သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတောင် မြေမပြိုစေဖို့


Thousands of families were displaced across Chin state after heavy rains in July caused massive landslides. (D. de Carteret/VOA)
Thousands of families were displaced across Chin state after heavy rains in July caused massive landslides. (D. de Carteret/VOA)

ချင်းတောင်တန်းပေါ်က ဟားခါး ဝန်းကျင်မှာ မြေပြိုမှုအန္တရာယ် ထပ်ပြီး မကျရောက် စေဖို့အတွက် ထိမ်းသိမ်းမှုတွေ လုပ်နိုင်တယ်လို့ ထိမ်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်ကပြောပါတယ်။

၂၀၁၅ မိုးတွင်းမှာ မိုးသည်းထန်ပြီး မြေပြိုမှုတွေကြောင့် ချင်းပြည်နယ်ထဲမှာ အသက် အိုးအိမ်၊ လမ်း၊ တံတားတွေ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ကြုံခဲ့ရတာပါ။ ရုန်းတောင်စောင်းမှာ တည်ထားတဲ့ ဟားခါးမြို့ဝန်းကျင်ဟာ နောက်တခါ မိုးပြင်းပြင်းထန်ထန်ရွာရင် မြေပြိုမှု တွေ ထပ်ပြီး ကြုံရနိုင်ပါတယ်။

ဒီလိုမြေပြိုမှုတွေ အတွက် ပိုဆိုးစေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကက အောက်ခံမြေ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသရဲ့ မတ်စောက်တဲ့ တောင်စောင်းတွေ ရှိတဲ့ မြေမျက်နှာ သွင်ပြင် အောက်မှာ တိုက်စားဖို့ လွယ်ကူလှတဲ့ အောက်ခံမြေမျိုးရှိနေသလို ရာသီဥတု ဖေါက်ပြန်မှုနဲ့ သည်းထန်တဲ့ မိုးတွေ ထူးထူးခြားခြား ရွာသွန်းလိုက်တဲ့အခါ နဂိုကမှ သတ္တုတူးဖေါ်မှုတွေ ရွှေ့ပြောင်း တောင်ယာတွေနဲ့ သစ်တောတွေပါ ပြုန်းတီးအောင် လုပ်ခဲ့တဲ့ လူတွေကြောင့် အခြေနေကို ပိုဆိုးသွားစေတာ ဖြစ်ပါတယ်။

အဲဒီဒေသမှာ အောက်ခံမြေသားဟာ ရွှံ့များပြီး ဒီရွှံ့တွေဟာ အရွယ်အစား စုံတဲ့ ကျောက်တွေနဲ့ ရောနေတာပါ။ ရွှံ့က ရေကို စုပ်တဲ့အား များပေမယ့် ရေဖြတ်သွားဖို့ ခွင့်မပြုတဲ့အတွက် မိုးရွာတဲ့အခါ ရေကို စုပ်ယူတာမို့ မြေကြီးရဲ့ အလေးချိန်ဟာ ပိုများလာပါတယ်။ အပေါ်က အလေးချိန်များလာပေမယ့် သစ်ပင် သစ်တောတွေ မရှိတဲ့အတွက် ဒီမြေကြီးကို တွန်းတင်ထားနိုင်တဲ့ အား မရှိတော့ပဲ ပြိုဆင်းလာပါတယ်။ ဒီအခါမှာ ရွှ့ံ့နဲ့ ရောနေတဲ့ တွဲဆက်မှု မရှိတဲ့ ကျာက်တုံးတွေလည်း လိုက်ပါလိမ့်ဆင်းလာပြီး လမ်းမှာ စွမ်းအင်တွေ တိုးလာသလို လမ်းမှာတွေ့သမျှကို တွန်းလှိမ့်ပြီး တိုက်စား တာတွေ ဖြစ်စေတာပါ။

ဒီအခြေနေကို ထိမ်းဖို့ လုပ်ဆောင်နိုင်တာတွေက ဘာတွေပါလည်း။

ရွှံ့များတဲ့ မြေမျိုးမို့ မြေကြီးထဲ ရေမဝင်အောင် ကျိုးစားရမှာပါ။ ဒါ့ကြောင့် ရေစီးမယ့် မြောင်းတွေ အဆင့်ဆင့် စံနစ်တကျ လုပ်ပေးဖို့ လိုပါတယ်။ အခုအခါ စည်ပင်သာယာက မြို့ထဲမှာ ရေမြောင်းတွေ လုပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟားခါးမှာ ရှိတဲ့ ရုန်းတောင်ဟာ တစိတ်တပိုင်းပဲ ပြိုကျခဲ့တာမို့ နောက်တခါ မိုးကြီးရင် ထပ်ပြီး ပြိုကျနိုင်တဲ့ အခြေနေ ရှိနေတာပါ။ ဒါ့ကြောင့် ဒီတောင်ကို ထိမ်းသိမ်းဖို့ လိုနေပါတယ်။ အမြင့်ဆုံးနေရာကနေ အနိမ့်ဆုံး နေရာအထိ ရေတွေ စီးဆင်းနိုင်ဖို့ မြောင်းတွေ လုပ်ပေးမှ မြေကြီးထဲ ရေအဝင်နဲအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လမ်းဘေး ရေနုတ်မြောင်းတွေအပြင် တောင်စောင်းက လမ်းမနဲ့ အပြိုင် အမြင့်ဘက်ခြမ်းမှာ အကူရေနုတ်မြောင်းတွေ လုပ်ပေးပြီး လမ်းပေါ် ရောက်လာတဲ့ မိုးရေ ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ကုန်းစောင်း ဆင်ခြေလျှော ပြိုမကျအောင် လူထုနည်းနဲ့ ရေနုတ်မြောင်း တူးတဲ့ ကမ္ဘာ့ဘဏ်ရဲ့ MoSSaIC (Management of Slope Stability in Communities) နည်းတွေ၊ အပြင် သံခြင်းတွေထဲ ကျောက်တုံးတွေထည့် ဆောက်တဲ့ ရေတားနံရံမျိုးတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။

အခု ဟားခါးမှာ ရေတားနိုင်ဖို့ ဆောက်ကြတဲ့ မြေထိမ်းနံရံတွေကြောင့် အခြေနေ ပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ကုန်းစောင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေ အခု ဆောက်နေကြတဲ့ မြေထိမ်းနံရံ တွေဟာ အပေါက် မရှိပဲ အုတ် အင်္ဂတေနဲ့ အခိုင်အမာ ရေမဝင်နိုင်အောင် ဆောက်ထားကြတာမို့ ရေထွက်ပေါက်မရှိပဲ အတွင်းဘက်မှာ ရေကို လှောင်ထားသလို ဖြစ်နေပြီး မြေပြိုမှုကို အားပေးသလို ဖြစ်တာမို့ပါ။ ဒါ့ကြောင့် သံခြင်းတွေထဲ ကျောက်တုံးတွေ ထည့်ပြီး ဆောက်ဖို့ လိုပါတယ်။ ကွန်ကရစ်နဲ့ တွဲဆက်မထားတဲ့ အတွက် ကျောက်ခဲတွေကြားမှာ ဟာနေတဲ့ နေရာတွေ ဖြစ်နေပြီး အတွင်းဘက်မှာ ရေရှိရင် အလွယ်တကူ ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။

လမ်းတွေမှာ ရေမြောင်းတွေ ဖေါက်တဲ့အခါမှာဆိုရင်တော့ မြေကြီးကိုပဲ တူးထားတဲ့ ရေမြောင်းမျိုး မဟုတ်ပဲ ရေစီးတဲ့ နေရာမှာ အုတ်တို့ ကွန်ကရစ်တို့ နဲ့ မြောင်းရေ အောက်ကို စိမ့်မဝင်အောင် ကာကွယ်ပေးဖို့ လိုပါတယ်။ ဒါမှ ရေက အောက်ကိုစိမ့် မဝင်ပဲ အလွယ်တကူ ဖြတ်စီးနိုင်မှာပါ။

နောက်တနည်းကတော့ နိုင်ငံတကာ သုံးနေတဲ့ မြေထိမ်း မြက်ရှည် စိုက်ပေးဖို့ပါ။ Vetiver လို့ခေါ်တဲ့ မြက်တမျိုးကို စိုက်ဖို့ အကြံပေးပါတယ်။ အိန္ဒိယမျိုးရင်း ဖြစ်တဲ့ ဒီမြက်ရဲ့ အမြစ်ဟာ ၃ ပေကနေ ၁၅ ပေလောက်အထိ မြေအမျိုးစားပေါ်မူတည်ပြီး ရှည်ပါတယ်။ ဒီမြက်ကို အတန်းလိုက်စိုက်ထားရင် အုတ်နံရံကြီး တခုလို ဖြစ်သွားတာမို့ သစ်တော မရှိတဲ့ နေရာတွေ သတ္တုတွင်း စွန့်ပစ် ပစ္စည်း ထားတဲ့ နေရာတွေမှာ စိုက်သင့်ပါတယ်။ ဒီမြက်ရဲ့ အားသာချက်ဟာ အမြစ်ရှည်တဲ့ အတွက် မြေကြီးကို ကုပ်အားသန်ပါတယ်။ အတန်းလိုက်စိုက်ထားရင် သဘာဝ မြေထိမ်းနံရံကြီး တခုလို ဖြစ်သွားနိုင်တာမို့ မြေပြိုနိုင်တဲ့ နေရာတွေမှာ စိုက်ပေးနိုင်ပါတယ်။

ဒီမြက်ဟာ သိပ်အသုံးကျတာမို့ တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ဖို့လည်း တိုက်တွန်းပါတယ်။ အရွက်ကို နွားကျွေးနိုင်သလို၊ အမြစ်ကို Vetiver ရေမွှေးထုတ်နိုင် တာမို့ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် အသုံးချနေ ကြတယ်လို့ ထိမ်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော်က ပြောပါတယ်။

XS
SM
MD
LG