစိုက်တဲ့ လယ်သမား တယောက်ကို ဒီနည်းပညာလေး ပေးခဲ့တာပါ။ အဲဒီနည်းပညာကတော့ အဓိကက သွင်းအားစုတွေ ချွေတာတဲ့ နည်းပါပဲ။ ကျွန်တော်တို့ မျိုးတွေ လျှော့ သုံးမယ်။ ပြီးရင် စိုက်တာတော့ စိုက်စံနစ် သုံးတယ်။ စိုက်စံနစ်သုံး ပေမယ့် ပျိုးပင် အသက် နုနုမှာ စိုက်တဲ့ စံနစ်ကြဲကြဲ။ ကျွန်တော်တို့ ခါတိုင်းဆိုရင် ပင်ခြား တန်းခြား ၆ လက်မ ၈ လက်မ ပတ်ဝန်းကျင်လောက်ပဲ သုံးပေမယ့် ကျွန်တော်တို့က ၁၀ လက်မ ၁၂ လက်မ ပတ်ဝန်းကျင်လောက် ပင်ခြား တန်းခြားတွေ ထားတဲ့ အတွက်ကြောင့် အကျယ်ကြီးတွေ ပေါ့နော်။”
ဒီလို နည်းစံနစ် အသစ်နဲ့ စိုက်တာကြောင့် ဘယ်လို အကျိုးရှိစေပါသလဲ
ဒေါက်တာမျိုးအောင်ကျော်။ ။ “ အဲဒီအခါကျတော့ ပျိုးပင် အပင်လိုအပ်ချက်က နဲတယ်။ ပျိုးပင်ကို ကြဲကြဲ ထားတော့ အပင်ရဲ့ အဟာရ လိုအပ်ချက်တွေ နဲတယ်။ အဲဒီအခါကျတော့ သွင်းအားစုတွေပါ လျော့တယ်။ နောက်တခုက ဘာလဲ ဆိုတော့ ကောက်စိုက်တဲ့ စံနစ် ဆိုပေမယ့် သူက ကောက်စိုက်သမ အနေနဲ့ တနေ့ကို တဧက လောက် ပြီးရာကနေ ကျွန်တော်တို့ စံနစ်နဲ့ဆို ၂ ဧကခွဲ လောက်အထိ ပြီးသွားတယ်။ နောက်ပြီး ပျိုးနှုတ်တာကလည်း သက်သာတော့ ပျိုးနှုတ်သမား ကုန်ကျ စားရိတ်တွေပါ သက်သာတယ်။ အဲဒီ လိုပေါ့ သွင်းအားစုတွေရော လုပ်အားတွေရော၊ အကုန်ချွေတာတဲ့ စံနစ်တွေနဲ့ ကူညီလိုက်တဲ့ အခါမှာ အဲဒီဒေသမှာ တော်တော်များများ မျိုးသုံးစပ်မှုတွေ လျော့နဲသွားတယ်။ ဒီ ရွှေဘိုဒေသ တခုလုံး။”
“ကျွန်တော်တို့ ပြောစကား နားထောင်တဲ့ တောင်သူတွေဆို တဧကမှာ မျိုးစပါးလိုအပ်ချက်က ၄ ပြည် ပတ်ဝန်းကျင်လောက်ပဲ လိုတော့တယ်။ တချို့ကျတော့လည်း နဲနဲ စိတ်မချတော့ ခပ်ကြမ်းကြမ်းလေး ၆ ပြည် ၇ ပြည် ၈ ပြည်၊ သုံးကြတယ်။ ဘာပဲ ပြောပြော သူတို့ ခါတိုင်း သုံးနေကျ တတင်းခွဲ ၂ တင်းခွဲ၊ ၃ တင်း စသဖြင့် သုံးနေကြတဲ့ အခြေနေကနေ အများကြီး လျော့သွားတာပေါ့နော်။ တဖက်က မျိုးသုံးစွဲမှု လျော့လေ သူတို့ စားဖို့ ကျန်လေ။ နောက် စံနစ်တကျ စိုက်တဲ့ အခါကျတော့ သေသေချာချာ ထွက်တာမို့ အကျိုးရှိတယ်။ နောက် စိုက်တဲ့ အပင်ကလည်း ဈေးကောင်းရတဲ့ အပင် ဖြစ်နေတဲ့ အတွက်ကြောင့် ဒီစပါး မျိုးကြောင့် သူတို့ရဲ့ လူမှု ဘဝတွေက အများကြီး တိုးတက်သွားတာ လေးတွေ ကျွန်တော်တွေ့ခဲ့ရတယ်။”
ရွှေဘိုက ချီပါ မြောက် ကျေးရွာမှာ နေထိုင်တဲ့ လယ်သမာကြီး ကိုမောင်ငယ်ရဲ့ ၅ ဧကကျယ်ဝန်းတဲ့ လယ်မှာ စတင်ပြီး ရွှေဘိုပေါ်ဆန်းစပါးကို ဒီနည်းသစ်နဲ့ စိုက်ရာကနေ အခုတော့ ရွှေဘိုတနယ်လုံး သာမက တခြားဒေသတွေမှာပါ ပြန့်နေပြီလို့လည်း ပြောပါတယ်။ စိုက်ပျိုးရာမှာ နည်းပညာသစ်တွေ သုံးပြီး လွယ်ကူသက်သာအောင် လုပ်ပေးရေးဟာ အင်မတန်မှ အရေးပါတယ်လို့ ပြောပါတယ်။
ဒေါက်တာမျိုးအောင်ကျော်။ ။“ကျွန်တော် အဲဒါလေးကို အခြေခံပြီး တခြားဒေသတွေမှာလည်း ရေမြေ ဒေသကို လိုက်ပြီးတော့ သင့်တင့် လျှောက်ပတ်တဲ့ နည်းစံနစ်လေးတွေ သုံးပြီး သူတို့အတွက် ဝင်ငွေရအောင် ပိုလုပ်ပေးလိုက် နိုင်တဲ့ အခါကျတော့ သူတို့ အနေနဲ့ စိတ်ဝင်တစားနဲ့ လုပ်ကြတော့ တချို့ အတော်လေးကို ပါလာကြပါပြီ ခင်ဗျ။ အခုအခါမှာ ဘာတခု မြင်သလဲ ဆိုတာ့ လုပ်တဲ့အခါမှာ ease of operation ပေါ့။ လုပ်ငန်းအရ တကယ့်ကို labor intensive အလုပ်သမားတွေ အများကြီး သုံးရတယ်၊ လုပ်အား လိုအပ်ချက်တွေ အရမ်းများတော့ ကျွန်တော်တို့ဘက်က ဒါတွေကို သက်တောင့်သက်သာ ဖြစ်အောင် ဘယ်လို လုပ်မလဲ၊ အခုအခါမှာတော့ ကျွန်တော်တို့ ကောက်စိုက် စက်တွေ သုံးပြီး တော့ စိုက်တဲ့ စံနစ်တို့၊ တိုက်ရိုက် မျိုးစေ့ ချတဲ့စံနစ်တို့၊ ဒါလေးတွေက ကျွန်တော်တို့ စဉ်းစားရမယ့် နောက်တချက် ဖြစ်လာတယ်။”
“တချိန်တုန်းက ကျွန်တော်တို့ တချိန်လုံး ပြောပြောနေတဲ့ လက်မှုလယ်ယာ မှသည် စက်မှု လယ်ယာဆီသို့ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းက ပြောတာ။ အခု အခါမှာ ကျွန်တော်တို့ တကယ်ကို မပြောင်းလို့ မရတော့တဲ့ အနေထားတွေ ဖြစ်လာတာ ပေါ့နော်။ လူလည်း ရှားလာပြီ။ အချိန်ကလည်း တကယ်ကို အကန့်အသတ်နဲ့ ဖြစ်လာပြီ၊ နောက်ပြီးတော့ နေပူစပ်ခါးမှာ လုပ်ရတဲ့ အခါကျတော့ သက်တောင့် သက်သာ ဖြစ်ဖို့ အတွက် ဆို စက်ကရိယာတွေ မသုံးလို့ကို မရဘူး။ အဲဒီ စက်ကရိယာတွေ သုံးဖို့ ဆိုရင် လယ်ယာမြေတွေရဲ့ အပိုင်းမှာလည်း သူနဲ့ လိုက်လျော ညီထွေဖြစ်မယ့် စံနစ်ကျန တဲ့ ပုံစံတွေ၊ ဒီဇိုင်းတွေ လိုလာတယ်။ အဲဒီအခါ ကျတော့ အစိုးရဘက်က တာဝန် ဖြစ်သွားတာ ပေါ့နော်။ ဒီဘက်က ကျွန်တော် လုပ်ပေးနိုင်တာတွေကျတော့ ရေမြေနဲ့ ကိုက်ညီအောင် စိုက်စံနစ်တွေကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်လိုက်မယ်၊ သက်တောင့်သက်သာနဲ့ ထိထိရောက်ရောက် လုပ်နိုင်ရင် အများကြီး ဝင်ငွေတွေ တိုးလာမယ်၊ အထွက်နှုန်းတွေ တိုးလာမယ်၊ အရည်အသွေးတွေ ကောင်းလာမယ် ပေါ့နော်။
စပါးအပြင် မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ အားထားလို့ ရမယ့် ကောက်ပဲ သီးနှံတွေကို ကြည့်ရအောင်ပါ။
ဒေါက်တာမျိုးအောင်ကျော်။ ။ “ကျွန်တော်တို့ အခုအခါမှာ ဘာတခု သွားမြင်သလဲ ဆိုတော့ ပဲအမျိုးမျိုးမှာ အခု မတ်ပဲ၊ ပဲတီစိမ်းစိုက်ကြတာ များတယ်။ အဲဒီလို စိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အဓိကမှီခိုရတဲ့ ဈေးကွက်ကြီးက အိန္ဒိယဈေးကွက်ကြီး ဖြစ်နေတယ်။ မနှစ်ကဆို သူတို့က သူတို့ဘက်ကို သွင်းဖို့ ကန့်သတ်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့ တော်တော်ကို ဒုက္ခရောက်တယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့အနေနဲ့ ထွက်ပေါက် တခုက ဘာမြင် လာသလဲ ဆိုတော့ ဒီ တခြားအလားအလာရှိတဲ့ သီးနှံတခုကို ကျွန်တော်တို့ စဉ်းစားလိုက်တဲ့ အခါကျတော့ ပဲပုပ်ကို ကျွန်တော် စိတ်ကူးထားတယ်။”
“ရှမ်းပြည်ဘက်မှာဆို USAID အစီအစဉ်နဲ့ Winrock International က ပဲပုပ် တွေနဲ့ပတ်သက်ပြီးလုပ်တဲ့ အခါကျတော့ ကျွန်တော်လည်း ကျွန်တော့် အခြောက်ခံစက် dryer တွေနဲ့ ကူညီခဲ့တယ်။ အဲဒီအချိန်က မိုးတွင်းဖြစ်နေတော့ အဲဒီပဲပုပ်တွေ ပျက်စီးတဲ့ဟာကို ကျွန်တော်တို့ အခြောက်ခံစက်တွေနဲ့ အရည်အသွေးကောင်းအောင် လုပ်ကြတာပါ။ အဲဒီမှာ Winrock International မှာ ရှိတဲ့ ပဲပုပ်ကို စိတ်ဝင်တစားနဲ့ သေသေချာချာ လုပ်တဲ့ အရာရှိတွေလည်း ကျွန်တော် တွေ့ရတယ်။ သူတို့ဆိုရင် အခု တော်တော် ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတာ တော်တော်ကို တိုးတက်လာပြီ။ နောက် စိုက်တဲ့ ဧရိယာတွေ ဆိုလို့ ရှိရင်လည်း ရှမ်းပြည် တခုထဲတင် မကဘူး၊ ကချင်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နောက်ပြီးတော့ အောက် ပိုင်းမှာဆို ဧရာဝတီတိုင်းတို့ ပခိုးတိုင်းတို့ပါ တဖြေးဖြေး ပြန့်နှံ့လာတော့ ဒီပဲပုပ် ကိုလည်း အလားအလာ ရှိတဲ့ သီးနှံ တခု အနေနဲ့ လုပ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။”
ဒေါက်တာ မျိုးအောင်ကျော်ပါ။