သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သတ္တုတွင်းလုပ်ငန်း စိန်ခေါ်မှုများ


ဖားကန့်ဒေသ
ဖားကန့်ဒေသ

သယံဇာတ ပေါများလှတဲ့ မြန်မာနိုင်ငံမှာ သတ္တုတွင်းလုပ်ငန်းကို ကြည့်ရင် ရှင်သန်တိုးတက်မှု သိပ်မရှိပဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဒီလို အခြေနေတွေ ဖြစ်လာစေတဲ့ အဟန့်အတားတွေနဲ့ စိန်ခေါ်မှုတွေ အကြောင်း ဒီတပါတ်မှာ ပြောပြပါရစေ။

မြန်မာနိုင်ငံရဲ့ သတ္တုတွင်းလုပ်ငန်း ရှင်သန်ဖွံဖြိုးရေးအတွက် အနှောက်အယှက် ဖြစ်နေတာက ရှင်းလင်း ပြတ်သားတဲ့ သတ္တုတွင်း ဥပဒေမရှိတာ၊ မြေယာပိုင်ဆိုင်ခွင့် ဥပဒေ အားနဲတာအပြင် လုပ်ထုံးလုပ်နည်းတွေ မလိုအပ်ပဲ များပြားရှုပ်ထွေးနေတာ ဖြစ်ပြီး သတ္တုတူးဖေါ်ရေး ဆိုင်ရာ မူဝါဒ ကောင်းတရပ်လည်း ချမှတ်ပေးဖို့ လိုအပ်နေတာပါ။ ဒါ့အပြင် ရင်ဆိုင်လာရတဲ့ ပြဿနာတွေ၊ တနေ့တခြား တိုးတက်ထွန်းကားလာနေတဲ့ နည်းပညာတွေပေါ်မူတည်ပြီး အစဉ်အမြဲ ဖြည့်စွက် ပြင်ဆင်မှုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။

ဒီအထဲမှာ တူးဖေါ်ခွင့် လိုင်စင် ချထားပေးရာမှာ အသေးစားတွေ ပွနေအောင် ချထားပေးတာက သတ္တုလုပ်ငန်း တိုးတက်ရေး အတွက် အဟန့်အတား တခု ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပွံအသင်း အထွေထွေ အတွင်းရေးမှုး ဦးအေးလွင်က ပြောပါတယ်။ တကယ်ဆို အသေးစား အလတ်စားတွေ စုပေါင်းပြီး အကြီးစား ဖြစ်အောင် လုပ်တာဟာ ရေရှည်အတွက် အကျိုး ရှိတယ်လို့ ဆိုပါတယ်။

သေးစား သတ္တုတူးဖေါ်ရေးမှာ ၂ ပိုင်းခွဲနိုင်ပြီး ဒေသခံတွေ ရှေးရိုးမပျက် တူးဖေါ်နေတာမျိုး ကို စီစစ်ခွင့်ပြုပေးသင့်ပေမယ့် တခြားအသေးစား အလတ်စား တူးဖေါ်မှုမျိုးကိုတော့ ခွင့်မပေးသင့်ဘူးလို့ ပြောပါတယ်။

သတ္တု ဥပဒေထဲမှာ အသေးစား အလတ်စားလုပ်ငန်း တူးဖေါ်ခွင့်အတွက် ပြည်နယ် တိုင်း အစိုးရတွေက လုပ်ပိုင်ခွင့်ပေးထားတာ ရေရှည်အတွက် အလားအလာ မကောင်းဘူးလို့လည်း ထောက်ပြပါတယ်။ အသေးစား တွေ မွနေအောင် တူးဖေါ်မှုဟာ တကယ်တမ်း ငွေအရင်းနှီး များများသုံးပြီး ထုနဲ့ ထည်နဲ့ တူးဖေါ်လာနိုင်တဲ့ အချိန်မျိုးမှာ စီစဉ် ဆောင်ရွက်ရမယ့် ပြည်ထောင်စုအစိုးရအတွက် အခက်ကြုံရနိုင်ပါတယ်။

ဒီဥပဒေရဲ့ ဆိုးကျိုးတွေကို အရင်လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် အရာမထင်ခဲ့ဘူး လို့လည်း ဝေဖန်ပါတယ်။

နိုင်ငံ တနိုင်ငံမှာ သယံဇာတ ကို ခွဲဝေယူတာထက် သံယံဇာတက ရတဲ့ အကျိုးအမြတ်ကို ခွဲဝေယူ တာဟာ ရေရှည်အတွက် အကျိုးရှိတာမို့ ဒါကို စဉ်းစားကြဖို့လည်း အကြံပေးပါတယ်။

သတ္တု ဥပဒေက အရေးပါသလို သတ္တုတူးဖေါ်ရေးနဲ့ ပါတ်သက်ပြီး အစိုးရရဲ့ ပွင့်လင်းမြင်သာမှု့က အရေးပါပါတယ်။ ဒါ့အပြင် သတ္တုတူးဖေါ်ရေး လုပ်ငန်းနဲ့ ပါတ်သက်ပြီး သဘာဝဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ လှုပ်ရှားသူတွေ အမြင်ကျယ်လာအောင်း အသိပညာ ဖြန့်ဝေပေးဖို့လည်း လိုအပ်နေတာပါ။ သတ္တုတူးဖေါ်မှုကြောင့် သဘာဝဝန်းကျင် ပျက်စီးမှုတွေကို လက်တွေ့မြင်နေရတာဟာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်ပါတယ်။

ဖားကန့်တို့ လက်ပန်းတောင်းတောင်တို့က သတ္တုတူးဖေါ်မှု အခြေအနေဟာ သက်ဆိုင်ရာ အစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းခဲ့တာရဲ့ ပြယုဂ် လို့ ဥပမာပေးပါတယ်။

မြန်မာ့ သတ္တုတူးဖေါ်ရေး လုပ်ငန်း အခြေနေ အားမရစရာ မှေးမှိန်နေတာ အတွက် အပြောင်းအလဲ ဖြစ်စေဖို့ မူဝါဒကောင်းတရပ် ချမှတ်ပေးဖို့ လိုအပ်ပါတယ်။ မူဝါဒကောင်းတရပ် ရှိလာပြီ ဆိုရင် တာဝန်ခံတာဝန်ယူမှုရှိတဲ့ လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ နဲ့ အတူ ဒေသခံတွေပါ လက်တွဲ ပြီး တိုးတက်လာအောင် လုပ်ဆောင်နိုင် ပါတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG