သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားလမ်းဖေါက်လုပ် ထိမ်းသိမ်းရေး


နေပြည်တော်လမ်းတနေရာ
နေပြည်တော်လမ်းတနေရာ

ကားလမ်းဖေါက်လုပ် ပြင်ဆင်ထိမ်းသိမ်းရေး အတွက် လိုအပ်တာတွေနဲ့ ပါတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်က လမ်းအင်ဂျင်နီယာ ဦးဝင်းဖေကို မေးမြန်း တင်ပြထားပါတယ်။

လမ်းအမျိုးအစားကို အကြမ်းဖျင်း ၂ မျိုးခွဲနိုင်ပြီး အောက်ခံ ကွန်ကရစ်ပေါ်မှာ ကတ္တရာခင်းတဲ့ Rigid Pavement လမ်းမျိုးနဲ့ ရိုးရိုးမြေကြီးပေါ်မှာ ကျောက်ခံ အလွှာတွေ အထပ်ထပ်ခင်းပြီး အပေါ်က ကတ္တရာခင်းတဲ့ Flexible Pavement ဖြစ်ပါတယ်။

အဆင်ပြေ ခိုင်ခန့်တဲ့ လမ်းတလမ်း ရဖို့အတွက် လမ်းဖေါက်မယ့် လမ်းကြောကို ရွေးချယ်ရာမှာ ပထမဆုံး နေရာဒေသရဲ့ ပါတ်ဝန်းကျင် အနေအထားအပြင် လူမှုရေးဆိုင်ရာတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ကွေ့သင့်တဲ့ နေရာ၊ ရှောင်သင့်တဲ့ နေရာတွေကို သတ်မှတ်ရပါတယ်။

လမ်းကြော သတ်မှတ်ပြီးရင် လမ်းအင်ဂျင်နီယာက လမ်းအတွက် အထက်အောက် အနိမ့်အမြင့် အကွေ့အကောက်တွေကို ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာပြီး အသေးစိတ်ပုံစံ ထုတ်ပေးရတယ်လို့ ဦးဝင်းဖေက ပြောပါတယ်။

လမ်းမဖေါက်ခင်မှာ အရင်ဆုံး သိထားရမှာက ဝန်းကျင်တဝိုက်က ရေသွားရေလာစံနစ် drainage system ဖြစ်တာမို ဒါကို အရင်လေ့လာဖို့ လိုပါတယ်။ လမ်းကိုမထိခိုက်စေဖို့ နဲ့ လမ်းတာရှည်ခံဖို့ ရေမြောင်းဖေါက်သင့်မသင့်လည်း တွက်ချက်ရတာပါ။

လမ်းတလမ်းဖေါက်ရာမှာ အောက်ခံမြေက သိပ် အရေးကြီးပါတယ်။ အောက်ခံမြေသား ကောင်းတဲ့ နေရာမှာ ဆောက်လုပ်ရင် လမ်းတာရှည်ခံတာမို့ ပြန်ပြင်ရတဲ့ စားရိတ်ကို သက်သာစေပါတယ်။ အောက်ခြေက မြေဆီလွှာဟာ clayey လို့ခေါ်တဲ့ ရွှံ့မြေ အပျော့စား ဖြစ်နေရင် တူးထုတ်ပစ်ဖို့ လိုအပ်ပြီး silty လိုသဲဆန်တဲ့ မြေမျိုးဆိုရင်တော့ လမ်းအတွက် အဆင်ပြေစေပါတယ်။

မြန်မာနိုင်ငံမှာ ခင်းလေ့ရှိတဲ့ Flexible Pavement လို့ခေါ်တဲ့ ရိုးရိုးမြေကြီးပေါ်မှာ ကျောက်အရွယ်အစား အမျိုးမျိုးထပ်ခင်းပြီး ကတ္တရာ လောင်းတဲ့လမ်းမှာ ဆိုရင် အောက်ခံမြေ တောင့်တင်းမှု ရှိအောင် ပထမဆုံး လမ်းကြိတ်စက်တွေနဲ့ နင်းပြီး သိပ်ပေးရပါတယ်။ အဲဒီပေါ်မှာ လမ်းကျစ်လစ်ခိုင်မာမှု ပိုရှိစေဖို့အတွက် ကျောက်စရစ်ခဲနဲ့ သဲရောထားတဲ့ လိုချင်တဲ့ ကျောက်အရွယ်အစားပေါင်းစုံ ပါအောင် ခင်းပြီး ထပ်ကြိတ်ပေးရပါတယ်။ ဒါဟာ လမ်းအတွက် ရေဝင်ပြီး ပျက်စီးတာ သိပ်မရှိစေပဲ နဲသွားနိုင်တာပါ။ အဲဒီအပေါ်ကမှ ကတ္တရာ ခင်းပေးရပါတယ်။

လမ်းတလမ်းအတွက် သက်တမ်းဟာ ၁၅ နှစ်နဲ့ အနှစ် ၂၀ ကြားမှာ ရှိတယ်လို့ ပြောပါတယ်။ လမ်းမှာ အပေါ်က ကတ္တရာ အက်ကွဲလာမယ် ဆိုရင် အဲဒီလမ်းကို သက်တမ်းကုန်တဲ့ လမ်းလို့ ခေါ်ပြီး အဲဒီလမ်းတလမ်းလုံးကို ကော်ထုတ်ပြီး ပြန်ခင်းပေးရပါတယ်။ လမ်းမှာ အောက်ခြေက မြေပျော့ပြီး ကျွံကျသွားတဲ့ နေရာ ဒါမှမဟုတ် ကတ္တရာ အသစ် ထပ်ခင်းတဲ့ နေရာမှာ တွဲဆက်မှု မကောင်းတဲ့အတွက် နေရာကွက်ပြီး အပေါက်တွေ ဖြစ်လာတတ်ပါတယ်။

လမ်းကို ထိမ်းသိမ်းဖို့အတွက် လမ်းဗိုလ်ခန့်ထားပြီး လမ်းကိုစောင့်ကြည့် ပေးဖို့လည်း လိုအပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG