သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်ကို စူးစမ်းဖို့ ဘာကြောင့် ရွေးရသလဲ


A life-size model of the spaceship Insight, NASA's first robotic lander dedicated to studying the deep interior of Mars, is shown at Jet Propulsion Laboratory in Pasadena, California, Nov. 26, 2018.
A life-size model of the spaceship Insight, NASA's first robotic lander dedicated to studying the deep interior of Mars, is shown at Jet Propulsion Laboratory in Pasadena, California, Nov. 26, 2018.

စင်္ကြာဝဌာတခွင်က ထင်ရှားတဲ့ဂြိုဟ်တွေထဲမှာ အင်္ဂါဂြိုဟ်ကို သေသေချာချာ စူးစမ်းလေ့လာဖို့ အာကာသသိပ္ပံပညာရှင်တွေ ရွေးချယ်ခဲ့ကြပါတယ်။ ဘာ့ကြောင့်ပါလဲ။ NASA က သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

စင်္ကြာဝဌာတခွင်က ထင်ရှားတဲ့ဂြိုဟ်တွေထဲမှာ အင်္ဂါဂြိုဟ်ကို သေသေချာချာ စူးစမ်းလေ့လာဖို့ အာကာသသိပ္ပံပညာရှင်တွေ ရွေးချယ်ခဲ့ကြပါတယ်။ ဘာ့ကြောင့်ပါလဲ။ NASA က သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

ဒေါက်တာပဒေသာတင်။ ။“သိပ္ပံပညာရှင်တွေသာမကပဲနဲ့ သာမန်လူတွေ သိချင်တဲ့ မေးခွန်းကတော့ ကမ္ဘာအပြင် ဒီစင်္ကြာဝဌာထဲမှာ သက်ရှိသတ္တဝါတွေ ရှိပါသလား ဆိုတာကို အဖြေရှာနေတာ ဖြစ်ပါတယ်။ အဓိက အားဖြင့်ကတော့ အင်္ဂါဂြိုဟ်ကို ပိုပြီးတော့ လေ့လာချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ဘာကြောင့်လည်း ဆိုရင် အင်္ဂါဂြိုဟ်ရဲ့ ရေမြေရာသီဥတု၊ ဓါတ်သဘာဝတွေက ကမ္ဘာကနေ သွားပြီး လေ့လာဖို့အတွက် အဆင်အပြေဆုံး ဖြစ်နိုင်မယ်လို့ မှန်းဆပြီးတော့လေ့လာတာ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်ကို လူတွေ ရောက်ဖို့အတွက် နောက် ဆယ့်ငါးနှစ် အနှစ် ၂၀ မှန်းထားပြီး လေ့လာမှုတွေ အများကြီး လုပ်နေတဲ့ထဲမှာ အင်္ဂါဂြိုဟ်ဆင်းယာဉ်၊ အင်္ဂါဂြိုဟ်ရဲ့ အထက် မိုင်တရာ့ငါးဆယ်၊ ၂၀၀ လောက်ကနေ ပတ်ပြီးတော့ လှည့်တဲ့ ဂြိုဟ်နဲ့ စူးစမ်းလေ့လာနေတာ တော်တော်ကို ခရီးရောက်နေပါပြီ။ လောလောဆယ်တော့ အင်္ဂါဂြိုဟ်ပေါ်မှာ ဆက်ပြီးတော့ သုတေသန လုပ်နေတဲ့ curiosity စက်ရုပ်ကလေးက သိပ္ပံ အချက်အလက်နဲ့ တိုင်းတာမှုတွေကို ပို့ပေးနေတုန်း ရှိပါသေးတယ်။ တိုင်းတာမှုတွေ အရဆိုရင် သက်ရှိတွေရဲ့ ဓါတုပေါင်းစပ်မှု ဖြစ်နိုင်တဲ့ complex organism တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ထဲမှာ ”

သက်ရှိဖြစ်တည်နိုင်တဲ့ အလားအလာရှိနေတဲ့ ဒီအင်္ဂါဂြိုဟ်ရဲ့ အနေအထားက ကမ္ဘာနဲ့ ဘယ်လို ကွာပါသလဲ

ဒေါက်တာပဒေသာတင်။ ။“တခြားဂြိုဟ်တွေနဲ့ မတူပါဘူး။ သွားရမယ့် ခရီးက ဝေးပေမယ့် ကျန်တဲ့ တခြားဂြိုဟ်တွေနဲ့ စာလို့ရှိရင် အများကြီး နီးပါသေးတယ်။ အင်္ဂါဂြိုဟ်ရဲ့ လေထုက ကမ္ဘာ့လေထု ဖိအားရဲ့ ၁ % ပဲ ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အင်္ဂါဂြိုဟ်က ကမ္ဘာရဲ့ အချင်းရဲ့ တဝက်လောက်ပဲရှိပြီးတော့ ကမ္ဘာ့ရဲ့ အလေးချိန် ဒါမှမဟုတ် သိပ်သည်းမှု ပမာဏနဲ့ တွက်ရင် ၁၀% ပဲ လေးပါတယ်။ ဒါ့ကြောင့် အလေးချိန် အရွယ်ပမာဏက အစသေးလှတဲ့အတွက် ကမ္ဘာ့ ဆွဲအားရဲ့ ၃၇% လောက်ပဲ ရှိပါတယ်။ ကမ္ဘာပေါ်မှာ လေထု ဆိုတာက အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ရှိတာမျိုး၊ အင်္ဂါဂြိုဟ်ပေါ်မှာက ဒီလို မရှိပါဘူး။ ဥက္ကာပျံတွေရယ်၊ နေကလာတဲ့ အန္တရာယ်ကျရောက်နိုင်တဲ့ ဓါတ်ရောင်ခြည်တွေ အများကြီး ပါတာရယ်၊ လေထုဖိအား သိပ်နဲတဲ့အတွက် ပေါ့ပါးတဲ့ လေဖြစ်တဲ့ ဟိုက်ဒရိုဂျင်တို့၊ အောက်ဆီဂျင်တို့လို ဟာမျိုး အများကြီး မရှိနိုင်ပါဘူး။”

အင်္ဂါဂြိုဟ်ကို လေ့လာဖို့ အဆင်အပြေဆုံး ဖြစ်စေတဲ့ အကြောင်းရင်းက ဘာပါလဲ

ဒေါက်တာပဒေသာတင်။ ။“ကမ္ဘာပေါ်မှာ ၃၆၅ ရက်မှာ တနှစ် သတ်မှတ်ထားလို့ရှိရင် အင်္ဂါဂြိုဟ်ဟာ ရက် ၇၀၀ နီးပါးကြာတော့မှ နေကို တပတ်ပတ်ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာက ၂၄ နာရီကို တရက်သတ်မှတ် ထားတဲ့ ကမ္ဘာရဲ့ မိမိဝင်ရိုးပေါ်မှာ လည်နှုန်းအတိုင်းပဲ သူလည်း ၂၄ နာရီနီးပါးလောက်မှာ တပတ် ပတ်မိပါတယ်။ နောက်တခုကလည်း သူ့ဝင်ရိုးကလည်း ကမ္ဘာလိုပဲ စောင်းနေပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ ဝင်ရိုးက ကမ္ဘာလိုပဲ စောင်းပြီး ပတ်နေတဲ့ အခါကျတော့ ဒီ ဘဲဥပုံ လမ်းကြောင်း အတိုင်း နေကို ပတ်နေတဲ့ အတိုင်း လည်နေတဲ့ အတွက် ရာသီဥတု အပြောင်းအလဲတွေ ရှိပါတယ်။ အဲဒါကြောင့် လေ့လာဖို့အတွက် ပိုပြီးတော့ အဆင်ပြေမယ်၊ ပိုပြီးတော့ စိတ်ဝင်စား စရာ ကောင်းမယ်လို့ တွက်ကြတာပါ။

နောက် ကမ္ဘာ့ရဲ့ မြေမျက်နှာပြင်က သမုဒ္ဒရာ ရေနဲ့ ဖုံးလွှမ်းနေတာက ၇၅ % လောက်ရှိပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ကတော့ အတော်ကို ခြောက်သွေ့တယ်။ နောက်ပြီးတော့ အနီရောင် ကြီး မြင်ရတယ်လေ။ ကမ္ဘာကနေ လှမ်းကြည့်တဲ့အခါ။ ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့ မြေမျက်နှာပြင်မှာ သံအောက်ဆိုက် အများဆုံး ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ ဝင်ရိုးစွန်းမှာ ဆိုလို့ရှိရင် ရေရှိနိုင်တဲ့အတွက် သက်ရှိ ရှိရမယ်လို့တွက်ထားပြီး တခြားဂြိုဟ်တွေမှာ သက်ရှိမရှိ ရှာပုံတော် ဖွင့်ရာမှာ အဆင်အပြေဆုံး ဖြစ်ပါတယ်။”

အင်္ဂါဂြိုဟ်မှာ သက်ရှိ ရှိနိုင်တဲ့ အထောက်ထားတွေ ရထားပါတယ်။ ၂၀၁၈ ဇူလိုင်လတုန်းက အင်္ဂါဂြိုဟ် မျက်နှာပြင်အောက်မှာ ဆားဓာတ်ပါတဲ့ အရည်ဖြစ်ပုံရတဲ့ နေရာတခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ တွေ့ဖို့အလားအလာ ပိုတိုးလာတာပါ။ ၂၀၀၃ ခုနှစ်ကလွှတ်တင်ထား တဲ့ Mars Express ဂြိုဟ်ပတ်ယာဉ်ငယ်ရဲ့ ရေဒါကိရိယာကနေတဆင့် အင်္ဂါဂြိုဟ် တောင်ဝင်ရိုးစွန်းမှာ အချင်း ၁၂ မိုင်ကျော်ကျယ်တဲ့ နေရာတခုကို ရှာဖွေတွေ့ရှိတာပါ။

ဒါပေမယ့် လူသားတွေ အသက်ရှင်သန်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင် ကောင်းကောင်း မရှိသလို အင်္ဂါဂြိုဟ်ပေါ်မှာ အပူအအေးကလည်း သိပ်ကွာခြားပါတယ်။

ဒေါက်တာပဒေသာတင်။ ။“အင်္ဂါဂြိုဟ်ရဲ့ လေထုက ပါးလွှာသလို ကမ္ဘာပေါ်မှာ ၇၀ % က နိုက်ထရိုဂျင်၊ အောက်ဆီဂျင်က ရာခိုင်နှုန်း ၂၀ ရှိပေမယ့်၊ အင်္ဂါဂြိုဟ်မှာက ကာဗွန်ဒိုင်အောက်ဆိုက်က ၉၆ % မြေမျက်နှာပြင်မှာ အများဆုံး ရှိပါတယ်။ အဲဒီတော့ ဘယ်နည်းနဲ့မှ ဒီ လူသတ္တဝါလို အောက်ဆီဂျင် ကိုရှုပြီး အသက်ရှင်နိုင်မယ့် သက်ရှိ သတ္တဝါမျိုးကတော့ မရှိနိုင်ပါဘူး။ အောက်ဆီဂျင်နဲ့ ရေငွေ့က မဆိုသလောက် တိုင်းထွာလို့ ရပြီး၊ ဒီအာဂွန်၊ နိုက်ထရိုဂျင်က ၂ % ပဲ ရှိပါတယ်။ အပူချိန်အားဖြင့် ကမ္ဘာပေါ်မှာ ပျမ်းမျှ အပူချိန်က ၁၈ ဒီဂရီ စင်တီဂရိတ်၊ ကျနော်တို့ လူတွေ သတ္တဝါတွေ အသက်ရှင်နိုင်တဲ့ အပူချိန် ပေါ့နော်။ အင်္ဂါဂြိုဟ်က အပူချိန်က အနှုတ် ၄၆ ဒီဂရီ စင်တီဂရိတ် ပျမ်းမျှ ရှိပါတယ်။ နောက်ပြီး ရာသီဥတု အပြောင်းအလဲ ဖြစ်သွားတဲ့ အချိန်မှာ ဆောင်းအချိန်မှာဆို အနှုတ် ၁၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီးတော့ အပူဆုံး အချိန်ကတော့ ဒီဂရီ ၃၅ နဲ့ ၄၀ ဒီဂရီ ကြားလောက် ပူလှ ပါတယ်။”

အင်္ဂါဂြိုဟ်ကို သွားဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်နိုင်အောင် စူးစမ်းမှုတွေ လုပ်နေဆဲပါ။

ဒေါက်တာပဒေသာတင်။ ။“အင်္ဂါဂြိုဟ်ကို အရင်ကတည်းကလည်း အများကြီး လွှတ်တင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါဂြိုဟ်ဆင်းယာဉ်လေးတွေ ဆင်းသက်ဖို့ အတွက်က အလွန်တရာမှ ခက်ခဲတဲ့ ပညာရပ် တခုပါ။ အဲဒါကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မေလလောက်မှာ အင်္ဂါဂြိုဟ်ကို ဆင်းတဲ့ Insight ဆိုတဲ့ ဂြိုဟ်ဆင်းယာဉ်ကို လွှတ်တင်ခဲ့ပါတယ်။ နိုဝင်ဘာ- ဒီဇင်ဘာလ လောက်မှာ ရောက်သွားပါပြီ။ အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်ပြီးချိန်မှာ လောလောဆယ်တော့ အင်္ဂါဂြိုဟ်ရဲ့ လေတိုက်နှုန်းတွေ၊ အပူချိန်တွေကိုပဲ စတိုင်းနေပါတယ်။ ဒါပေမယ့် Insight ဆိုတဲ့ ဂြိုဟ်ဆင်းယာဉ်မှာ seismometer လို့ခေါ်တဲ့ စက်နဲ့ ငလျင်လှုပ်တဲ့အခါ၊ ဥက္ကာပျံတွေအရှိန်နဲ့ ကျတဲ့အခါ မျက်နှာပြင်အောက်က တုန်ခါမှုတွေကို ၂ နှစ်တိတိ တိုင်းတာမှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဗီဒီယိုတို့ ဘာတို့ပဲ ပို့တုန်း ရှိပါတယ်။ Insight ဆိုတဲ့ ဂြိုဟ်ဆင်းယာဉ်မှာ heat flow လို ရုပ်သဘာဝတွေကို လေ့လာတဲ့ စက်တွေလည်း ပါသွားပါတယ်။ အဲဒီတော့ အင်္ဂါဂြိုဟ်ရဲ မြေမျက်နှာပြင်ကို အဲဒီစက်က တဖြေးဖြေး တူးသွားပါမယ်။ တခါ တူးလို့ရှိရင် ၂ ပေလောက်တူးတယ်။ သူက တူကလေးတခုနဲ့ ရိုက်ရိုက်ပြီး တူးတဲ့အတွက် မြေမျက်နှာပြင် တုန်ခါသွားတာပေါ် မူတည်ပြီး seismometer လို့ခေါ်တဲ့ စက်နဲ့ တုန်ခါမှုပေါ်မူတည်ပြီး မြေကြီး အတွင်းထဲ ဘာပစ္စည်းတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာကို တနည်းတလမ်းနဲ့ ပြန်တိုင်းမှာ ဖြစ်ပါတယ်။ ၁၆ ပေလောက် အထိကို အင်္ဂါဂြိဟ်ရဲ့ အတွင်းပိုင်း ဘူမိဗေဒ၊ သဘာဝ ကိုလေ့လာဖို့ တိုင်းတာမှာ ဖြစ်ပါတယ်။”

ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG