သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်မှာ လျှပ်စစ်အန္တရာယ်ကင်းစေဖို့ - အပိုင်း (၁)


ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ရှုပ်ထွေးနေသည့် မီးကြိုးများနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်တစ်ခု။ ဇန်န၀ါရီ ၂၇၊ ၂၀၁၄။

ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ ဓါတ်လိုက်လို့ သေဆုံးရတာမျိုး ထပ်ပြီး မဖြစ်စေဖို့ ဓါတ်ကြိုး သွယ်တန်းတဲ့ စံနစ်က စပြီး ပြောင်းပစ်ဖို့ လိုအပ်နေတာတွေကို စင်္ကာပူက ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အင်ဂျင်နီယာ ဦးအေးငြိမ်းက ပြောပြပေးမှာပါ။

ရန်ကုန်မြို့မှာ ရေမီး ပြဿနာတွေ ပေါ်နေတာဟာ system- စံနစ် ပျက်ယွင်း မှုကြောင့် ဖြစ် သလို ဥပဒေထိမ်းကျောင်းမှု - Law enforcement အားနဲ တာကြောင့် ဖြစ်ရတာလို့ စင်္ကာပူက ဘေးအန္တရာယ် ကင်းရှင်းရေး အရာရှိ အင်ဂျင်နီယာ ဦးအေးငြိမ်းက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ စံနစ်တွေ ပျက်နေပြီး စံနစ်တကျမရှိပဲ အဆင်ပြေသလို လုပ်ဆောင်တာမျိုး များနေတာတွေ့ရတယ်လို့ ဆိုပါတယ်။ အရင် အင်္ဂလိပ်ခေတ်က စပြီး ချထားပေးတဲ့ စံနစ်တွေကို ထိမ်းသိမ်း မထားနိုင်တဲ့ အတွက် လျှပ်စစ်မီးပေးစံနစ် သာမကပဲ ရေဖြန့်ဝေတဲ့ စံနစ်၊ လမ်းကြော စံနစ်တွေပါ ပရမ်းပတာ ဖြစ်နေတာပါ။

လျှပ်စစ်မီး ဥပဒေတွေ ချထားပေမယ့် မြန်မာနိုင်ငံက ဥပဒေမှာ စင်္ကာပူလို အများပြည်သူ အန္တရာယ်ကင်းရေးကို သေသေချာချာ ဖေါ်ပြထားတာမျိုး မတွေ့ရဘူးလို့လည်း ပြောပါတယ်။

စင်္ကာပူမှာ မီးသွယ် မီးပေးတာနဲ့ ပါတ်သက်ပြီး စံနစ်တကျ ပြဌာန်းထား သလို ပြဌာန်းထားတဲ့ စံနစ်ကို မလိုက်နာရင် ပြင်းထန်တဲ့ အရေးယူမှုတွေလုပ် ပါတယ်။ ဒီလို ပြဌာန်းထားတဲ့ ဥပဒေ ပြန်လည်ထိမ်းကျောင်းရေးကို အရေးတယူ လုပ်ဆောင်တာမို့ စံနစ်ဟာ မပျက်မစီးပဲ ရေရှည်တည်တံ့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ထားတဲ့ လျှပ်စစ် ဥပဒေမှာ အများပြည်သူ အန္တရာယ်ကင်းရေးနဲ့ ပါတ်သက်ပြီး ထည့်သွင်းရေးသား ထားတာ သိပ်နဲနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စံချိန်စံညွှန်းပြဌာန်းမှုတွေ စည်းမျဉ်းစည်းကမ်းချမှတ်ချက်တွေ နဲ့ ပါတ်သက်ပြီး ရှင်းရှင်းလင်းလင်း ချပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီသတ်မှတ်ချက်တွေ တကယ်အသက်ဝင်မှု ရှိမရှိနဲ့ လိုက်နာမှု ရှိမရှိ သေသေချာချာ မသိရပေမယ့် အခု ရန်ကုန်က လျှပ်စစ် သွယ်တန်းမှု ပုံစံတွေနဲ့ ဓါတ်လိုက်လို့ သေဆုံးရတဲ့ အနေထားတွေကို ကြည့်ရင် စည်းမျဥ်းစည်းကမ်းချမှတ်မှုနဲ့ လိုက်နာမှုတွေ လုံလောက်မှု မရှိတာ သေချာတယ် လို့ ကောက်ချက် ချပါတယ်။

စင်္ကာပူက မီးသွယ် မီးပေးတဲ့စံနစ်ဟာ အမြင်ရှင်းပြီး အန္တရာယ် ကင်းစေ တာဟာ ကောင်း ကင်ပေါ်က ကြိုးသွယ်တန်းတဲ့ ပုံစံ မဟုတ်ပဲ မြေအောက် ကနေ သွယ်တန်းတာကြောင့်ပါ။ ရန်ကုန်မြို့မှာတော့ မိုးပေါ်မှာ ကြိုးတွေနဲ့ သွယ်ပြီး အခန်းများစွာပါနေတဲ့ တိုက် အတော်များများ အတွက် ဓါတ်အားကို တိုင်တတိုင်၊ တနေရာထဲကနေ ဆွဲသုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်တိုင်တွေမှာ ငှက်သိုက်လို ရှုပ်ပွနေတဲ့ ဓါတ်ကြိုး သွယ်တန်းတဲ့ ပုံစံတွေ မြင်နေရသလို ထိမ်းသိမ်းမှုလည်း ညံ့ဖျင်းတဲ့အတွက် လမ်းမတွေ ပေါ်မှာ ဓါတ်လိုက်လို့ သေဆုံး ရတာ မျိုးတွေ တွေ့နေရတာပါ။ ဒါ့ကြောင့် ဓါတ်တိုင်တတိုင်ထဲကနေ ဓါတ်အားသွယ် တဲ့ စံနစ်ကို အမြန် ဆုံး ပြုပြင်ပြောင်း လဲ သင့်တယ်လို့ ပြောပါတယ်။

သွယ်တန်းထားတဲ့ ဓါတ်ကြိုးတွေ အတွက် တစုံတခု ချို့ယွင်းတဲ့အခါ အလို အလျှောက် ဖြတ်တောက်ပေးတဲ့ ကြိုတင်ကာကွယ်တဲ့ စံနစ်ဟာ မလွဲမသွေ ရှိဖို့ လိုပါတယ်။ ဒီလိုရှိမယ် ဆိုရင် ဓါတ်အားမမှန်လို့ ဖြစ်စေ၊ ဓါတ်ကြိုးပေါက်လို့ ဖြစ်စေ၊ တစုံတခုကြောင့် ဖြစ်စေ ချို့ယွင်းမှု ရှိလာရင် အရင်ဆုံး ဓါတ်အားက ပြတ်တောက် သွားမှာမို့ ဓါတ်လိုက်တဲ့ အန္တရာယ် ပေါ်စရာ အကြောင်း မရှိနိုင်ဘူးလို့ အင်ဂျင်နီယာ ဦးအေးငြိမ်းက ပြောပါတယ်။

နောက်တပါတ်မှာတော့ ဓါတ်လိုက်တဲ့ အန္တရာယ်ကို ဘယ်လို ကာကွယ်နိုင်တယ် ဆိုတာကို ဆက်ပြီးတင်ပြပေးမှာပါ။

XS
SM
MD
LG