သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသထဲ အပင်စိုက်ဖို့လေ့လာမှုရဲ့ အကျိုးကျေးဇူး


Mars_Greenhouse_ (Long-term setttlements on Mars could potentially grow their own food) NASA
Mars_Greenhouse_ (Long-term setttlements on Mars could potentially grow their own food) NASA

ကမ္ဘာနဲ့ အခြေနေလုံးဝ ကွာခြားတဲ့ အာကာသဝန်းကျင်မှာ အပင်ဘယ်လိုစိုက်ရမယ် ဆိုတာကို အချိန်ကုန် ငွေကုန်ခံပြီး လေ့လာနေကြတာဟာ ကမ္ဘာပေါ်မှာ နေသူတွေအတွက် အကျိုးရှိပါရဲ့လား ဆိုတာ ဒီတပတ်မှာပြောပြပါရစေ။

အာကာသထဲ အပင်စိုက်ဖို့လေ့လာမှုရဲ့ အကျိုးကျေးဇူး
please wait

No media source currently available

0:00 0:07:10 0:00
တိုက်ရိုက် လင့်ခ်

ကမ္ဘာနဲ့ အခြေအနေလုံးဝ ကွာခြားတဲ့ အာကာသဝန်းကျင်မှာ အပင်ဘယ်လိုစိုက်ရမယ် ဆိုတာကို အချိန်ကုန် ငွေကုန်ခံပြီး လေ့လာနေကြတာဟာ ကမ္ဘာပေါ်မှာ နေသူတွေအတွက် အကျိုးရှိပါရဲ့လား ဆိုတာ ဒီတပတ်မှာပြောပြပါရစေ။

နောင်မှာ အာကာသခရီး ရှည်သွားမယ့် ယာဉ်မှူးတွေ သူတို့စားဖို့ သူတို့ စိုက်ကြရမှာမို့ အာကာသထဲ အပင်စိုက်ဖို့ စူးစမ်းလေ့လာနေတာ နှစ်ပေါင်း ၄၀ ကျော်နေပါပြီ။

အင်္ဂါဂြိုဟ်ပေါ်မှာ အပင်စိုက်နိုင်မစိုက်နိုင် သိပ္ပံပညာရှင်တွေ ခုထိသိပ်မသိကြသေးပေမယ့် ကမ္ဘာနဲ့ အခြေနေလုံးဝ ကွာခြားတဲ့ဝန်းကျင်မှာ အပင်ဘယ်လိုစိုက်ရမယ် ဆိုတာကို သေသေချာချာ လေ့လာနေတာတွေကတော့ အပင်နဲ့ ပတ်သက်တဲ့ အသိမြင်သစ်တွေကို ရလာစေတာပါ။

ပထမဆုံး အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ နေရောင်ရဖို့ ဘယ်လိုသုတေသနတွေ လုပ်ကြတယ် ဆိုတာကို အမေရိကန်အာကာသစူးစမ်းရေးအဖွဲ့ NASA က သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ခုလိုပြောပါတယ်။

ဒေါက်တာပဒေသာတင်။ ။ “အပင်ဟာ နေရောင်မရှိရင် မရတဲ့အတွက် နေရောင် မရှိတဲ့ အာကာသထဲမှာ ခရီးရှည်သွားရမယ်၊ အာကာသစခန်းထဲမှာ စိုက်မယ်ဆိုရင် ဘယ် နည်းနဲ့ စိုက်မလဲ ဆိုတော့၊ အလင်းရောင် ပေးရတယ်။ ဒီအလင်းရောင်က မီးချောင်း၊ ultraviolet ခရမ်းလွန်ရောင်ပါတဲ့ မီးချောင်းလိုဟာမျိုးတွေ သုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မသုံးတော့ပါဘူး။ အလင်းရောင်ကို တရောင်တည်း ပေးမယ့်အစား ဘယ်အလင်းရောင်က အပင်တွေရဲ့ ကြီးထွားမှုကို အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာကို သုတေသနလုပ်တဲ့အခါ LED diode လေးတွေပေါ့နော်။ အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်ပေါ့နော်။ အဲဒီ ၃ ခုကို တွဲပြီး စမ်းကြည့်ပါတယ်။ အစိမ်းရောင်ချည်းပဲဆိုရင်လည်း အပင်က မရှင်ဘူး။ ခရမ်းရောင် အရမ်းများလည်း မရှင်ဘူး။ အနီရောင်ကို ဘယ်အချိန်မှာစိုက်ရင် အကောင်းဆုံးလဲ ဆိုတာကို သုတေသနလုပ်ပါတယ်။ ခရမ်းလွန်ရောင်မပါလို့လည်း မဖြစ်ဘူးဆိုတော့ သူက ခရမ်းလွန်ရောင်လည်း ပါရပါတယ်။ အဲဒီတော့ နေ့မှာ ဘယ်အရောင်နဲ့ ဘယ်လောက်ပမာဏကို အနီ၊ ဘယ်လောက် ပမာဏကို အပြာ၊ အစိမ်းက ဘယ်လောက် ဆိုပြီး ထွန်းပြီးတော့ စိုက်ကြည့်တယ်။ ဒီသုတေသနကြောင့် အပင်တွေရဲ့ ကြီးထွားမှု နှုန်းက တော်တော်ကို မြန်လာတယ် ဆိုတာတွေ့ရပါတယ်။”

ဒီလို အလင်းရောင်အတွက် စမ်းသပ်မှုတွေကနေ ကမ္ဘာ့လူ့ဝန်းကျင်အတွက် ဘာတွေ အကျိုးရှိစေပါသလဲ။

ဒေါက်တာပဒေသာတင်။ ။ အပင်ဟာ ရိုးရိုး နေရောင်မရလို့ရှိရင် ဘယ်လို အရောင် မျိုးက ဘယ်အချိန်မှာ - ဆိုလိုတာက ညမှာလား၊ နေ့မှာလား၊ ဒီအပင်ဟာ ဘယ်လို အရောင်နဲ့ ပိုပြီး အပင်ရှင်သန်သလဲ ဆိုတာကို အာကာသစိုက်ပျိုးရေး သုတေသန အတွက် လေ့လာတာဟာ ကမ္ဘာလူသားတွေရဲ့ ဇီဝရှင်သန်မှုကို တဖက်တလမ်းကနေ ကူညီနေတာကို ပြန်တွေ့ရမှာပါ။

ကျွန်တော်တို့ ညအချိန် အိပ်ရာဝင်ချိန်မှာ ဘယ်လိုအရောင်မျိုးကို သုံးပြီး မီးထွန်းသင့် သလဲ၊ မီးကို လင်းလင်းကြီးထားမလား၊ အနီရောင် ထားမလား၊ ခရမ်းရောင်ထားမလား၊ ဘယ်အရောင်နဲ့ ပိုပြီးအိပ်ချင် စေသလဲ၊ အဲဒါကို Melatonin effect လို့ခေါ်ပါတယ်။ မအိပ်ချင်အောင်ကော ဘယ်လို မီးအရောင်ကို ဘယ်လောက် မီးအားနဲ့ထွန်းရင် ကောင်း မလဲဆိုတာကို အာကာသစိုက်ပျိုးရေးမှာ လေ့လာရင်းနဲ့ရတဲ့ ရလဒ်တခု ဖြစ်ပါတယ်။ အခုလို သုတေသနလုပ်ခဲ့တာကို အိမ်ခန်းတွေဆောက်တဲ့အခါ ဒါတွေကို စပြီး ဒီဇိုင်းလုပ် သုံးလာကြပါပြီ။

နောက်တခုက အပင်တွေကိုစိုက်တဲ့ ရိုးရိုးမီးချောင်းတွေအစား LED လို့ခေါ်တဲ့ light emitting diode က အရောင်ကို အမျိုးစုံပြောင်းပြီး သုံးလို့ရတဲ့အတွက် နေ့ခင်းမှာ အရောင်တမျိုး၊ ညကျရင် အပင်တွေအိပ်တဲ့ အရောင်တမျိုး ထွန်းပေးဖို့ သုတေသနဟာ အခု ကမ္ဘာ့စိုက်ပျိုးရေးသုတေသန အတွက် အများကြီး အထောက်အကူပြု စေပါတယ်။”

နောက်အကျိုးရှိစေတာ တခုကတော့ Ethylene ဓါတ်ငွေ့နဲ့ပတ်သက်ပြီး သေသေချာချာ စူးစမ်းနိုင်ခဲ့တာပါ။

ဒေါက်တာပဒေသာတင်။ ။ အာကာသစိုက်ပျိုးရေးရဲ့ နောက်သုတေသနရဲ့ အဓိက ရတဲ့ ရလဒ်ကတော့ အက်သလင်းလို့ ခေါ်ပါတယ်။ ဒါက ဘာလဲဆိုရင် ဥပမာ ငှက်ပျောသီး အရမ်းမှည့်လာတာနဲ့ အက်သလင်း ဓါတ်ငွေ့ကို ထုတ်လိုက်တာဖြစ်တယ်။ အသီး အနှံ တွေ မြန်မြန်မှည့်၊ မြန်မြန်ပုပ်တာဟာ ပြဿနာတမျိုးပဲပေါ့။ ဆိုတော့ ဒီ အက်သလင်း ဓါတ်ငွေ့ အပင်တွေကို မရောက်အောင် ဘာလုပ်မလဲ ဆိုတဲ့နည်းပညာဟာ ဒီ အာကာသ ထဲမှာရှိတဲ့ အပင်တွေ ရှင်သန်ဖို့နဲ့ အပင်တွေကို ရိတ်သိမ်းပြီးတဲ့အခါ၊ စိုက်ပျိုးပြီး နှုတ်ပြီး တဲ့အခါ အကြာကြီး ထားလို့ရအောင် ဘယ်လိုထားမလဲ ဆိုတဲ့ သုတေသနတွေပါ ပါလာ တယ်။ အကောင်းဆုံးကတော့ ငှက်ပျောသီး တလုံးဟာ အရမ်းမှည့်နေပြီး သရက်သီးက အရမ်းစိမ်းနေရင် အဲဒီမှည့်နေတဲ့ ငှက်ပျောသီးနဲ့ သရက်သီးကိုရောပြီး စက္ကူနဲ့ လေလုံ အောင် ထုတ်ထားလို့ရှိရင် သရက်သီးဟာ တပတ်မှာ မှည့်မယ့်အစား ၂ ရက်လောက်နဲ့ ကို သူက မှည့်တယ်။ ဒါဟာ ဘာလဲဆိုတော့ သူက အက်သလင်းထုတ်တာ။

အဲဒီတော့ ဒီအက်သလင်း မထုတ်အောင် လုပ်တဲ့၊ အက်သလင်းလျော့အာင်လုပ်တဲ့ စက်ကို အခုအခါမှာ တနေရာကနေ တနေရာ၊ ပြည်နယ်တခုကနေ တခု ဥပမာ ရှမ်းပြည်လို နေရာကနေ ဟိုး ကော့သောင်အရောက် အသီးအနှံတွေ ပို့ရမယ့် ကုန်တင် ကားတွေ၊ သေတ္တာကြီးတွေထဲမှာ ဒီဓါတ်ငွေ့မထွက်အောင် လုပ်တဲ့နည်းတွေကို စသုံး လာပါပြီ။ ဒီဟာကို Wisconsin တက္ကသိုလ်နဲ့ နာဆာနဲ့တွဲလုပ်တဲ့ အာကာသ စိုက်ပျိုးရေး သုတေသနရဲ့ နည်းပညာတခုမှာ ဒီအက်သလင်းဓါတ်ကို လျော့သွားအောင်၊ ပျောက်သွား အောင်လုပ်တဲ့ စက်တွေကို တီထွင်နေတာပါ။ အသီးအနှံ သိုလှောင်ခန်းမှာသုံးသလို ဒီစက်တွေက နောက်တခု ဘာကောင်းသလဲဆိုတော့ ဘက်တီးရီးယားပိုးမွှားတွေ ကိုလည်း တားဆီးပေးတဲ့အတွက် ကျွန်တော်တို့ ဇီဝသုတေသနလုပ်တဲ့ ဆေးခန်းတွေ၊ ဆေးရုံတွေ၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ ဒါတွေကို သုံးနေကြပါပြီ။”

အပင်အတွက် ရေလိုအပ်သလို အပင်ရရှိတဲ့ ရေပမာဏ အနည်းအများကလည်း အပင်ကြီး ထွားမှုအတွက် သက်ရောက်မှု ရှိနေတာပါ။ ဒါ့ကြောင့် အပင်အမျိုးစားပေါ်မူတည်ပြီး လိုအပ် မယ့် ရေပမာဏကိုသိဖို့အပြင် ရေပမာဏဘယ်လောက် ရနေပြီလဲဆိုတာကိုတိုင်းတဲ့ အာရုံ ခံစက် sensor ကိုလည်း တီထွင်နိုင်ပါပြီ။

ဒေါက်တာပဒေသာတင်။ ။ ပေးတဲ့ရေဟာ ပန်းတွေစိုက်တုန်း ရေပမာဏများသွားရင် ပန်းဟာတော်တော်နဲ့ မပွင့်ဘဲ အမြစ်တွေ ပုပ်လာသလို ရေပေးတာနည်းသွားရင်လည်း ဆလပ်ရွက်တို့ ကြက်သွန်တို့၊ ခရမ်းချဉ်သီးတို့ကျတော့ ကြီးထွားနှုန်းက နှေးလည်း နှေးတယ်။ အပင်ကြီးကြီးမရဘူး ဆိုတာတွေ့ရတယ်။ အဲဒီတော့ ရေကိုလိုသလိုပေးဖို့ လိုအပ်တယ် ဆိုတာကို သေသေချာချာ သုတေသန လုပ်ထားတာ ရှိပါတယ်။ အခုလည်း ဆက်ပြီးလုပ်နေတုန်းပါပဲ။

အပင်ဟာ ရေဘယ်လောက်ရနေပြီလဲဆိုတာကို တိုင်းတဲ့ ဆင်ဆာစက်ကလေးတွေ ထွင်ရပါတယ်။ အရွက်ကလေးတွေကနေ ရေပမာဏကို ဘယ်လောက်အထိ ရနေပြီလဲ ဆိုတာကို တိုင်းတဲ့စက်တွေ သုံးတာက အခုကမ္ဘာပေါ်မှာ အပင်ကလေးတွေ သုတေသန လုပ်ပြီး စိုက်တဲ့အခါ ရေဘယ်လောက် ပေးရင်၊ ဘယ်နှုန်းနဲ့ပေးရင် ရမလဲ ဆိုတာ သိရ အောင် သုံးနေကြပါပြီ။ ရေဖြည့်လိုက်တဲ့အခါ ပင်မရေသောက်မြစ်ကြီးကို ရေရောက်ရဲ့ လား၊ ဘေးတွေကိုရော ရောက်ရဲ့လား ဆိုတာကို sensor တွေနဲ့ တိုင်းရတယ်။ အဲဒီလို တိုင်းတဲ့အခါကျတော့ sensor က အမြစ်ထက် ကြီးနေရင် တကယ်ရောက်မရောက် မသေချာပါဘူး။ အဲဒီတော့ ဆံပင်ခြည်သာသာလောက် ရှိတဲ့ sensor လေးတွေကို ကျွန်တော်စမ်းပြီး သူတို့နဲ့ အာကာသအပင်တွေစိုက်ဖို့ သုတေသန လုပ်ခဲ့ပါတယ်။”

အပင်ရဲ့အမြစ်တွေ ရှင်သန်ကျန်းမာစေဖို့ လိုအပ်တဲ့ လေရအောင်လည်း (Aeration) လုပ်ပေးရ ပါတယ်။

ဒေါက်တာပဒေသာတင်။ ။ အပင်အမြစ်တွေကို ရေထဲမှာ အကြာကြီးစိုက်ထားလို့ မရဘူူး။ သူ့ကို အောက်ဆီဂျင်ရအောင်လည်း လုပ်ပေးရတယ်။ aeration လို့ခေါ်ပါတယ်။ အပင်တွေ ပေါင်းသင်ပြီးတဲ့အခါ အပင်သန်အောင်ဆိုပြီး အပေါက်တွေ ဖေါက်ပေးရ တယ်။ ဘာလို့လဲဆိုတော့ သူက အောက်ဆီဂျင်ဝင်တော့မှ အောက်ဆီဂျင်နဲ့ သဘာဝရေနဲ့ မြေသြဇာနဲ့ တွဲပြီးတော့မှ အပင်တွေရဲ့အမြစ်တွေက ရှင်သန်တာကိုး။ ဆိုတော့အဲဒါတွေ ရဖို့အတွက်ကို ဘယ်နည်းနဲ့ အောက်ဆီဂျင်ရအောင် လုပ်မလဲ။ ပေးမလဲဆိုတဲ့ နည်းတွေ ကို သုတေသနလုပ်ပါတယ်။”

အာကာသထဲ အပင်စိုက်ဖို့လုပ်တဲ့ သုတေသနတွေကြောင့် ရလာတဲ့အကျိုးနောက်တခုက သဘာဝဝန်းကျင်အတွက်ပါ။

ဒေါက်တာပဒေသာတင်။ ။ အပင်တွေရှိမှလည်း စိမ်းစိမ်းစိုစိုနဲ့နေလို့ရတဲ့ သဘာဝဟာ လူတွေရဲ့ စိတ်ဓါတ်ကို ပိုပြီးတော့ ရွှင်လန်းစေတဲ့အတွက် အပင်အစိမ်းတွေ အများကြီး စိုက်ပေးရမယ်ဆိုတာ သိလာရပါတယ်။ အပင်အစိမ်းစိုက်ပေးရုံတင်မကဘူး၊ အပင်အစိမ်း ကနေပြီးတော့ သူက ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ယူတာ။ ယူပြီးတော့မှ သူက အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတယ်ဆိုတော့ သူက သဘာဝပတ်ဝန်းကျင်ကို အခန်းကြီး တွေ၊ အိမ်ကြီးတွေမှာ ထိန်းသိမ်းပေးထားတဲ့ သဘောတမျိုးပေါ့။

ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍ ကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG