သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတနိုင်ငံရဲ့ သဘာဝဝန်းကျင် ထိမ်းသိမ်းရေးမှာ ဒေသခံပြည်သူတွေရဲ့ ကဏ္ဍဟာ အရေးပါပါတယ်။ အသစ်တက်လာမယ့် အစိုးရသစ်က ရေတို - ရေရှည် စီမံကိန်းတွေ ချဆောင်ရွက်တဲ့အခါ ပထမဆုံး ပြည်သူတွေ လတ်တလောခံစားနေရတာတွေ သက်သာစေဖို့ အမြန်လုပ်ဆောင် ပေးစေချင်တယ်လို့ ပြောပါတယ်။

ပြည်သူတွေခံစားနေရတာနဲ့ ပါတ်သက်ပြီး ကျေးလက်နဲ့ မြို့ပြ ၂ မျိုးခွဲပြီ်း တင်ပြပေးရာမှာ ကျေးလက်ပြည်သူတွေ အတွက် အချက် ၆ ချက်လောက် လတ်တလော လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်။ ဒီအထဲက ပထမအချက်အနေနဲ့ မြေယာကိစ္စကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မြေယာ အသိမ်းခံရတာ ပုံစံမျိုးစုံနဲ့ ရှိနေတာမို့ အငြင်းပွါးမှုတွေ မပေါ်ပေါက်စေဖို့ မူတခု သတ်သတ်မှတ်မှတ် ချဖို့ လိုနေပြီး ဒီ့အတွက် နည်းပညာ အထောက်ကူပြုအဖွဲ့ ရဲ့ အကူညီလိုအပ်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေ ထိမ်းသိမ်းထားတဲ့ သစ်တောတွေ၊ ရွာပိုင်တောတွေလို့ သဘာဝ အရင်းအမြစ်တွေကို အကာကွယ်ပေးဖို့ လိုပါတယ်။ အင်းလေးမှာ ပအိုဝ့်တွေ ထိမ်းသိမ်းထားတဲ့ သဘာဝတောဟာ စာရွက်စာတမ်း မရှိတဲ့အတွက် အသိမ်းခံရတာလိုမျိုး မြေပြန့်ဒေသတွေမှာလည်း ကြုံနေရတာပါ။

ဒေသခံပြည်သူတွေ မြေယာပိုင်ဆိုင်မှု ဆိုင်ရာ လုံခြုံစိတ်ချရစေဖို့ အကာကွယ်တွေ ပေးနိုင်တဲ့ မြေယာ ဥပဒေတရပ်လိုနေတာမို့ လက်ရှိ မြေယာဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ပြည်သူ့အသံ ကို တင်ပြပေးမယ့် သမဂ္ဂတွေ ဖွဲ့ခွင့်ပေးထားပေမယ့် လက်တွေ့ မလုပ်နိုင်တဲ့ အနေထားမျိုးမို့ ပြင်ဆင်ဖို့ လိုနေတယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် သဘာဝ ဝန်းကျင်ကို သက်ရောက်မှု ကြီးကြီးမားမား ရှိစေတဲ့ နောက်တချက်က ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး သုံးစွဲမှုဖြစ်ပါတယ်။ သဘာဝမဟုတ်တဲ့ ဓါတုပစ္စည်းတွေ သုံးစွဲမှုရဲ့ အကျိုးအပစ်တွေကို တောင်သူ လယ်သမားတွေ နားလည်အောင် ပညာပေးဖို့ လိုတဲ့အပြင် ပြည်ပက တင်သွင်းတဲ့ ဓါတုပစ္စည်းတွေရဲ့ အရည်အသွေးကို အစိုးရက ထိထိရောက်ရောက် ကန့်သတ်ပေးဖို့ လိုနေပါတယ်။

ကျေးလက်ဒေသအတွက် နောက်အရေးပါတဲ့ အချက်တခုက ရေရရှိရေးဖြစ်ပြီး ရေအတွက် စံနစ်တကျ အရင်းအမြစ်တွေ ထိမ်းသိမ်းဖို့ လုပ်ဆောင်ပေးရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူထု ဝန်ဆောင်မှုတွေကို ကျေးလက်တွေ အထိရောက်ဖို့ လုပ်ပေးရမယ် လို့လည်း အကြံပေးပါတယ်။

ကျေးရွာတွေ အတွက် အခုလို လတ်တလော လုပ်ပေးဖို့အပြင် မြို့ပြတွေ အတွက် လည်း ရေရရှိရေးပြဿနာာ အမှိုက်ပြဿနာ နဲ့ လမ်းတွေမှာ ယဉ်ကြောတွေ ပိတ်ဆို့မှုတွေအတွက် လတ်တလောလုပ်ဖို့နဲ့ ရေရှည်လုပ်ဆောင်ဖို့ လိုအပ်နေတာတွေကို ဆက်ပြီးတင်ပြပေးမှာပါ။

XS
SM
MD
LG