သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်ရတဲ့ သံလွင်သယံဇာတ သုံးစွဲမှု


 Karen villagers do their routines on the bank of the Salween river
Karen villagers do their routines on the bank of the Salween river

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီး ၄ သွယ်မှာ အရေးပါတဲ့ သံလွင်မြစ်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုဒေသတွေကို ဖြတ်သန်းစီးဆင်းနေသလို အိမ်နီးချင်းနိုင်ငံတွေမှာပါ ဖြတ်စီးတဲ့ မြစ်တစင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီမြစ်ရဲ့ သယံဇာတကို ထုတ်ယူသုံးစွဲမယ် ဆိုရင် အတော့ကို သတိထားရမယ်လို့ မြန်မာ့သဘာဝဝန်းကျင် ထိမ်းသိမ်းရေး လုပ်ဆောင်နေတဲ့ မြန်မာ့ပြည့်မြဲစွမ်းအင် REAM ရဲ့ အထွေထွေ အတွင်းရေးမှုးဖြစ်တဲ့ အဏ္ဏဝါဇီဝဗေဒ ပညာရှင် ဦးအောင်မြင့်က ပြောပါတယ်။

လက်ရှိအခြေအနေအရ သံလွင်မြစ်ရဲ့ သယံဇာတတွေထဲက ရေအားနဲ့ လျှပ်စစ်ဓါတ်ထုတ်ယူဖို့ လုပ်ဆောင်နေမှုတွေမှာ အထူးစိုးရိမ်ရတဲ့ အနေထားမှာ ရှိနေတယ်လို့ ထောက်ပြပါတယ်။

သံလွင်မြစ်ပေါ်မှာ တရုတ်ကရော မြန်မာနိုင်ငံကပါ ရေအားလျှပ်စစ်ထုတ်ဖို့ စီမံကိန်းတွေ အများအပြားရှိနေတာပါ။ မြစ်ညာပိုင်းမှာ တရုတ်နိုင်ငံဘက်က ရေကာတာတွေ တည်ဆောက်နေတာနဲ့ ပါတ်သက်ပြီး တားပိုင်ခွင့်မရှိပေမယ့် ဒီမြစ်တကြောင်းထဲကိုပဲ သုံးနေတာမို့ ရေသယံဇာတကို ခွဲဝေသုံးစွဲရေးနဲ့ ပါတ်သက်ပြီး တကမ္ဘာလုံးနဲ့ဆိုင်တဲ့ transboundary ဥပဒေတွေ စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် တည်ဆောက်မယ့် ရေကာတာတွေဟာ မြင့်မားမယ်ဆိုရင် ခိုင်မာမှုအတွက် နည်းပညာကောင်းကောင်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံ သံလွင်မြစ်ကြောင်းပေါ်က ရေကာတာတွေ ဆောက်မယ့် နေရာတွေဟာ ငလျင် အန္တရာယ်ပေးနိုင်တဲ့ ပြတ်ရွေ့ကြောင်းတွေပေါ် ရှိနေတာမို့ ဒါကလည်း စိတ်ပူစရာတခု ဖြစ်ပါတယ်။

ဒီမြစ်ကြောင်းပေါ်မှာ ရေကာတာ ကြီးတွေ တည်ဆောက်ဖို့ စီစဉ်တဲ့အခါမှာ မြစ်ကြောင်းဖြတ်စီးရာ ဒေသတွေက တိုင်းရင်းသား ဒေသခံတွေရဲ့ လက်ခံမှုကို ရယူဖို့လိုအပ်ပါတယ်။ လက်ရှိမှာ ဒေသခံတွေရဲ့ မကျေနပ်မှုတွေနဲ့အတူ အခုထိ ဒေသတွင်း ငြိမ်းချမ်းမှု မရနိုင်ဖြစ်နေတာလည်း ထင်ရှားပါတယ်။

အဓိက ကတော့ မြစ်သယံဇာတကို ထုတ်ယူသုံးစွဲတဲ့အခါ ပေးဆပ်လိုက်ရမယ့် ဂေဟစံနစ်တန်ဖိုးနဲ့ ရမယ့် ရေရှည် အကျိုးအမြတ် မမျှမတ ဖြစ်မှာကိုပိုပြီး စိုးရိမ်ရတာပါ။

အခုလို စိုးရိမ်နေရတဲ့ ပြသနာတွေ လျော့ပါးအောင် အစိုးရပိုင်းက စီမံကိန်းကြီးတွေနဲ့ ပါတ်သက်ပြီး ပြည်သူလုူထုကို သေသေချာချာ ရှင်းလင်း တင်ပြပေးဖို့လိုအပ်ပါတယ်။ ဒေသခံတွေအတွက် အန္တရာယ်မရှိအောင်ဘယ်လို လုပ်ဆောင်မယ်၊ ရေရှည် အကျိုး ဘယ်လို ရှိနိုင်တယ်၊ သဘာဝဝန်းကျင် မပျက်စီးအောင် ဘာတွေပြင်ဆင်ထားတယ် ဆိုတာတွေကို အခုထိ သေသေချာချာ မသိကြရတဲ့အတွက် ထင်သာမြင်သာ ပြသဖို့လည်း လိုအပ်တယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG