သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပြည့်မြဲစွမ်းအင်နဲ့ မြန်မာ


myanmar energy source
myanmar energy source

မြန်မာနိုင်ငံမှာ ရေအားကနေ လျှပ်စစ်ထုတ်ယူနိုင်ပေမယ့် အခုထိ ဖူလုံအောင်မလုပ်နိုင်သေးပါဘူး။ ဒါ့ကြောင့် တခြားပြန်ပြည့်မြဲစွမ်းအင်တွေ ဖြစ်တဲ့ လေနဲ့ နေစွမ်းအင်ကို သုံးမယ် ဆိုရင် အခြေနေဘယ်လို ရှိတယ် ဆိုတာကို စွမ်းအင်ဌာန ဒုဝန်ကြီးဟောင်း အင်ဂျင်နီယာ ဦးမော်သာထွေးက ပြောပြပေးမှာပါ

ပြန်ပြည့်မြဲစွမ်းအင်နဲ့ မြန်မာ
please wait

No media source currently available

0:00 0:07:15 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင်ဖြစ်တဲ့ ရေအားကနေ လျှပ်စစ်ထုတ်ယူနိုင်ပေမယ့် အခုချိန်ထိ ဖူလုံအောင် နိုင်နိုင်နင်းနင်း မလုပ်နိုင်သေးပါဘူး။ ဒါ့ကြောင့် တခြားပြန်ပြည့်မြဲစွမ်းအင်တွေ ဖြစ်တဲ့ လေစွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်ကို သုံးမယ် ဆိုရင်ကော အခြေနေက ဘယ်လို ရှိပါသလဲ စွမ်းအင်ဌာ ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

ဦးမော်သာထွေး။ ။ “အဲဒီမှာ ကျွန်တော် ၂ ပိုင်းတွေ့ပါတယ်။ ဘယ်လိုလည်း ဆိုတော့ ပြန်ပြည့်မြဲစွမ်းအင်ဟာ အလကားရတယ်။ နောက်တခါ စားရိတ်သက်သာမယ်ပေါ့ဗျာ။ အလကားရတယ် ဆိုကတည်းက ကုန်ကြမ်းအတွက် မကုန်ရတော့ ကုန်ကြမ်းအတွက်ဆို ဘယ်နိုင်ငံကိုမှလည်း မျက်နှာကြည့်စရာ မလိုဘူး ကိုယ့်နိုင်ငံမှာ သူ့ဟာသူ ဖြတ်ပြီးလာနေတဲ့ နေရောင်ခြည်၊ သူ့ဟာသူ လာနေတဲ့ လေက အင်မတန် သုံးသင့်ပါတယ်။ အဲဒါပေမယ့် ဈေးနှုန်းက ပြဿနာက စတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာ နံပတ် ၁ ပြဿနာ စပြီး တက်မှာက ဈေးနှုန်းပဲ။”

ဘာ့ကြောင့် ဈေးနှုန်းမှာ ပြဿနာတွေ ဖြစ်လာရတာပါလဲ။

ဦးမော်သာထွေး။ ။ “ကျွန်တော်တို့ နိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ဘာတွေကော အကုန်လုံးက ပြောနေတယ်ပေါ့။ သူများနိုင်ငံမှာ နေတွေ လေတွေ ဘယ်လို ဈေးကျနေပြီတဲ့ ဆိုပြီးတော့။ အဲဒါက ဒီလိုရှိပါတယ် ဆရာမ။ နိုင်ငံတော်က subsidized လုပ်တာတွေပါ။ အမေရိကန်ကိုယ်တိုင်က ကယ်လီဖိုးနီးယား မှာ နေရောင်ခြည် စွမ်းအင်နဲ့ သုံးတဲ့ အိမ်တွေကို သူကိုယ်တိုင်က subsidized လုပ်ပြီးတော့ ထောက်ပံ့တဲ့ ဟာမျိုးဗျ။ နောက်တခါ ကျွန်တော်တို့ နမူနာ ပြောရရင် မော်တော်ကား ပေါ့ဗျာ။ မော်တော်ကား ဆိုရင် ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ စမ်းသပ်နေတယ်။ မော်တော်ကားတွေကို renewable ပြန်ပြည့်မြဲစွမ်းအင် ဘက်ထရီအိုးနဲ့ သုံးတဲ့ဟာ။ သူတို့က အဲဒီ မော်တော်ကား စီးတဲ့သူတွေက subsidized လုပ်ပြီး အရင်းထည့်ဝင်ပေးတာတို့ ဘာတို့ ဆိုတာ။ ဒါတွေက ဘာလဲ ဆိုတော့ နိုင်ငံတော်က သူက အရမ်းဖြစ်ချင်ပြီးတော့၊ ချမ်းလည်း ချမ်းသာတော့ ဒါလုပ်တဲ့ method တွေ ဆိုတော့၊ သူ့ပြည်သူတွေက ဈေးသက်သာသလိုလို တော့ ဖြစ်နေမှာပဲ။”

“ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံ ကျတော့ ဘယ်လို ဖြစ်သလဲ ဆိုတော့ နိုင်ငံတော်က အဲဒီလို ဆိုလာ သုံးတဲ့ လူတွေကိုလည်းsubsidized မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တဖက်က လျှပ်စစ် သုံးတဲ့ လူအားလုံးကို ထောက်ပံ့တဲ့ subsidized လုပ်ထားတာ ကိုပဲ ပိုက်ဆံက ဘယ်လောက် ရှိသလဲ ဆိုတော့ ဒေါ်လာနဲ့ ပြောရလို့ ရှိရင် မနှစ်က ဆိုရင် ဒေါ်လာ သန်း ၃၀၀ လောက် နိုင်ငံတော်က subsidized လုပ်လိုက်ရတယ်။ လျှပ်စစ် ဖြန့်ဖြူးရေးမှာ။ နောက် လျှပ်စစ်ဌာနကြီး တခုလုံးကို လုပ်လိုက်ရတယ် ခင်ဗျ။ လုပ်လိုက်တော့ ဒီ ကျွန်တော်တို့ ဒေါ်လာ သန်း ၃၀၀ ဆိုတာက အိမ်ထောင်စုပေါင်း သန်း ၃၀၀ လောက်ကို ကျွန်တော်တို့က ဆိုလာကို အကောင်းဆုံး။ အိမ်ထောင်စုပေါင်း သန်း ၃၀၀ လောက်ဆိုတာ နဲတာ မဟုတ်ဖူး။ ဒေါ်လာ တသန်းရှိရင်ကို အိမ်ထောင်စုကို ရွှေချလို့ ရတယ်။ ဆိုတော့ ဒါတွေ ကျွန်တော်တို့က မလုပ်နိုင်တော့ဘူး။ ဘာလို့လည်း ဆိုတော့ ဟိုဘက်က တအားရှုံးနေတာကိုး။ တဖက်က တအား subsidized လုပ်နေရတယ်။”

ပြန်ပြည့်မြဲစွမ်းအင် ထဲက နေရောင်ခြည်ကိုသုံးတဲ့ ဆိုလာ စွမ်းအင်အတွက် ထုတ်လုပ်တဲ့စားရိတ်က သိပ်မသေးလှဘူးလို့လည်း ပြောပါတယ်။

ဦးမော်သာထွေး။ ။ “အဲဒီမှာ လူတွေက ပြောနေကြတာက ဆိုလာဟာ ဆိုလို့ရှိရင် သူများနိုင်ငံမှာ တအားဈေး ကျတယ်ဆို။ မကျပါဘူးဆရာမ။ ကျွန်တော်တို့ နိုင်ငံမှာ အခု မင်းဘူးမှာ တည်တဲ့ဟာ ရှိပါတယ်။ မင်းဘူးမှာ တည်တဲ့ဟာ ဆိုလို့ရှိရင် တယူနစ်ကို ကျွန်တော်တို့ ၁၂ ဆင့်ခွဲ လောက် ကျပါတယ်။ ၁၂ ဆင့်ခွဲလောက် ထုတ်လုပ်စားရိတ်ကျပါတယ်။

အဲဒီလိုပဲ အမေရိကန် ကုမ္ပဏီတခု မြန်မာနိုင်ငံကို အရင်အစိုးရ လက်ထက်က လာပြီး စီးပွါးရေးရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆို လာတဲ့အခါမှာ ကျွန်တော်တို့ မြင်းခြံဘက်မှာ လုပ်မယ်ဆိုပြီး လုပ်တဲ့ အခါမှာ သူတို့ကလည်း ၁၂ ဆင့်အောက်ဆို မလုပ်နိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ဘာဖြစ်နေတာလဲ ဆိုရင် ၁၂ ဆင့်အောက် လုပ်နိုင်တယ် ဆိုတဲ့ လူတောင်မှ မရှိဘူး မြန်မာနိုင်ငံထဲ မှာ ဆိုလိုတဲ့ သဘောကတော့ ဈေးနှုန်းဘက် အခြမ်းကနေ ကြည့်ရင် ရေအားလျှပ်စစ်ထက် ၂ ဆလောက် ဈေးကြီးနေတယ်။ ကျောက်မီးသွေးနဲ့ ယှဉ်ရင် ၂ ဆ နီးနီးလောက် ဈေးကြီးနေတဲ့ဟာ ဆိုတော့ ဒါကိုလည်း ကျွန်တော်တို့က စဉ်းစားရမယ် ဆရာမ။”

နေတို့ လေတို့ကို သုံးဖို့ လုပ်မယ်ဆိုရင် အားနဲချက် တခုက တွက်ဆလို့ မရနိုင်တဲ့ အချက်တွေ လို့ ဆိုပါတယ်။

ဦးမော်သာထွေး။ ။ “ဒီ ဆိုလာတို့ (wind) လေတို့ ဆိုတာက ကျွန်တော်တို့က ကိုယ့် ထိမ်းချုပ်မှု control အောက်မှာ မရှိဘူး။ ကိုယ့် ထိမ်းချုပ်မှု အောက်မှာ မရှိဘူး ဆိုတာက၊ သူတို့က ရှိတော့ ရှိနေတယ်၊ ဒါပေမယ့် သူတို့ရဲ့ capacity တွေက ရှိသေးတယ်။ ရရှိတဲ့ ပမာဏ capacity factor ပေါ့။တနှစ်လုံး ဆိုလို့ ရှိရင် ကျွန်တော်တို့က ဆိုလာ ဆိုလို့ရှိရင် ၂၀ % လောက် ရမယ်ဆို၊ တနှစ်လုံး အတွက် ရှိတဲ့ နာရီအားလုံး ၈ရ၆၀ ရဲ့ ၂၀ % လောက်ဆိုတော့ သူက ပုံမှန်မရှိဘူး။ သူ့သဘော သူဆောင်တယ်။ ကျွန်တော်တို့ လုပ်လို့ မရဘူး။”

“အဲဒီလိုပဲ wind - လေအား ဆိုတာကလည်း ကျွန်တော်တို့က ၂၀ % ကနေပြီးတော့ တနှစ်လုံးရဲ့၈၆၇၀ နာရီ ရှိလို့ရှိရင် အဲဒီနာရီရဲ့ ၂၀ နဲ့ ၃၀ % ကြားထဲလောက်မှာ ရမယ် ဆိုလို့ ရှိရင် လေအား ကလည်း သူ့သဘောသူဆောင်တယ်။ အဲဒီအခါမှာ ဘာဖြစ်လဲ ဆိုတော့ သူ့သဘောသူဆောင် ပြီးတော့ လာချင်တဲ့အချိန် လာမယ်၊လင်းချင်တဲ့ အချိန်လင်း မယ်ဆိုတဲ့ဟာက အမာခံ ထားလို့ မရဘူး ဆရာမ နိုင်ငံတိုင်းမှာလေ။ အမာခံ ထားလို့ ရတာက ကိုယ့်ရဲ့ စီမံခန့်ခွဲမှု အောက်မှာ manageable scale ထဲမှာ အမာခံထားလို့ ရတဲ့ဟာတွေကို အမာခံအဖြစ် ထားပြီးမှ၊ ထားလို့ မရတဲ့ဟာတွေကို လိုအပ်တဲ့ အချိုးအစားနဲ့ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေပဲ နေတို့ လေတို့ စသဖြင့်ကို ထိုက်သင့်တာလောက်ပဲ သုံးသင့်တယ်။ ဘာလို့ သုံးသင့်သလဲ ဆိုတော့၊ ပိုက်ဆံ နဲနဲ ပိုချင် ပိုပါ့စေ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နဲလို့ သုံးတယ် ဆိုပြီးတော့ အဲဒါက သဘာဝ ကျပါတယ်။ ဒါပေမယ့် အဲဒီလိုပဲ လုပ်ဖို့ သင့်ပါတယ်”

နိုင်ငံအများအပြားမှာ ပြန်ပြည့်မြဲစွမ်းအင် သုံးတဲ့ အနေထားတွေ ကြည့်ရအောင်ပါ။

ဦးမော်သာထွေး။ ။ “အမေရိကန်မှာဆို လည်းပဲ ၃ % ၄ % နဲ့ ပိုပြီးမှ အဲဒီ နေတို့ လေတို့ ကို မသုံးပါဘူး။ တရုတ်နိုင်ငံမှာလည်းပဲ ၄ % - ၅% ထက် ပိုမသုံးပါဘူး။ ကျွန်တော်သိတဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမှာ ဘယ်နိုင်ငံမှာမှ အဲဒီလောက်ကြီး မသုံးပါဘူး။ သုံးလို့ ရှိရင် ဘာပြဿနာ တက်မှာလဲ ဆိုတော့ သူ့ပြည်သူက ဓါတ်အားခ ဈေးနှုန်း ဈေးကြီးမှာ သေချာပါတယ်။ အဲဒီတော့ သူ့နိုင်ငံက တအားချမ်းသာရင်တော့ သူသုံးရင် သုံးမယ်။”

“ဒါပေမယ့် အဲဒီလို သုံးတဲ့ နိုင်ငံတွေက ဘာပါ ထည့်ပြီးတော့ လုပ်ရမလဲ ဆိုတော့။ အဲဒီ ဆိုလာတို့ လေတို့က မတည်ငြိမ်တဲ့ ဓါတ်အား ကို ပေးနေတဲ့ အတွက်ကြောင့် သူသည် တည်ငြိမ်တဲ့ ဓါတ်အားကို သူများနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ပြီး ဓါတ်အားလိုင်း သွယ်ပြီးတော့ သူက အချိန်မရွေး စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ဓါတ်အား အဝယ်အရောင်း သူက လုပ်ထားပြီးတော့မှ မတည်ငြိမ်တဲ့ အချိန်မှာ သူက ဝယ်သုံးပါတယ် ဆရာမ။ အဲဒီလိုမျိုး communicate လုပ်လိုက်တဲ့ အခါကျတော့ သူ့နိုင်ငံထဲမှာ ကြည့်လိုက်ရင်တော့ သန့်စင်စွမ်းအင်အားတွေမှာ နေတို့ လေတို့ တွေ များချင် များနေမယ်။ တခြားကိစ္စတွေ နဲချင် နဲနေမယ်၊ ဒါပေမယ့် သူတပ်မထားသော၊ သူများနိုင်ငံက ဝယ်သုံးတဲ့ ဓါတ်အားတွေ သူဝယ်သုံးနေတယ် ဆိုတာကိုတော့ သူတို့ မြှုပ်ထားကြတယ်။”

“ဥပမာ ဒိန်းမတ်ကို ကျွန်တော်ပြောမယ်။ ဒိန်းမတ်နိုင်ငံမှာ ဓါတ်အားတယူနစ်ကို ၃၁ ဆင့် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ငွေနဲ့ တွက်ရင် တယူနစ်ကို ငွေ ၄၀၀ ကျပ်ပဲ။ အဲတော့ အခု အစိုးရက ကောက်နေတာ ငွေက ၃၅- ၄၀- ၅၀ ပေါ့ဗျာ။ နဲနဲပိုသုံးတဲ့ သူက ၇၅ ကျပ် ဖြစ်သွားနိုင်တာပေါ့ တယူနစ်ကို။ အဲဒီမှာ ၃၁၀ လောက် ပေါက်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူ့ရဲ့ နိုင်ငံက ချမ်းသာတယ်။”

မြန်မာနိုင်ငံလို အခြေနေအတွက် စွမ်းအင်ကို အကောင်းဆုံး ရယူနိုင်အောင် ဘာတွေ လုပ်သင့်ပါသလဲ။

ဦးမော်သာထွေး။ ။“ကျွန်တော်တို့က အခုက အဆင်းရဲဆုံး နိုင်ငံပါ။ အဆင်းရဲဆုံး နိုင်ငံ ဆိုတော့ ကမ္ဘာနဲ့လည်း လိုက်လျော ညီထွေဖြစ်အောင် နေရမယ်။ နောက်ပြီး လူသား ဆန်ပေးရမယ်။ လူသားဆန်ရမယ် ဆိုတာက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အနဲဆုံး ဖြစ်စေမယ့် ဆိုလာတို့ လေတို့လည်း သုံးသင့်တယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ အခြေနေနဲ့ဆို ဓါတ်အားခဈေးက ပေးနိုင်တဲ့ အခြေနေပေါ်မှာ တွက်ရမယ်။နောက်တခါ ဓါတ်အား မတည်ငြိမ်မှု ဖြစ်လာခဲ့လို့ရှိရင်၊ နဂိုကတည်းကမှ ကျွန်တော်တို့ နိုင်ငံရဲ့ လျှပ်စစ်မီးက တကယ့်ကို မနိုင်ဝန်ကို ထမ်းထားရတာပါ။ ပေးတာနဲ့ ယူသုံးတာနဲ့ ထုတ်တာက မနိုင်ချင်ဘူး။ အဲဒီအချိန်မှာ ခုနလို ဝင်လိုက်ထွက်လိုက်လုပ်မယ့် မတည်ငြိမ်တဲ့ ဓါတ်အားမျိုးက ခဏခဏ များများနဲ့ ဝင်ရှုပ်နေလို့ရှိရင် ဝင်ပါနေလို့ ရှိရင် ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဓါတ်စံနစ်က လုံးဝတည်ငြိမ် နိုင်စရာ အကြောင်း မရှိတော့ဘူး။”

“အရံဓါတ်အားလေးတွေ ဘာလေးတွေ ရှိတဲ့နိုင်ငံမျိုးဆို ရင်တော့ ဝင်လိုက်ထွက်လိုက်က ပြဿနာ မရှိဘူး။ ကျွန်တော်တို့က အရံကို မရှိတဲ့ နိုင်ငံ ဆိုတော့ မရှိရှိတာလေးသုံးမယ် ဆိုရင်တော့၊ အခြေခံ ကျတဲ့ထဲက renewable ထဲက ရေအားလျှပ်စစ် သုံးနိုင်ပါတယ်။ တခြားက ကျောက်မီးသွေး သုံးနိုင်ပါတယ်။ ဂက်စ် သုံးနိုင်ပါတယ်။ ဒါပေမယ့် နေနဲ့ လေကိုတော့ ထိုက်သင့်တဲ့ ပမာဏလေးတွေ ကို နေ့လည်ခင်းလေးတွေမှာ ဝင်ပေး လို့ ရှိရင် ဘာကောင်းသွားမလဲ ဆိုတော့ ကျွန်တော်တို့ ရေအားလျှပ်စစ် လို လုပ်ငန်းကြီးကနေ ရေလှောင်ကန်ထဲက ရေကို ထုတ်မသုံးပဲ ထိန်းထားခြင်း အားဖြင့် ရေလှောင်ကန်ထဲက ရေသည် နွေကျလို့ ရှိရင် ကျွန်တော်တို့ မီးတွေဘာတွေ အတွက် တအား မြန်မာနိုင်ငံမှာ သုံးပါတယ်။ အဲဒီအခါကျလို့ ရှိရင် မနိုင်မနင်းဖြစ်ပြီးတော့ တနိုင်ငံလုံး မှောင်သွားတာတွေ ဘာတွေ ဖြစ်မယ်၊ အဲဒီလို အချိန်မျိုးအတွက် သူက ရေချန်ထားလို့ ရတာပေါ့။ ဒါကတော့ ကျွန်တော်က အားသာချက် အားနဲချက်တွေကို ချိန်ထိုးပြီးတော့ ပြောတာပါ။”

စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဦးမော်သာထွေးပါ။

XS
SM
MD
LG