သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသယာဉ်မှုး တယောက်ဖြစ်ဖို့


Astronaut brushing teeth
Astronaut brushing teeth

လူသားတွေ အာကာသထဲ ခုထက်ပို သွားပြီး စူးစမ်းဖို့ လုပ်နေချိန်မှာ အာကာသထဲသွားဖို့ အာကာသယာဉ်မှုး ဖြစ်ချင်တယ် ဆိုရင် ဘာတွေ လိုအပ်တယ် ဆိုတာကို သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

How To Become An Astronaut
please wait

No media source currently available

0:00 0:07:17 0:00
တိုက်ရိုက် လင့်ခ်

လပေါ်လူသားခြေချနိုင်ခဲ့တာ နှစ် ၅၀ ပြည့်သွားချိန်မှာ အမေရိကန်က လပေါ်ကို နောက် ၅ နှစ်မှာ ပြန်ပြီးခြေချဖို့ စီစဉ်နေသလို ခုထက်ပိုပြီး လူသားတွေ အာကာသထဲ သွားရောက်စူးစမ်းဖို့ပါ လုပ်နေတာပါ။ ဒီလိုအချိန်မှာ အာကာသထဲသွားဖို့အတွက် အာကာသယာဉ်မှုး ဖြစ်ချင်တယ် ဆိုရင် ဘာတွေ လိုအပ်တယ် ဆိုတာကို နာဆာ အမေရိကန်အာကာသ စူးစမ်းရေးဌာနက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

အာကာသယာဉ်မှုး ဖြစ်ချင်သူကို နေ့ချင်းညချင်း အာကာသယာဉ်မှုး ဖြစ်လာအောင်တော့ လုပ်မပေးနိုင်ပါဘူး။ လိုအပ်တဲ့ အခြေခံအရည်အချင်း ရှိလာအောင် ပညာနဲ့ အတွေ့အကြုံကို နှစ်ပေါင်းများစွာ ဆည်းပူးရပါတယ်။ European Space Agency - ESA ဥရောပအာကာသ အေဂျင်စီ၊ ဂျပန်က Japanese Aerospace Exploration Agency - JAEA ၊ ကနေဒါက Canadian Space Agency - CSA ၊ ရုရှားက Russioan Federal Space Agency - RFSA နဲ့ တရုတ်က China National Space Administration - CNSA အာကသစခန်းတွေမှာ ရှိတဲ့ အာကာသယာဉ်မှုးတွေ အပါအဝင် ကမ္ဘာတလွှား အာကာသယာဉ်မှုးတယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက်တွေက ဘာပါလဲ။

ဒေါက်တာ ပဒေသာတင်။ ။“အာကာသယာဉ်မှုးအတွက် ရွေးချယ်တဲ့ အခါ အခြေခံ လိုအပ်ချက်တွေကတော့ သိပ္ပံဆိုင်ရာ ဘွဲ့ရရမယ်၊ အင်ဂျင်နီယာဘွဲ့ရရမယ်၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ သင်္ချာဘွဲရသူတွေလည်း အာကာသ ယာဉ်မှုး လျှောက်နိုင်ပါတယ်။ တော်တော်များများဟာ မဟာသိပ္ပံတို့ ပါရဂူဘွဲတွေ ရပြီးသား ဖြစ်ကြပါတယ်။ အနောက်နိုင်ငံ အစိုးရ အတော်များများမှာ ဆိုရင် မိဘက မတတ်နိုင်ဘူး၊ ဆင်းရဲကြတယ် ဆိုရင်လည်း အာကာသယာဉ်မှုး တယောက် ဖြစ်ချင်တယ်ဆို ဒီကလေးသာ ဇွဲရှိရှိ ကြိုးစားရင် သူတို့က အာမခံချက်ပေးပါတယ်။”

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကြည့်ရအောင်ပါ။

ဒေါက်တာ ပဒေသာတင်။ ။“ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကတော့ အာကာသယာဉ်မှုး ဖြစ်ဖို့ အတွက်ဆိုရင် မျက်လုံးအားကောင်းရမယ်၊ အရောင် ကောင်းကောင်း ရွေးတတ်ရမယ်၊ နောက် မျက်မှန်တပ်နိုင်တယ် ဒါပေမယ့် မျက်လုံး စက္ခုအာရုံ သိပ်ကောင်းဖို့ လိုပါတယ်။ နောက် ကျန်းမာရေး ဘယ်လောက်ကောင်းဖို့ လိုသလဲ ဆိုတော့ နှလုံးသွေးခုန်နှုန်းက ၁၄၀ နဲ့ ၉၀ ကြားမှာပဲ ရှိရမယ်။ နောက် အရပ်လည်း ရှိပါသေးတယ်။ အရပ်က ၅ ပေ ၂ လက်မ ကနေပြီးတော့ ၆ ပေ ၃ လက်မ အတွင်းလောက် မှာပဲ ရှိရမယ်။ ဒီ့ထက် အရမ်း အရပ်ရှည်လို့ရှိရင် အာကာသယာဉ်က သေးတဲ့အတွက် နေရာ ထိုင်ဖို့ ကုလားထိုင်က အခက်အခဲ ရှိပါတယ်။

နောက်တခုက စိတ်ပိုင်းဆိုင်ရာသိပ်အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝဖို့ကလည်း လိုအပ်ပါတယ်။ ဥပမာ အားဖြင့် လပေါ်ရောက်ချင်တယ် ဆိုတဲ့ စိတ်နဲ့ သွားကြတာလေ။ ကိုယ်မရောက်ဖူးတဲ့ နေရာ ကိုယ်သိချင်တယ်၊ မြင်ချင်တယ်၊ ဆိုတာပေါ့၊ အဲဒီတော့ သိချင်စိတ်၊ တတ်ချင်စိတ်က အရေးအကြီးဆုံးပဲ၊ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ နောက် အဖွဲ့အသင်းနဲ့ အပေါင်းအသင်းတွေနဲ့ စုပြီး အလုပ်လုပ်နိုင်တဲ့ အရည်အချင်း ရှိရမယ်။ နောက်တခုက ခေါင်းအေးအေးထားပြီးတော့ စဉ်းစားနိုင်တာ၊ ဖြတ်ထိုးဉာဏ်ကောင်းတာ အဲဒါမျိုးကို သိပ်ပြီးတော့ လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက် လိုအပ်တဲ့ အရည်အချင်းပေါ့။”

လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်စုံသူကို အာကာသယာဉ်မှုးအဖြစ် ရွေးချယ်ပြီးရင်တော့ သင်တန်းတွေပေးပါတယ်။

ဒေါက်တာ ပဒေသာတင်။ ။“ကျနော်ခုန ပြောခဲ့တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတာနဲ့ ချက်ချင်း အာကာသယာဉ်မှုး တန်းမဖြစ်သွားပါဘူး။ နှစ်ပေါင်းများစွာ လေ့ကျင့်ရပါတယ်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်း အကြောင်း အခုဆိုသူတို့ သင်တန်းတက်ရပါတယ်။ အရင်တုန်းကတော့ မတက်ခဲ့ရပါဘူး။ အဲဒီစခန်မှ မရှိသေးတာ။ ဒါပေမယ့် အာကာသယာဉ် အပြင်မှာ ထွက်ပြီး အလုပ်လုပ်မယ် ဆိုရင် ယာဉ်အပြင်ကို ထွက်လိုက်တာနဲ့ လေဟာနယ်ထဲ ရောက်သွားမယ်၊ အဲဒီအခါ အာကာသထဲမှာ ဘယ်လို လမ်းလျှောက်မလဲ၊ space walk ပေါ့။ အဲဒါ လွယ်တဲ့ အလုပ်မဟုတ်ဖူး။ လမ်းပေါ်မှာ လျှောက်သလို မြေကြီးက ဆွဲထားတာ မဟုတ်တဲ့အခါကျတော့၊ အဲဒါကို ကျင့်ဖို့ ဂျက်ဒုံးပျံလေးတွေနဲ့ လမ်းလျှောက်ရပါတယ်။ ရှေ့နောက်ရွှေ့တာတို့၊ ဘာတို့ပေါ့။ ဒါသိပ်အရေးကြီးပါတယ်။ ပြီးတော့ အာကာသ ခရီးသွားတာနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေ၊ စာတွေ့လက်တွေ့ လေ့လာရပါတယ်။ နောက် ရေငုပ်တာ၊ military water survival ရေထဲမှာ အသက်ရှင်အောင် နေတဲ့ စစ်သင်တန်းမျိုး ကိုတက်ခဲ့ရပါတယ်။ နောက် ဒီအာကာသ ယာဉ်ထဲမှာပဲ ဖြစ်ဖြစ်၊ ဒုံးပျံထဲ မှာပဲ ဖြစ်ဖြစ် လေဖိအား ချက်ချင်း ရုတ်တရက် ပြောင်း သွားတယ် ဆိုလို့ရှိရင် ဒီ ဖိအားနဲတာ၊ ဖိအားများတာကို ခံနိုင်အောင် လေ့ကျင့်ရ ပါတယ်။ parabolic flight လို့ခေါ်တဲ့၊ လေယာဉ်ပျံကို ဇောက်ထိုး မိုးမျှော် ပျံပြီး ဆွဲအားမဲ့တဲ့ အခြေနေထိ ရောက်သွားတဲ့ အခါမှာ သူက ကမ္ဘာ့ဆွဲအား မရှိပဲနဲ့ မျောသွားတယ။ တမိနဟ် ၂ မိနစ်လောက်။ ပြီးတဲ့အခါ လေယာဉ်ပျံက အောက်ကို ပြန်ကျပြီးတော့ ပြန်ထိုး အတက်မှာ ဆိုရင် ကမ္ဘာ့ဆွဲအားရဲ့ ၃ ဆ၊ ၄ ဆ လောက် မြင့်တဲ့ ကမ္ဘာ့ဆွဲအားအထိ ရောက်သွားအောင် ဆွဲတင်သွားတဲ့ အားမျိုးကို ခံနိုင်ရမယ်။ ”

သင်တန်းတွေမှာ အောင်မြင်သူကို Mission control နိုင်နိုင်နင်းနင်း ထိန်းနိုင်ဖို့ စပြီးလေ့ကျင့် သင်ကြားပေးပါတယ်။

ဒေါက်တာ ပဒေသာတင်။ ။“ဒီသင်တန်းတွေ အောင်ပြီးတော့ လက်မှတ်ရပြီးတာနဲ့ နောင်နှစ်အတော်ကြာအထိပေါ့နော်၊ ကျနော်တို့ Mission Control Center ခေါ်တဲ့ Johnson Space Flight Center က Houston မှာရှိပါတယ်။ အဲဒီမှာဆက်ပြီးတော့ ကိုယ်ကာယ လေ့ကျင့်တဲ့ သင်တန်းတွေရော၊ အာကာသ ဒုံးပျံကြီးတခုလုံး လပေါ်ဆင်းတဲ့ဟာကို ဘယ်လိုထိန်းချုပ်သလဲ ဆိုတဲ့ဟာကို နှစ်နဲ့ချီပြီးတော့ သင်ခဲ့ရပါတယ်။ တချို့ဆိုလို့ရှိရင် ရေအောက်မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရပါတယ်။ အဲဒါကို Neutral Buoyancy Laboratory လို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် လပတ်တဲ့ အာကာသယာဉ်လေးကနေ ပြီးတော့မှ လပေါ်ဆင်းယာဉ်ကိုပြောင်း ၊ လပေါ်ရောက်လို့ သူအပြင်ကို ထွက်တော့မယ် ဆိုတဲ့အခါကျတော့ ဒီအာကာသထဲကို ရောက်သွားပြီ။ ကမ္ဘာ့ဆွဲအားရဲ့ ၆ပုံ ၁ပုံပဲရှိတဲ့ လပေါ်မှာ ဘယ်လို လမ်းလျှောက်မလဲ ၊ ဘယ်လိုအသက်ရှုမလဲ။

ဥပမာအားဖြင့် ဒီအမေရိကန် အလံလေးကို ထောင်ဖို့အတွက်ကို တွင်းလေးတူးတာက အစပေါ့ နော်။ ဒါတွေဟာ တော်တော်ကို လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီတော့ အာကာသထဲမှာ တနာရီ လမ်းလျှောက်ဖို့အတွက်ကို ရေအောက်ထဲမှာ ၁၀ နာရီလောက် ကြာကြာ တောက်လျှောက် အလုပ်လုပ်ရပါတယ်။ ဒါ့အပြင် အခုဆိုလို့ရှိရင် ကနေဒါနိုင်ငံမှာ သွားပြီးတော့ သင်တန်းတက်ရ ပါတယ်။ ဒီ အာကာသယာဉ်မှူး တော်တော်များများဟာ။ ဘာကြောင့်လည်းဆိုတော့ အပြည်ပြည်ဆိုင်ရာ အာကာသယာဉ် ဆိုလို့ရှိရင် သူ့ရဲ့အပြင်မှာ စက်ရုပ်လက်ကြီး (Robotic Arms) ရှိတယ်။ အဲဒါကြီးကို အပြင်ထွက်ပြီးတော့ Control လုပ်ဖို့အတွက်ကို သင်တန်းသွားတက် ရပါတယ်။ လေယာဉ်မောင်း ကျွမ်းကျင်မှု သင်တန်းဆိုလို့ရှိရင် စစ်သုံး ဂျက်တိုက်လေယာဉ်ကို နာရီပေါင်း (၁,၀၀၀)ကျော်အထိ သင်တန်းတက်ခဲ့ရပါတယ်။ နောက်ပြီးတော့ အာကာသယာဉ်မှူးတွေ လေ့လာရမယ့် ဘာသာရပ်တွေထဲမှာ mission training ပေါ့နော်။ ဒီအစီအစဉ်ကြီး တခုလုံးကို ဘယ်လို ပြီးမြောက်အာင် လုပ်မလဲ ဆိုတာ အပြင် ဒီအာကာသယာဉ် ဒုံးပျံကြီးထဲမှာ တကယ်ကို မသွားခင်မှာ လဆင်းယာဉ်လို ဟာမျိုးကို ကမ္ဘာပေါ်မှာ တထေရာထဲ ဖြစ်အောင် လုပ်ပြီး ဆင်းတာ တက်တာ၊ မောင်းနှင်တာ၊ လပေါ်ကို ဆင်းတာ၊ လပေါ်ပြန်တက်တဲ့ဟာ၊ အဲဒါတွေကို အကြာကြီးကို ကျင့်ခဲ့ရပါတယ်။”

ဒီလို လေ့ကျင့်မှုတွေအတော်ရပြီ ဆိုရင်တော့ အာကာသထဲ နေမှုထိုင်မှုအတွက် လေ့ကျင့်ရပါတယ်။

ဒေါက်တာ ပဒေသာတင်။ ။“နောက်တခုက အာကာသ ဝတ်စုံကို ဝတ်တတ်အောင် အကျီကို ပြန်လဲတတ်အောင် ဆိုတာက အစ သင်ရပါတယ်။ နောက်တချိန်ထဲမှာပဲ စားရေးသောက်ရေး၊ တပိုတပါးပေါ့နော်၊ အိမ်သာ သုံးတာကအစ လုံးဝ မတူတော့ပါဘူး။ နောက် ရေချိုးတာ ပါပါတယ်။ နောက် ပစ္စည်းတွေ နေရာတကျ၊ သိမ်းတာ၊ ကင်မရာတွေ၊ သုံးတတ်အောင် training တွေကို ပြင်းပြင်းထန်ထန် သင်ယူခဲ့ရပါတယ်။ ကျနော် ပြီးခဲ့တဲ့ တနှစ် ၂ နှစ် လောက်က လုပ်ခဲ့တဲ့ သုတေသန စက် ပေးလိုက်တဲ့ဟာကို အာကာသ ယာဉ်မှုးက ကိုယ်တိုင် ဟိုထဲမှာ သွားပြီးတော့ စက်ကို ပြန်ဆင်ရပါတယ်။ အဲဒါကြောင့် သူ့ကို သေသေချာချာ training ပေးလိုက်ရ ပါတယ်။ ဒီအာကာသ ယာဉ်မှုးက ယာဉ်မောင်းတတ်ရုံတင် မကဘူး၊ ကျနော် တင်ပေးလိုက်တဲ့ စက်ကိုပါ၊ သူကိုယ်တိုင် ပြန်ပြီးတော့ ဟိုမှာ ပြန်ဆင်ရပါတယ်။ ဘာလို့လည်း ဆိုတော့ တစစီ ဖြုတ်ပေးလိုက်ရ တာကို၊ ဟိုပေါ်မှာ ပြန်ဆင်၊ ပြန်တပ် အဲဒီလို လုပ်ရပါတယ်။

ဒေါက်တာ ပဒေသာတင်ပါ။

XS
SM
MD
LG